Wednesday, April 11, 2012

ဘိုနတ်သ်





ဘိုနတ်သ်

ဘိုနတ်သ်ဆိုတာ သရဲပေါ့။ Lord of Ghosts ဆိုလား ၀ီကီမှာတွေ့တယ်။ Bhoothnath ဆိုတာလည်း အိန္ဒိယဇာတ်ကားပါပဲ။ လွန်ခဲ့တဲ့သုံးနှစ်လောက်က မလေးရှားသွားလည်ရင်း အဲဒီမှာကြည့်ခဲ့တဲ့ကားပဲ။မနေ့ညက နောက်တစ်ခါပြန်ကြည့်ဖြစ်တယ်။ မြန်မာတွေနဲ့ရင်းနှီးတဲ့ အမီတာဘဂျမ်းတို့ ရှရွတ်ခန်းတို့ပါပါတယ်။

မိန်းမသေသွားတဲ့ အိမ်မှာ တစ်ယောက်တည်းနေရတဲ့အဘိုးကြီး လှေကားပေါ်ကပြုတ်ကျပြီး သေရာက သရဲဖြစ်နေတယ်။ အဲဒီသူရဲက အမီတာဘဂျမ်းပေါ့။ နောက်တော့ ရှရွတ်ခန်းတို့မိသားစုက အဲဒီအိမ်မှာ လာနေရာက ဒီဇာတ်လမ်းလေးဖြစ်လာတယ်။ ရှရွတ်ခန်းကို ပိုက်ဆံမပေးနိုင်လို့ထင်တယ်။ ဒါရိုက်တာက ၁၅ မိနစ်လောက်ပဲထည့်သုံးတယ်။ သင်္ဘောသားအဖြစ်ခရီးထွက်နေတာ ဇာတ်လမ်းအစကတည်းကပဲ။ ဇာတ်လမ်းဆုံးခါနီးမှပြန်ရောက်လာတယ်။ အဲဒါဟာလည်းပညာပဲ။ မြန်မာဇာတ်လမ်းတွေမှာ အဲဒီလို မင်းသားစရိတ်ချွေတာလို့ရတယ်။

အဓိကဇာတ်ဆောင်က ရှရွတ်ခန်းရဲ့သားအဖြစ်သရုပ်ဆောင်တဲ့ Banku လို့ ချစ်စနိုးခေါ်တဲ့ ကောင်လေးပဲ။(Aman Siddiqui)။ သူ့နာမည်က အဲဒီကားမှာလည်း Aman ပဲ။ ဒါပေမယ့် အားလုံးက ဘန်ကုလို့ပဲခေါ်ကြတယ်။

ဒီဇာတ်ကားနဲ့ပတ်သက်ပြီး သဘောကျတာလေးနှစ်ခုသုံးခုလောက်ရှိတယ်။ လူကြီးမိဘတွေနဲ့ တစ်သက်လုံးခွဲနေကြတဲ့သားသမီးတွေအတွက် စဉ်းစားစရာလေးတွေရစေတယ်။ အဲဒီမှာတော့ ဘိုနတ်သ် ရဲ့သားအကြောင်းမှာတွေးစရာလေးတွေပါတယ်။ အမေရိကားကို ပညာသင်ဖို့လွှတ်လိုက်တယ်။ အဲဒီမှာ မိန်းမရပြီး ပြန်မလာတော့ဘူး။ သူ့အမေက သားကို သတိတရနဲ့ စောင့်နေတယ်။ ပြတင်းပေါက်ကနေမျှော်တယ်။ တယ်လီဖုန်းမျှော်တယ်။ အမေရိကားရောက်နေတဲ့သားတော်မောင်ကတော့ အားလုံးကိုမေ့နေတာပဲ။ အမေရိကားရောက်နေတာကို ပြချင်ရင်လွယ်လွယ်လေးဆိုတာ ဒီကားကနေ သိနိုင်တယ်။ စခထရီကောင်မလေးက လှေကားမှာ အလုပ်ကိစ္စအတွက် ဆိုင်းထိုးခိုင်းနေတာကို ပြလိုက်ရုံပဲ။ ဒါဟာ ကုန်ကျစရိတ်ချွေတာနေတဲ့ မြန်မာ့ရုပ်ရှင်လုပ်ငန်းအတွက်တော့ အတုယူစရာ အကွက်ပဲ။

ဘိုနတ်သ်က သူ့မိန်းမကိုယ်တိုင် အလှဆင်ခဲ့တဲ့ အိမ်ကို စွဲပြီး သရဲဖြစ်တာပဲ။ အမှန်တော့ ပြိတ္တာဖြစ်တာဖြစ်မယ်။ တန်ခိုးတွေဘာတွေလည်းရှိတယ်။ အဲဒီအိမ်ကိုပဲစွဲနေတာ။ ဘယ်သူမှ လာနေလို့မရအောင် ခြောက်လှန့်တယ်။ ဘန်ကုကတော့ မကြောက်ဘူး။ သူကလည်း သူ့အဘိုးသေထားတာနဲ့ အဘိုးကြီးသရဲကိုခင်နေတယ်။ နောက်တော့ သူ့အမေပြောထားတဲ့ Ghost ဆိုတာမရှိဘူး။ Angel ပဲရှိတယ်ဆိုတာကိုလည်း သူမှတ်ထားပြီး သရဲကို Angel ထင်ပြီးခင်တယ်။ မိတ်ဆွေဖွဲ့တယ်။ သရဲနဲ့ခင်တယ်။ ကကြတယ်။ သီချင်းဆိုတယ်။ မြေးအဖိုးအချစ်ကိုတွေ့ရတယ်။ ကိုယ်တိုင်ကတော့ အဖိုးတွေနဲ့မနေခဲ့ရတော့ အဖိုးတွေချစ်စရာကောင်းမကောင်းမသိခဲ့။ သရဲအဖိုးကတော့ တော်တော်လေး ကရုဏာရှိတယ်။

အထူးပြုလုပ်ချက်တွေလည်းကောင်းတယ်။ သပ်ရပ်တယ်။ လူပိုသိပ်မပါပေမယ့် ရသမြောက်တယ်။ အဲဒါကလည်း မြန်မာကားတွေကို မြန်ကောင်းသက်သာ ရိုက်ဖို့လိုအပ်တဲ့ပရိယာယ်ပဲ။ ဟာသတွေကလည်း ရိုးရိုးလေးရဲ့ ရယ်ရတယ်။ ကလိထိုးဟာသတွေမပါဘူး။ သရဲဘိုနတ်သ်နဲ့ ကောင်လေး ဘန်ကု တွေ့တဲ့အခန်းမျိုးဟာ မြန်မာပရိတ်သတ်သေချာပေါက်ကြိုက်မယ့်ဟာသခန်းလေးတွေပဲ။ နောက်တစ်ခုက ဇာတ်လမ်းကို မသိမသာလေးမှီးလိုက်ရင် ဇာတ်လမ်းအတွက် ၀တ္ထုဝယ်ရတဲ့ပိုက်ဆံ ၅ သိန်းလောက်သက်သာသွားနိုင်သေးတယ်။ မြန်မာဆန်အောင်ပြောင်းစရာလည်းသိပ်မလိုဘူး။ အိန္ဒိယနဲ့မြန်မာကားက ရုပ်ရှင်ပေါ်ဦးစကတည်းက ခပ်ဆင်ဆင်ထွက်တယ်။ အထူးပြုလုပ်ချက်တွေကိုတော့ မီဖို့ ခက်သေးတယ်။ အဲဒါတွေကိုလည်း ထွေထွေထူးထူး မစဉ်းစားနေနဲ့။ မူရင်းကားနဲ့ ကာလာခပ်ဆင်ဆင်တွေရိုက်ပြီး ဖြတ်ညှပ်ကပ်လုပ်လိုက်ရင်ဖြစ်တယ်။ ပိုတောင်မှ သပ်ရပ်သွားဦးမယ်။

ကျောင်းအုပ်ဆရာကြီးကလည်း ရယ်စရာကောင်းအောင်ဖြည့်လိုက်တဲ့အကွက်ပဲ။ ဇာတ်ပို့ကောင်းရင် ဇာတ်လမ်းပိုကောင်းလာတာပဲ။ ကလေးတွေကို မသိမသာလေး သင်ပေးလိုက်တာလေးတွေလည်းပါတယ်။ အဲဒါလေးတွေက အဆင့်မြင့်တယ်။ အတုံးအတစ်လိုက်ပေးတာမျိုးက ဘယ်သူမှ နားမထောင်ချင်ဘူး။ ပါးပါးလေး ပေးလိုက်တာ ကလေးတွေဆီရောက်သွားနိုင်တယ်။ ကြည့်မရတာတော့ တချို့မိဘတွေဟာ အင်မတန် ကလေးကို ညှင်းပမ်းတဲ့မိဘတွေပဲ။ စိတ်မထင်ရင် ပါးရိုက်ပစ်လိုက်တာတွေ့ရတယ်။ မြန်မာမျက်စိနဲ့တော့ အင်မတန်ရိုင်းတာပဲ။ လူမဆန်ဘူးလို့တောင်ပြောနိုင်တယ်။ စင်ကာပူမှာလည်းတွေ့တယ်။ တရုတ်မတစ်ယောက် Fair Price မှာ ကလေးကကြမ်းပြင်မှာ ခြင်းတောင်းကိုတွန်းပြီးဆော့နေတာ ပြောမရလို့ဆိုပြီး လက်နဲ့သုံးခါရိုက်ပြီး ခြေထောက်နဲ့နှစ်ချက်ဆင့်ကန်လိုက်သေးတာတွေ့ရတယ်။ ကိုယ့်သားသမီး ကိုယ်ဆုံးမပိုင်ခွင့်ဆိုတာကြီးကို အလွဲသုံးစားလုပ်နေတာပဲ။ စိတ်မရှည်တဲ့သူတွေရဲ့ သားသမီးဖြစ်ရတာ ငရဲကို လူ့ပြည်မှာ အချိန်ပိုကျခံနေရတာမျိုးပဲနေမှာ။ အခုနကလေးကို နှစ်ချက်ဆင့်ကန်လိုက်တဲ့အမေကိုလည်း သူ့အမေက နှစ်ချက်ဆင့်ကန်ခဲ့မှာပဲလို့တောင်တွေးမိသေးတယ်။ ဒါမျိုးတွေမကြာမကြာတွေ့မြင်ရတယ်။ ဇာတ်လမ်းထဲမှာလည်း လက်ယဉ်ယဉ်နဲ့ပါးရိုက်လိုက်တာပဲ။ ကိုယ့်ကိုယ်ကို မိဘဖြစ်ဖို့ အဆင်သင့်မဖြစ်သေးဘူးထင်ရင် ကလေးမယူတာကောင်းတယ်ထင်တာပဲ။

ကလေးတစ်ယောက်ဆီမှာ မေတ္တာ၊ကရုဏာနဲ့ တာဝန်သိစိတ်တွေရှိနေတယ်ဆိုတာလေးကို ဒီကားမှာပြတယ်လို့ထင်မိတယ်။ မိဘဂန်းစတားတွေသေချာကြည့်သင့်တယ်။

ဘိုနတ်သ်ရဲ့သားကတော့ ဗီလိန်ပဲ။ အမေသေလို့ပြန်လာတာတောင် အဖေ့အိမ်ကို ရောင်းခဲ့ဖို့ကြံတယ်။ သားသမီးတွေဟာ မိဘရဲ့စိတ်ကို နားလည်ဖို့မကြိုးစားကြတော့ဘူးဆိုတဲ့ ခေတ်ရဲ့ပုံရိပ်ကို ထင်ဟပ်တယ်လို့ထင်တယ်။ ရုပ်ရှင်ကားလေးတစ်ကားပေမယ့် ဒီကားကိုကြည့်ပြီး ဘ၀တွေကိုလည်းမြင်ရတယ်။ အဲဒါကို အနုပညာလို့ထင်တယ်။ အနုပညာဟာ တစ်ဆင့်ဆက်သွားစရာ စိတ်နယ်မြေကို လမ်းညွှန်တယ်။

ကလေးလေးကပြိုင်ပွဲမှာ သရဲ ဘိုနတ်သ်အကူအညီနဲ့နိုင်ချင်တယ်။ ဒါကို ဘိုနတ်သ်က မကူညီဘူး။ မျှမျှတတယှဉ်ပြိုင်ပြီး နိုင်တာကို တန်ဖိုးထားဖို့သင်ပေးတယ်။ အဲဒါဟာ ကလေးတွေအတွက်အရေးကြီးတယ်။ ဒီနေရာမှာတွေးမိတာက ကိုယ့်သားသမီးကို စူပါမန်းဖြစ်စေချင်တဲ့မိဘတွေဟာ သားသမီးရဲ့တကယ့်အရှိကို လက်ခံဖို့သိပ်ခက်တယ်လို့လည်းထင်မိတယ်။ ကိုယ့်သားသမီးမှာ ဘယ်ဘက်မှာ ပါရမီပါပြီး၊ ဘယ်ဘက်မှာ သူမစွမ်းဆောင်နိုင်ဘူးဆိုတာ သိဖို့လိုတယ်။ အဲဒါကိုမသိရင်တွန်းတယ်။ တွန်းတာများသွားရင် ကလေးက စိတ်လေသွားတယ်။ လေရင် ဘာလုပ်မလဲ။ ငေးမယ်။ ကလေးတွေ စိတ်မ၀င်စားနိုင်တော့ဘဲ ငေးနေရင် စိတ်ဒဏ်ရာရနေတာပဲ။ ကလေးတွေ ဆော့ဖို့လိုတယ်။ ပျော်အောင်နေဖို့လိုတယ်။ အားချိန်လေးလည်းရှိဖို့လိုတယ်။ ထိန်းကျောင်းပုံမဟုတ်တဲ့ မိဘတွေကြောင့်ပဲ ကလေးတွေဟာ သိမ်ငယ်စိတ်တွေနဲ့နေကြရတာများလာတယ်ထင်တယ်။

နောက်ဆုံးခန်းလေးကလည်း လှလှပပပဲ။ ရှရွတ်ခန်းက သူ့သားကို စိတ်ရှည်လက်ရှည်နဲ့ရှင်းပြတာလေးလည်းမဆိုးဘူး။ ကလေးတွေ မသိနိုင်ဘူးဆိုပြီး မင်းမသိနိုင်သေးဘူးဆိုပြီးပြောတဲ့မိဘတွေမဟုတ်တာကြည့်ကောင်းတယ်။ Salvation ကို ကလေးတွေ အတန်းတက်သွားသလို ဥပမာနဲ့ရှင်းပြတယ်။ ကလေးလည်းကျေနပ်သွားတယ်။ သူချစ်တဲ့အဘိုးကို အဆင့်မြင့်တဲ့ ကြယ်နတ်သားဖြစ်တော့မယ်ဆိုပြီးလည်းပျော်သွားတယ်။ ကလေးတွေပျော်နေတာ ကြည့်လို့ပိုကောင်းပါတယ်။ စိတ်ပင်ပန်းနေတဲ့ကလေးတွေကိုမြင်ရရင်တော့ သနားမိတယ်။

ဘိုနတ်သ်ကို ကျွတ်အောင် မြန်မာလိုဆို ပရိတ်ရွတ်ပေးတယ်။ ဟိန္ဒူလိုဆိုရင်တော့ ဘာလုပ်တယ်ခေါ်လဲမသိဘူး။ ဆုတောင်းပွဲလေးလုပ်တယ်။ သူ့ရဲ့သားမိုက်ကြီးလည်းပြန်လာတယ်။ နောင်တတွေနဲ့။ ဇာတ်သိမ်းကတော့ အားလုံးကောင်းပါသည်ဆိုတဲ့ဇာတ်သိမ်းမျိုး။ တော်တော်လေးလှလှပပပဲ။

သရဲပေမယ့်ကြောက်စရာမကောင်းတဲ့သရဲလည်းရှိတယ်။
အဲဒီကားမှာ ဘိုနတ်သ်က ဘန်ကုကိုပြောတာလေးကြိုက်တယ်။ ငါ Angel ဟုတ်မဟုတ်တော့ငါမသိဘူး။ မင်းကတော့ Angel ပဲတဲ့။ ကလေးလေးတွေရဲ့စိတ်အဖြူလေးဟာ Angel ဆန်တာပဲမဟုတ်လား။

အို ဘယ့် မိဘအပေါင်းတို့ (အထူးသဖြင့် ဂန်းစတားမိဘအပေါင်းတို့) မိမိတို့အတ္တများ၏ ထွက်ပေါက်အဖြစ် သားသမီးများကို မမြင်ဘဲ ချစ်စရာကောင်းသော Angel လေးကို ချစ်ခြင်းဖြင့် ၀န်းရံပြီး မြေတောင်မြှောက်ပေးနိုင်ကြပါစေ။ စေတနာလွန်ပြီး ခြေထောက်နဲ့ကန်ပြီး ပြင်းပြင်းထန်ထန် မြေတောင်မြှောက်ပေးသော မိဘများ၊ မဟာကရုဏာဖြင့် ပါးရိုက်ကုန်သော မိဘများ မဖြစ်စေဘဲ၊ ချစ်ခြင်း၊နားလည်ခြင်းဖြင့် ဖြည့်ဆည်းပေးသော မိဘများဖြစ်နိုင်ကြစေကုန်သော်ဝ်။

ကဲကဲ တရားသိမ်းပြီ။
You are my angel လို့ မိမိတို့သားသမီးများကို ပြောနိုင်ကြသည် ဖြစ်စေသော်။

သာဓု multipled by 3.

Regards,
The Gardener

(လောလောဆယ်)အိန္ဒိယရုပ်ရှင်စောင့်ကြည့်လေ့လာသူ။


















Peace B with U.

Tuesday, April 10, 2012

ကုန်လွန်ရက်စွဲများ





ကုန်လွန်ရက်စွဲများ


The Mentalist Season 4

gOOD FRiDAy ကတော့ အတော်လေး gOOD သွားတယ်။ tHE MENTALIST SEASON 4 ၁၇ ကားကို ဆက်တိုက်ကြည့်လိုက်တယ်။ ထမင်းနှစ်ခါထစားတယ်။ ရေတစ်ခါထချိုးတယ်။ tv ကို ကသိုဏ်းရှူသလို ကြည့်ပစ်လိုက်တယ်။ Season 3 တုန်းက သတ်လိုက်နိုင်ပြီလို့ထင်ရတဲ့ Serial Killer RED JOHN က မသေသေးဘူးဖြစ်နေတယ်။ subcribe လုပ်ရင် ၂၉ SGD လောက်ကျမယ်။ အလကားကြည့်ရတာ mio TV ကျေးဇူးပဲ။ ဇနီးသည်က စုံထောက်ကားမကြိုက်ပုံပေါ်တယ်။ လာမကြည့်ဘူး။ TV ကို ဒီလိုကြာကြာကြည့်တာကိုလည်း အားပေးပုံမပေါ်ဘူး။ ၁၇ ကားပြီးတော့ ခေါင်းတွေအတော်မူးနေတာတွေ့ရတယ်။
TV အကြည့်လွန်ပြီးသေသွားတဲ့သူတွေ ကမ္ဘာမှာရှိနိုင်တယ်။ အဲဒီစာရင်းထဲကိုတော့မပါချင်သေးဘူး။ အခုတလော ရုပ်ရှင်ကို ၀ါသနာပါလာတာကိုတွေ့ရတယ်။ အသက်သုံးဆယ်ရောက်လာတော့ အသက်လည်း ထိပ်စီးပြောင်းသွားသလို ၀ါသနာလည်း ထိပ်စီးပြောင်းသွားပုံရတယ်။

Lorax သွားကြည့်ပြီးတော့ Wrath of the Titans ကြည့်ဖြစ်တယ်။ ရှေ့လမှာ Madagascar 3 တင်ရင်လည်း သွားကြည့်ဦးမယ်စိတ်ကူးတယ်။ စာရေးတာတော့ တော်တော်လေးလျော့သွားတာသတိထားမိတယ်။ အရင်ကလို ပုံမှန် ရေးဖြစ်တာတော်တော်လေးနည်းသွားတာကို ကိုယ့်ဘာသာကိုယ်သတိထားမိတယ်။ အသက်ကြီးလာလို့ဖြစ်မယ်။ အသက်ကြီးလာတဲ့အခါ လူက ပျင်းသထက်ပျင်းလာပုံပေါ်တယ်။ ရုပ်ရှင် REVIEW လေးတွေရေးလက်စတွေရှိတယ်။ မတင်ဖြစ်ဘူး။ ဘယ်ဟာမှ အပြီးမသတ်နိုင်သေးဘူး။ LEGEND OF BAGGER VANCE ရေးနေတယ်။ ပြီးမယ့်ပုံတော့မပေါ်သေးဘူး။



Pyare Mohan

တနင်္ဂနွေနေ့ကတော့ ထူးထူးခြားခြား ကုလားကားတစ်ကားကြည့်ဖြစ်တယ်။ ပြာရေးနဲ့ မိုဟမ်တဲ့။ ရယ်ရတယ်။ အင်္ဂလိပ် အက်ရှင်တွေမကြည့်ချင်တဲ့ ဇနီးသည်ကြောင့်ကြည့်ဖြစ်တာလို့ဆိုနိုင်တယ်။ ကုလားအကတွေကလည်း အရင်လို ဗိုက်ကလေးကော့လန်ကော့လန်လေးလုပ်ပြီး ပြေးဟယ်လွှားဟယ် လဲဟယ်ထူဟယ်လောက်မဟုတ်တော့ဘူး။ အနောက်တိုင်းဆန်လာတယ်။ အရင်ကတည်းက အက၀ါသနာပါပြီးသားဆိုတော့ အနောက်တိုင်းအကလည်းသင်ရလွယ်ပုံရတယ်။

ပြာရေးက မျက်မမြင်၊ မိုဟမ်က နားမကြား။ မြန်မာကားတွေနဲ့ဆင်တယ်။ ကုလားကားကတော့ ရိုက်တာပိုကောင်းတယ်။ လူစုံတယ်။ ဇာတ်လမ်းကတော့ မြန်မာပရိတ်သတ်အတွက် ဆီလျော်တယ်ထင်မိတယ်။ ဇာတ်လမ်းကတော့ ခိုင်တယ်ပြောရမယ်။ ၂ နာရီခွဲကြာတယ်။ ကနေဆိုနေတာတွေ ကျော်ပစ်လိုက်ရင် ဇာတ်လမ်းက ၁ နာရီလောက်တော့ရှိတယ်။

ဇာတ်လမ်းကို နှစ်ဆင့်လုပ်ထားတယ်။ tricks လေးနဲ့ပေါ့။ မြန်မာကားတွေလို တွေ့တွေ့ချင်းမကြိုက်ဘူး။ အငြင်းခံရတာလည်းရှိတယ်။ ကုလားပြည်မှာချည်းမရိုက်ဘူး။ ထိုင်းကိုတစ်ဝက်သွားရိုက်တယ်။ Don Tony ကြီးသေပြီထင်ရာကနေ ပြန်ရှင်လာတာကလည်း အလှည့်အပြောင်းလေးတစ်ခုပဲ။

ပျော်စရာဇာတ်လမ်းလေးတစ်ခုလို့ဆိုနိုင်တယ်။ ကုလားကားကြိုက်တဲ့ပရိတ်သတ်အတွက်တော့ ကြည့်သင့်တဲ့ကားလေးတစ်ကားပဲ။ မြန်မာကားတွေ ဒီလို ဇာတ်လမ်းမျိုးလေး ခိုးပြီးရိုက်လိုက်ရင် ငွေဝင်ကောင်းတဲ့ ရုပ်ရှင်ကားကြီးတစ်ကားဖြစ်နိုင်တယ်။ ထိုင်းနိုင်ငံသွားတဲ့အခန်းပါထည့်ရိုက်လိုက်ရင် ဆန်းသစ်သွားမယ်။ ANNA ဇာတ်ကားမှာ မြန်မာတွေကို လူဆိုးတွေအဖြစ်ထည့်ရိုက်ထားတာကို လက်စားချေရာလည်းရောက်နိုင်တယ်။

မင်းသမီးနှစ်ယောက်မှာ အငယ်မလေးက အနောက်တိုင်းသူနဲ့တူတယ်။ မဆိုးဘူး။ အကြီးကတော့ မျက်လုံးအမည်းဆိုးထားတော့ ဂျားကစ်ရုပ်ပိုပေါက်တယ်။ အကုန်အကျမများဘဲ သပ်သပ်ရပ်ရပ်နဲ့ ဇာတ်ကားတစ်ကားဖန်တီးနိုင်တာတွေကြောင့်လဲ bollywood ဟာ အောင်မြင်တာပဲ။

Myanmar Models

မြန်မာအလှမယ်တွေကတော့ အင်္ဂလိပ်လို နကန်းတစ်လုံးမှနားမလည်တာကိုတွေ့ရတယ်။ အင်တာနက်ရှင်းနယ်မှာ ပြိုင်ပွဲဝင်ဖို့တော့မလွယ်သေးဘူးထင်တာပဲ။ တင်မိုးလွင်မေးတာကို ဖြေတာ ခဏ၀င်ကြည့်လိုက်တာစိတ်လေသွားတယ်။ Global Warming ကိုကာကွယ်ဖို့ a. သစ်ပင်စိုက်ရမယ်။ b. သစ်ပင်ခုတ်ရမယ်။ c. သစ်ပင်တွေကို ချစ်ရမယ်။ d. None of these ကို d လို့ရွေးတာတွေ့ရတယ်။ တော်တော်ပညာသားပါတဲ့အဖြေလို့တွေးမိတယ်။ တင်မိုးလွင်က generally မေးတာကို ပညာသားပါပါနဲ့ဖြေသွားတယ်လို့ခံစားရတယ်။ Antarctica မှာ သစ်ပင်သွားစိုက်ရင် Global Warming ပိုဆိုးသွားစရာရှိတယ်ဆိုတာကို သူမလေး သိနေပုံပဲ။ အမှန်ကတော့ မဟုတ်ဘူး။ အင်္ဂလိပ်လိုကို နားမလည်တာ။ တစ်ယောက်က အာဆီယံဆိုတာဘာလဲဆိုတာကိုလည်း မသိရှာဘူး။ ရုပ်ကလေးတွေက သနားကမားလေးတွေဆိုတော့ အားလုံးကို မဖြေနိုင်လည်း အောင်မြင်စေချင်ပါတယ်။ အမှန်တော့ ဗဟုသုတနဲ့ ရုပ်အဆင်းနဲ့ဟာ ဆက်စပ်စရာမလိုဘူးထင်မိတယ်။ စူပါမော်ဒယ်တစ်ယောက်ဟာ အနီရောင် ကော်ဇောပေါ်မှာ တင့်တယ်ကျက်သရေရှိနေရင်တော်ပြီလို့ထင်တယ်။ ဗဟုသုတဆိုတဲ့အရာကို တော်တော်လေးစိတ်ကုန်နေပြီ။ အခုခေတ်မှာ များများသိတာဟာ hard disk space ကိုချွေတာပြီး ဦးနှောက်ကို space ဖြုန်းတာပဲ။ အသုံးမ၀င်တော့ဘူး။

Facebook

facebook ကတော့ မြန်မာပြည်ကနေ၀င်မရဖြစ်ဖြစ်နေတယ်။ တော်တော်လေးစိတ်လေတယ်။

Job Hunting

စင်ကာပူမှာ အလုပ်လာရှာတဲ့ မြန်မာတွေလည်း သနားစရာကောင်းတယ်။ ၁၁၀၀ တည်းပေးတဲ့အလုပ်လည်းရှိတယ်။ တော်တော်လေးကို အံ့သြတယ်။ pass တွေ reject တော်တော်လေးဖြစ်တယ်။ ရတဲ့ဘွဲ့နဲ့ လျှောက်တဲ့အလုပ်နဲ့မကိုက်ရင်လည်း reject ဖြစ်တယ်။ အရင်ကလို appeal တင်ရင်လည်း မြန်မြန်မရဘူး။ တခါတလေ လေးပတ်အထိစောင့်ခိုင်းတာတွေဖြစ်တယ်။

သန့်ရှင်းရေးသမားများ

စင်ကာပူမှာ သန့်ရှင်းရေးသမားတွေပျင်းကုန်ကြပြီ။ အမှိုက်တွေ၊ သစ်ရွက်တွေကို ရေမြောင်းထဲလှဲချလိုက်တာ အခုတလော ပိုတွေ့နေရတယ်။ အင်မတန်မှ အလွယ်လိုက်တဲ့နည်းလမ်းဖြစ်ပါတယ်။

တခြားနေရာတွေတော့မသိဘူး။ ကျွန်တော်နေတဲ့ဘက်မှာတော့ အမှိုက်သိမ်းကားလေးတွေမောင်းတဲ့သူတွေဟာ အရင်ဘ၀က ပြိုင်ကားမောင်းသူတွေဖြစ်တယ်။ အမြန်မောင်းတာ တင်လာတဲ့ ဆိုဖာခုံပြုတ်ကျတာလည်းတွေ့ရတယ်။ အမှိုက်အိတ်တွေ လမ်းပေါ်ကျနေတာလည်း မကြာမကြာတွေ့ရတယ်။

စင်ကာပူ SMU ရှေ့ချုံထဲမှာဆို မနေ့က ပစ်ထားတဲ့ ခွေးသေကောင် ဒီနေ့အနံ့တောင် ရနေပြီ။ ဒီနေ့လည်း လာမသိမ်းသေးဘူး။ အော့အော့တွေပါကလား။

ပျော်ရွှင်ဖွယ် နောက်နှစ်

နောက်နှစ်မှာ အလွန်ရှည်တဲ့ ပိတ်ရက်ရှိမယ်လို့ဒီနေ့ဖတ်လိုက်ရပါတယ်။ ပိတ်ရက်မျှော်နေသူများ နောက်နှစ်မှာပျော်နိုင်ပါပြီ။

သင်္ကြန်

ဘယ်နေ့မှန်းတောင် မမှတ်မိပါ။

With Regards,
The Gardener




Peace B with U.

Tuesday, March 20, 2012

Google Mail ကသိကအောင့်




Google Mail ကသိကအောင့်

gmail ကို မြန်မာအများစုအသုံးပြုကြပါတယ်။ အလကားပေးသမျှ mail တွေထဲမှာတော့ အကောင်းဆုံးဖြစ်ပါတယ်။အခုတလော gmail မှာ ပြဿနာတစ်ခုရှိလာပါတယ်။

.(dot) ပါတဲ့ အကောင့်တွေ log in ဝင်မရတာမျိုးဖြစ်နိုင်ပါတယ်။ ဝင်မရဘူးဆိုတာက ဒီလိုပါ။ maungkyawthein@gmail.com နဲ့ maung.kyawthein@gmail.com ဆိုပြီး မေးလ်အကောင့်နှစ်ခုရှိတယ်ဆိုပါစို့။ အခုဖြစ်နေတာက gmail က update တစ်ခုခု လုပ်လိုက်ပုံရပါတယ်။ dot ပါတာနဲ့ မပါတာနဲ့မှာ တစ်ခုပဲ active ဖြစ်ပြီး အဲဒီမေးလ်နှစ်ခုကိုပို့သမျှမှာ active ဖြစ်တဲ့ အကောင့်ဆီကိုပဲ မေးလ်ရောက်ပါမယ်။

maungkyawthein@gmail.com က active ဖြစ်နေရင် maung.kyawthein@gmail.com ကိုပို့သမျှ maungkyawthein@gmail.com ကိုရောက်ပါမယ်။ မေးလ်နှစ်ခုကြိုက်တာကိုပို့ active ဖြစ်နေတဲ့အကောင့်ကိုပဲရောက်ပါမယ်။ အဲဒီမှာ ပြဿနာက အလိုလိုနေရင်း inactive ဖြစ်သွားတဲ့ အကောင့်ပိုင်ရှင်က ဘာမှ မသိလိုက်ရတာပါပဲ။ maungkyawthein@gmail.com က maung.kyawthein@gmail.com ကို log in ဝင်လို့ရပါတယ်။ dot မပါတာနဲ့ပါတာနဲ့အတူတူတစ်ခုတည်းဖြစ်သွားတာမျိုးပါ။

အဲဒီလိုဖြစ်နေတယ်ဆိုတာပြောချင်တာပါ။ စောစောစီးစီး dot ပါတဲ့အကောင့်တွေကို စစ်ဆေးကြည့်ဖို့သတိပေးလိုက်ပါတယ်။

dot ပါတဲ့အကောင့် inactive ဖြစ်တာရှိသလို၊ dot မပါတဲ့အကောင့်ဖြစ်တာလည်းရှိပါတယ်။ ကိုယ့်အကောင့်နဲ့ နာမည်တူ dot ကွဲတစ်ယောက်ယောက်က ကိုယ့်အရင် account ဖွင့်ထားရင် ကိုယ့်အကောင့် inactive ဖြစ်နိုင်စရာရှိပါတယ်။ သူငယ်ချင်းတစ်ယောက်နှစ်ယောက်ကြုံနေတာနဲ့ အဲဒါလေး share လိုက်ပါတယ်။ ဘယ်သူမှ အကောင့်ခိုးသွားတာမဟုတ်ပါဘူး။ အဲဒီလို account ပြဿနာကြုံရင် Google ကိုသာ ဆက်သွယ်မေးကြည့်ကြဖို့ပါပဲ။

သတိပြုတော်မူနိုင်ကြပါစေ။ ။

Notes,

အခုပဲ dot ပါတဲ့ ကျွန်တော့်အကောင့်တစ်ခုကို dot မထည့်ဘဲ log in လုပ်ကြည့်တာ ရတာကိုတွေ့ရပါတယ်။ အဲဒီကတည်းက dot ပါတာနဲ့ မပါတာနဲ့ကို တစ်ခုတည်းထားလိုက်ပြီလို့ယူဆနိုင်ပါတယ်။ ကိုယ့်အကောင့်ကိုယ်ဝင်လို့ရသေးလား စမ်းကြည့်ကြပါဦး။ လူများမေးလ်တွေကိုယ့်ဆီဝင်နေရင်လည်း facebook မှာဖြစ်ဖြစ်ရှာပြီး အကြောင်းကြားလိုက်ကြပါဦး။

Regards,
Z



and some of my friends's current experience on this issue.



Peace B with U.

Sunday, March 18, 2012

The Lorax who speaks for trees





The Lorax who speaks for trees

သစ်ပင်တွေမရှိတော့ရင် .........................။

Unless ...

တကယ်ဆိုရင် ကျွန်တော်တို့တွေ ကမ္ဘာလောကကြီးကို စိတ်သန့်သန့်နဲ့ချစ်တတ်ဖို့ အများကြီး ကြိုးစားရဦးမယ်။ နောင်လာနောက်သားတွေ ဆက်လက်နေထိုင်ရဦးမယ့်ကမ္ဘာကြီးကို ဘယ်လို ချန်ထားခဲ့ပေးမလဲ ဆိုတာကို ပြန်သတိထားမိဖို့ .............. လိုအပ်တဲ့ ဆေးဝါးတစ်ခွက်တစ်လေထဲမှာ ၁၉၇၁ ကရေးခဲ့တဲ့ The Lorax ဆိုတဲ့ စာအုပ်လေးကို ပြန်ရိုက်ထားတဲ့ Animation ကာတွန်းကားလေးတစ်ကားလည်းပါခဲ့တာ အံ့သြစရာအကောင်းသား။

Dr.Seuss ကို ကလေးစာပေ စာရေးဆရာတစ်ယောက်အနေနဲ့သိထားတာတော့ကြာပြီ။ သူ့လက်ရာတွေကောင်းတယ်လို့ အသိတစ်ယောက်ကပြောလို့ တစ်ချိန်မှာဖတ်မယ်ဆိုတဲ့ စာရင်းထဲတော့ထည့်ထားမိတယ်။ စာရေးဆရာ၊ ကဗျာဆရာနဲ့ ကာတွန်းဆရာ သရီးအင်ဝမ်း အနုပညာရှင်ကြီးကတော့ စောစောစီးစီးကပဲ သစ်ပင်တွေကို ချစ်တတ်ဖို့ အမြော်အမြင်ရှိရှိရေးသွားလေရဲ့။

ဒီကာတွန်းကားမတိုင်မီက ရိုက်ခဲ့တဲ့တစ်ကားကိုတော့ ဂူဂယ် ဗီဒီယိုမှာကြည့်နိုင်ပါတယ်။ ၂၄ မိနစ်လောက်ပဲကြာပါတယ်။

http://video.google.com/videoplay?docid=6650219631867189375

ဒီကားလေးကတော့ရိုးရိုးလေးပါပဲ။ အခု ၂ဝ၁၂ မှာပြန်ထွက်လာတဲ့ အဆင့်မြင့် animation version ဖြစ်တဲ့ The Lorax နဲ့ယှဉ်ဖို့ခက်သွားတာက နည်းပညာတွေပါပဲ။ ကာတွန်းတစ်ကားကို အနုပညာမြောက်အောင်ရိုက်တတ်လာတာကလည်း သိပ်မကြာလှသေးပါဘူး။ အထူးသဖြင့် ရသဖြည့်စွက်ချက်တွေပိုကောင်းလာသလို၊ အတုံးလိုက် အတစ်လိုက် ပညာပေးခြင်းတွေလည်းလျော့နည်းလာပါတယ်။


ဒီကားကို သရုပ်ခွဲကြည့်ရင်တော့ Wall E ကာကွယ်ခဲ့တဲ့သစ်စေ့နဲ့ သိပ်မကွာသလိုသလိုပါပဲ။ ဒီမှာသီချင်းဆိုတာတွေကတော့ Rio ကြိုက်တဲ့သူတွေ သဘောကျစရာပါပဲ။ Ted Wiggins ရဲ့အဘွား Grammy Norma ကိုလည်း Madgascar မှာပါတဲ့ ခြင်္သေ့တွေကို ကိုင်ပေါက်တဲ့ အဘွားကြီး Nana လိုမျိုး character ကြိုက်တဲ့သူတွေ အကြိုက်တွေ့မှာအမှန်ပါပဲ။ Grammy Norma အဖြစ်သရုပ်ဆောင်တဲ့ Betty Marion White Ludden ဆိုတာ The Proposal ကားမှာ Sandra Bullock နဲ့အတူကတဲ့ Grandma Annie ပါပဲ။ ဒီကားကိုကြည့်ပြီး ကလေးတွေ ပျော်တာကို ရုပ်ရှင်ရုံထဲမှာတွေ့ခဲ့ရတော့ ကလေးတွေကြိုက်တဲ့ကာတွန်းကားလေးဆိုတာကိုတော့ လက်ခံမိတယ်။ လူကြီးတွေအတွက်တော့ နည်းနည်းလေး ရိုးတယ်။ ကလေးတွေအတွက် ရည်ရွယ်ထားပုံရလို့ စကားအသုံးအနှုန်းတွေကအစ ပေါ့ပေါ့ပါးပါးနဲ့ နားလည်လွယ်တဲ့ဟာသတွေပဲထည့်ထားတယ်။

ဇာတ်လမ်းကတော့ ခပ်ရိုးရိုးလေးပါပဲ။မူရင်းကာတွန်းစာအုပ်နဲ့ ကာတွန်းကားမှာတော့ ရှေ့ပိုင်းမှာ Ted Wiggins ရဲ့ ဇာတ်လမ်းမပါတာကွာပါတယ်။ Ted အဖြစ်အသံသရုပ်ဆောင်တဲ့သူကတော့ Zac Efron ဖြစ်ပါတယ်။ သီချင်းဆိုတာကိုကြိုက်တဲ့သူတွေ အားပေးခဲ့ကြတဲ့ High School Musical Series တွေမှာ သူ့ကို
Troy Bolton အဖြစ်မှတ်မိကြမှာပါ။ Ted က Audrey ဆိုတဲ့ကောင်မလေးကို ကြိုက်ပါတယ်။ Audery အဖြစ် Taylor Swift က အသံသရုပ်ဆောင်ပါတယ်။ Ted တို့နေတဲ့ Thneed-Ville မြို့ကလေးမှာ သစ်ပင်အစစ်တစ်ပင်မှမရှိပါဘူး။ လေတွေမသန့်တာကို သန့်စင်ဖို့လိုတဲ့ product တွေဝယ်သုံးရပါတယ်။ Ted က Audery ကိုကြိုက်တော့ Audery ရဲ့ အိမ်မက်ဖြစ်တဲ့ တကယ့်သစ်ပင်အစစ်တစ်ပင်တွေ့ရဖို့ဆိုတာကို စိတ်ဝင်စားသွားပါတယ်။ Audery နဲ့ Ted လှဲပြီးစကားပြောတဲ့အခန်းလေးက ချစ်စရာကောင်းပါတယ်။


Ted: တကယ်လို့ Truffula သစ်ပင်တစ်ပင်ယူလာတဲ့သူကိုတွေ့ရင် မင်းဘာလုပ်မလဲ။
Audery: ငါသူကို တခါတည်းချက်ချင်းကို လက်ထပ်ပစ်လိုက်မယ်။

ဒီနေရာမှာကို လောကကြီးလည်ပတ်နေတာ ချစ်သူတွေရဲ့ ဆန္ဒတွေကြောင့်များလားတွေးမိသေးတယ်။ ကိုယ့်ဘာသာကိုယ်ဆိုရင်တော့ Ted တစ်ယောက်လည်း သစ်ပင်တစ်ပင်ရှာကြည့်ဖို့စိတ်ကူးရမှာမဟုတ်ဘူး။ ဒါနဲ့ Ted က သူ့အဘွားဆီက စုံစမ်းတဲ့အခါမှာ အဘွားဖြစ်သူက သစ်ပင်အကြောင်းသိတဲ့ မြို့ပြင်မှာနေတဲ့ Once-ler ဆိုတဲ့လူနဲ့သွားတွေ့ဖို့ အကြံပေးတယ်။ Thneed-Ville ကို သံတံတိုင်းတွေနဲ့ကာရံထားတယ်။ အပြင်ဘက်မှာက အမှိုက်တွေနဲ့ စွန့်ပစ်ပစ္စည်းတွေနဲ့ လူနေဖို့အဆင်မပြေလောက်အောင် ညစ်ညမ်းနေပြီ။ Thneed-ville မှာ သဘာဝအတုလုပ်ထားတာ။ သစ်ပင်အတုတွေ၊ စိမ်းစိုမှုအတုတွေ၊ ပန်းပွင့်အတု၊ ပျားအတု၊ ခေတ်မီဆန်းပြားတဲ့ အတုတွေ၊ လိုလေသေးမရှိပြည့်စုံနေတဲ့ သဘာဝတရားတုတစ်ခုနဲ့မြို့လေး။ မြို့ပြင်ကို ဘယ်သူမှမထွက်ကြဘူး Ted တစ်ယောက်ပဲ သစ်ပင်အစစ်အကြောင်းသိရအောင် ထွက်တယ်။

အဲဒီအခန်းလည်းရယ်ရပါတယ်။ Once-ler နဲ့စကားပြောကြတယ်။ Once-ler က သစ်ပင်တွေမရှိတော့တာ သူ့ကြောင့်လို့ပြောတယ်။ ပြီးတော့ ဇာတ်ကြောင်းပြန်တယ်။ ကာတွန်းကားအဟောင်းမှာတော့ Once-ler ရဲ့ မျက်နှာမပါဘူး။ လက်အိတ်အစိမ်းစွပ်ထားတဲ့ လက်နှစ်ချောင်းပါတယ်။ ပြီးတော့ ဆေးပြင်းလိပ်သောက်တယ်။ ဒီအခု ကားမှာတော့ Once-ler က ဆေးပြင်းလိပ်မသောက်တော့ဘူး။

Once-ler ငယ်တုန်းက မိုက်တယ်။ ဂေါ်တယ်။ လန်းတယ်။ လိဒ်ဂစ်တာတစ်လက်နဲ့ ဘဝဟိုင်းဝေးလမ်းပေါ် တက်ခဲ့တယ်။ ကာတွန်းကားတွေထဲမှာ လိဒ်ဂစ်တာ အသုံးနည်းတယ်ထင်မိတယ်။ မသုံးသလောက်ပဲတောင်ထင်တယ်။ ဘယ်ကာတွန်းကားထဲမှာ လိဒ်ဂစ်တာ ကိုင်တဲ့ ဇာတ်ကောင်ပါလဲ ပြန်စဉ်းစားလို့တောင်မရဘူး။ Chipmunks တွေတော့ကိုင်တယ်။ လူမပါတဲ့ကာတွန်းကားသပ်သပ်တွေထဲမှာတော့ မကိုင်သလောက်ပဲ။ (Once-ler အဖြစ်အသံသရုပ်ဆောင်သူကိုလည်း အားလုံးမှတ်မိကြမှာပါ။ Hang Over 1 မှာ ကိုယ့်သွားကိုယ်ချိုးတဲ့ သွားဆရာဝန်၊ Dr. Stu Price အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Ed Helms ပါပဲ။) Once-ler ရဲ့မြင်းကလည်းရယ်ရတယ်။ Tangled ထဲက (Maximus )ကိုတော့ မမီဘူး။ ရယ်တော့ရယ်ရတယ်။ သူ့မြင်းနဲ့ သူ သစ်ပင်တွေရှိတဲ့တစ်နေရာကိုရောက်လာတယ်။ အဲဒီသစ်ပင်တွေရဲ့ အရွက်က သိုးမွှေးတွေလိုပဲ။ အဲဒီမှာ မီတင်းနေထိုင်ကြတဲ့ ဝက်ဝံ၊ငါးနဲ့ ငှက်တွေက သိပ်ရယ်ရတယ်။ အရင်ကားမှာတော့ ငါးလေးကောင်၊ ဒီကားမှာတော့ ငါးသုံးကောင်၊ အသားကုန်ရယ်ရတယ်။ လူပီပီ သူက နေထိုင်ဖို့ အဆောက်အအုံလုပ်တယ်။ နောက်တော့ မပြောမဆို သစ်ပင်တစ်ပင် ခုတ်ချပစ်လိုက်တယ်။ လူတစ်ယောက်အတွက် သစ်ပင်တစ်ပင်ခုတ်တာဟာ ဘာမှမပြောပလောက်တဲ့ကိစ္စတစ်ခုပဲ။ ဒါပေမယ့် ကာတွန်းကားထဲမှာ ပြတာ သိပ်လှတယ်။ တိရိစ္ဆာန်လေးတွေကြောက်သွားကြတယ်။ သစ်ပင်မှာ အသိုက်လုပ်တဲ့ငှက်တွေ ပျံပြေးကြရတယ်။ သစ်ပင်တစ်ပင်ဟာ မီတင်းနေထိုင်နေရတဲ့ သတ္တဝါငယ်လေးတွေအတွက်တော့ အိမ်ပဲ။ သဘာဝတရားရဲ့ နံရိုးတစ်ချောင်းပဲ။ ကျွန်တော်တို့ သတိထားရမယ်။ အဲဒါလေးကိုပေးလိုက်တယ်။ အဲဒီ message လေးကို သိမ်သိမ်မွေ့မွေ့လေးပေးလိုက်တယ်။

သစ်ပင်ငုံးတိဖြစ်သွားတော့ မိုးတွေခြိမ်း၊ လေပြင်းတွေတိုက်ပြီး၊ သစ်တောစောင့်နတ် The Lorax ကောင်းကင်ကဆင်းလာတယ်။ ၁၉၇၂ ကကာတွန်းကားမှာတော့ သစ်ပင်ထဲကထွက်လာတယ်။

အခုတ်ခံလိုက်ရလို့ သေသွားတဲ့ Truffula သစ်ပင်လေးအတွက် ဈာပန လုပ်ကြတယ်။ ကျောက်တုံးလေးတွေစုပုံကြတယ်။ အဲဒီအခန်းလေးက တစ်ကယ့်ကိုကောင်းတယ်။ သစ်ပင်လေးတစ်ပင်ဟာ တစ်ကယ့်သက်ရှိလေးတစ်ယောက်လိုဖြစ်သွားစေခဲ့တယ်။

I speak for the trees, for the trees have no tongues.
သစ်ပင်တွေမှာ ပြောစရာ လျှာမရှိလို့ ငါ သစ်ပင်တွေအတွက် စကားပြောတယ်။ ဆိုတဲ့ နတ်ပုလေးက ချစ်စရာကောင်းတယ်။ နှုတ်ခမ်းမွှေးကားကားနဲ့ နတ်အိုကလေး။

Once-ler ကတော့ သစ်ပင်တွေ ဆက်လက်ခုတ်မယ့်ပုံရှိတာနဲ့ Lorax တို့က Once-ler အိပ်နေတုန်း ကုတင်ကြီးမပြီး ရေထဲမျှောလိုက်ကြတယ်။ ဖြစ်ချင်တော့အဲဒီကုတင်ပေါ်ကို ဝက်ဝံလေးပါသွားတယ်။ အဲဒီဝက်ဝံလေးကို ပြန်ကယ်ဖို့ကြိုးစားကြတာလည်းတော်တော်လေးကြည့်ကောင်းတယ်။ နောက်တော့ သူတို့တွေ မိတ်ဆွေတွေဖြစ်သွားကြတယ်။ Once-ler က ပထမဆုံးခုတ်ထားတဲ့သစ်ပင်ကနေ ရက်လုပ်ထားတဲ့ သိုးမွှေး အနွေးထည်လို အင်္ကျီတစ်ထည်ကို ဈေးမှာသွားရောင်းတယ်။ ပထမ ရောင်းမစွံဘူး။ နောက်တော့ လွှင့်ပစ်လိုက်တာ ကောင်မလေးတစ်ယောက်ရဲ့ ခေါင်းမှာ ပတ်မိပြီး အဲဒီ ဖက်ရှင်က ပေါက်သွားတယ်။ (ဖြစ်မှဖြစ်ရလေ။) (မူရင်းစာအုပ်မှာတော့ အင်္ကျီကို မိနစ်အနည်းငယ်အတွင်း ရောင်းလိုက်ရပါတယ်။)

နောက်တော့ လူအုပ်ကြီးက သူ့နောက်ကိုငွေနဲ့လိုက်ကြတယ်။ Once-ler လောဘတွေတက်ပြီး သစ်ပင်ခုတ်တယ်။ မိသားစုနဲ့ဆွေမျိုးတွေပါခေါ်ပြီး သစ်ပင်ခုတ်တယ်။ အထည်ချုပ်လုပ်ငန်းကို စက်တွေနဲ့လုပ်ကိုင်တယ်။ သစ်တောပြုန်းတီးတယ်။ Lorax က သတိပေးတယ်။ သူက လစ်လျူရှုတယ်။ တစ်နေ့မှာ နောက်ဆုံးသစ်ပင်ကို ခုတ်တယ်။ တိရစ္ဆာန်လေးတွေ နေစရာမရှိဘဲပြောင်းပြေးရတယ်။ စက်ရုံက အမှိုက်နဲ့ အညစ်အကြေးတွေကို စွန့်ပစ်တာနဲ့ ရေတွေမသန့်ဖြစ်တယ်။ ငါးကလေးတွေ ပြောင်းပြေးရတယ်။

Once-ler ရှေ့မှာပဲ အားလုံးထွက်ခွာသွားတယ်။ Lorax က သူ့ဖင်ကို မြှောက်ပြီး ကောင်းကင်ကို ပျံတက်သွားတယ်။ Once-ler ကိုလည်း အမျိုးတွေ စွန့်ခွာသွားတယ်။ အဲဒီအချိန်မှာ လေထုမသန့်တော့တဲ့ မြို့ကလေးက အမှိုက်ကောက်သမားတစ်ယောက်က လေသန့်ပစ္စည်းတွေ ရောင်းစားမှဆိုပြီး အကြံရတယ်။ အဲဒီ ဂျပုလေးဟာ(O' Hare) မြို့တော်ဝန်ဖြစ်လာတယ်။ လေတွေရောင်းပြီး အလုပ်ဖြစ်လာတယ်။ သစ်ပင်အတုတွေရှိတဲ့မြို့လေးတည်ဆောက်ခဲ့တယ်။ ပတ်ဝန်းကျင်နဲ့ သီးခြားဖြစ်အောင် နံရံတွေကာရံပစ်လိုက်တယ်။ သူ့စီးပွားရေး အင်ပါယာကိုထူထောင်တယ်။ ကောင်းကင်မှာ ယာဉ်ပျံကြီးနဲ့သူနေတယ်။

Once-ler ဆီမှာ သစ်ပင်တရားသွားနာယူနေတဲ့ Ted ကို မြို့တော်ဝန်ဂျပု( Aloysius O'Hare ) က ရန်ပြုပါတယ်။ တားမြစ်ပါတယ်။ သူရောင်းနေတဲ့လေကို အလကားပေးတဲ့သစ်ပင်တွေစိုက်မယ်ဆိုတာဟာ သူ့ကို ခြိမ်းခြောက်တာလို့ထင်ပါတယ်။ မကောင်းတဲ့သူတွေဟာ ကောင်းတဲ့သူတွေ ကောင်းတာလုပ်မှာကို ကြောက်တဲ့သဘောပဲထင်ပါတယ်။ မူရင်း စာအုပ်မှာရော၊ ၁၉၇၂ က ကာတွန်းကားမှာရော အဲဒါတွေမပါပါဘူး။ Once-ler ရဲ့ ဇာတ်လမ်းလေးပဲပါတာပါ။ အခုမှ ဇာတ်လမ်းကို ချဲ့လိုက်ရာက လှပတဲ့ အချစ်ဇာတ်လမ်းနဲ့ ထူးဆန်းတဲ့ မြို့ကလေးပါလာတာဖြစ်ပါတယ်။

ရိုက်တဲ့ဒါရိုက်တာထဲက Chris Renaud က 2010 မှာအောင်မြင်ခဲ့တဲ့ Despicable Me ရိုက်တဲ့ ဒါရိုက်တာပီပီ အနိုင်ကျင့်တဲ့အခန်းတွေ အတော်လေးပီပြင်ပါတယ်။ ကြည့်ရတာ သူ့ငယ်ဘဝမှာလည်း အနိုင်ကျင့်တဲ့ ကလေးတွေနဲ့ တွေ့ခဲ့ပုံရပါတယ်။ ဒီကားမှာလည်း O'Hare ရဲ့ ကိုယ်ရံတော် လူထွားကြီးနှစ်ယောက်ကDespicable Me ထဲက Gru လို လူထွားကြီးတွေပါပဲ။ ဇာတ်လမ်းမှာ နည်းနည်းအားနည်းသွားတာက ၉၆ မိနစ်စာလောက်မှာ Once-ler ကို အသားပေးလိုက်လို့ မြို့က O'Hare အကြောင်းနဲ့ Ted အကြောင်းမှာ အချိန်နည်းပြီး သိပ်မညွှန်းဆိုနိုင်ဘူးဖြစ်သွားတာပါ။

နောက်တစ်ခါ Ted မြို့ပြင်ထွက်တဲ့အခါကြတော့ once-ler က သစ်စေ့လေးတစ်စေ့ပေးလိုက်ပါတယ်။ အဲဒီမှာ symbol တစ်ခုကို အသုံးပြုထားပါတယ်။ ကျောက်တုံးလေးတွေအဝိုင်းပုံစီထားပြီး Unless လို့ရေးထားပါ တယ်။ Lorax ချန်ထားခဲ့တာလို့ Once-ler ကပြောပါတယ်။

Unless someone like you cares a whole awful lot, nothing is going to get better. It's not.

တကယ်လို့ မင်းဟာ ဒီလုံးဝဆိုးရွားတာကြီးတွေကို ဂရုမစိုက်ရင် ဒါတွေဟာ ဘယ်တော့မှ ပိုကောင်းလာမှာမဟုတ်ဘူး။ ဒါတွေ ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး။

ဆိုးနေတာတွေ လက်ရှိမှာ အများကြီးပဲ။ ဒါပေမယ့် ကျွန်တော်တို့ ကိုယ်နဲ့မဆိုင်သလို နေနေကြတာတွေကို Lorax က ပြောလိုက်တာပဲ။ ဘာသိဘာသာနေရင်း ပိုဆိုးသွားမယ်။ အားလုံးက ဂရုမစိုက်ရင် ပိုဆိုးသွားမယ်။ ဆိုးတာကို ကိုယ်က သတိမထားခဲ့ရင်၊ ကိုယ့်ခေတ်မှာဆိုးနေတာတွေကို ပြုပြင်ခဲ့ဖို့မကြိုးစားခဲ့ရင် နောင်လာနောက်သားတွေဟာ ဒီအဆိုးရဲ့ဒဏ်ကိုခံရမယ်။ 1971 က Lorax ၊ ၂ဝ၁၂ မှာ တစ်ကျော့ပြန်ပြီး လာပြောနေခဲ့တယ်။ ဒါကို ကျွန်တော်ကြားလိုက်ရတယ်။

လေကို ဝယ်သုံးရမယ့်နေ့ အခုအထိတော့မရောက်သေးဘူး။ ဒါပေမယ့် နေလို့ကောင်းနေတဲ့ကမ္ဘာကို အကောင်းအတိုင်းထားခဲ့နိုင်ဖို့ စဉ်းစားစရာဖြစ်စေခဲ့တယ်။ ကိုတာပြောခဲ့တာတစ်ခုရှိတယ်။ ကလေးတွေ အတွက် အပြာရောင်ကောင်းကင်ကြီးကို အပြာရောင်အတိုင်း ချန်ထားပေးနိုင်ဖို့ဆိုတာကိုလည်း သတိရတယ်။ လေတွေမသန့်တော့တဲ့တစ်နေ့မှာ၊ ကောင်းကင်မှာ ဖုန်မှုန့်တွေ၊ အညစ်အကြေး၊ မီးခိုးတွေနဲ့ မည်းမှောင်နေမှာပဲ။ ကျွန်တော်တို့သေသွားတဲ့အခါ ကျန်ခဲ့မယ့် ကလေးငယ်တွေ အသက်ဝဝရှူနိုင်မယ့် လေထုလေးတော့ ကျန်နေအောင်ချန်ထားပေးရမယ်မဟုတ်လား။ သစ်ပင်တွေနဲ့လှပတဲ့ မြို့ကလေးတွေ ချန်ထားပေးရမယ်။ သဘာဝတရားကို မပျက်မစီးအောင် ထုတ်ယူသုံးစွဲတတ်ဖို့ လေ့လာရမယ်။ ဒါတွေအားလုံးကို Lorax ကပြောသွားတာပဲ။

Ted က သူ့သစ်ပင်လေးကို မြို့လယ်မှာစိုက်ဖို့ကြိုးစားခဲ့တယ်။ O'Hare တို့က လိုက်တားကြတယ်။ နောက်တော့ မြို့ကလူတွေကပါ သစ်ပင်စိုက်ဖို့ လက်ခံလိုက်ကြတယ်။။ The Lorax ဇာတ်ကားမှာ သီချင်း ၁၃ ပုဒ်ဆိုတယ်။ အဲဒီကတည်းက သီချင်းကြိုက်တဲ့သူတွေအတွက်တော့ ပျော်စရာကောင်းနေတော့တာပဲ။

Truffulaသစ်ပင်လေးတစ်ပင်ဟာ ဘဝမှာ တန်ဖိုးထားစရာလည်းဖြစ်ပါလားဆိုတဲ့ အတွေးကို ခံစားရစေတယ်။ အဲဒီအတွေးလေးကို သယ်ဆောင်ထားတဲ့ ဇာတ်ကားလေးက ချစ်စရာကောင်းတယ်။ ကလေးတွေကို အထူးသဖြင့် သဘာဝတရားနဲ့နီးစပ်တာလေးတွေ သင်ပေးဖို့ကောင်းတယ်။ ဒီကားလေးတွေကြည့်ပြီး ကလေးလေးတွေဟာ သစ်ပင်တွေကို ချစ်မှာပဲ။

Lorax က သစ်ပင်တွေအတွက် စကားပြောတယ်ဆိုတော့ Once-ler ကပြောတယ်။ သူက လူတွေ အထူးသဖြင့် အခွင့်အရေးကို အသုံးချပြီး စီးပွားရေးလုပ်မယ့်လူတွေအတွက် စကားပြောတယ်ဆိုပြီး ပြန်ခံပက်တာတွေ့ရပါတယ်။ Once-ler ပြောတာကိုလည်း ပြန်စဉ်းစားကြည့်ရင်အခုခေတ်လူတွေနဲ့သိပ်မကွာဘူး။ ဘနဖူးဆည်ဆောက်မယ်၊ အကျိုးအမြတ်ရရင် ရေနံဖြစ်စေ၊ဓာတ်ငွေ့ဖြစ်စေ၊ရွှေဖြစ်စေ၊ကျောက်စိမ်းဖြစ်စေ ရှိတာအကုန်ရောင်းမယ်။ ကချင်ပြည်နယ်မှာ ကျောက်တွင်းတွေဟာ ပိုပြီးနက်ရှိုင်းလာတယ်။ ဒါတွေကုန်သွားတဲ့တစ်နေ့ရောက်ရင် ဘာလုပ်ကြမလဲ။ အာဖရိကမှာ စိန်တွေကုန်သွားတဲ့နေ့၊ အာရပ်တိုင်းပြည်တွေမှာ ရေနံကုန်သွားတဲ့နေ့၊ သဘာဝဓာတ်ငွေ့ထွက်တဲ့နေရာတွေမှာ သဘာဝဓာတ်ငွေ့ကုန်သွားတဲ့နေ့ ..............ဘာလုပ်ကြမလဲ Once-lers အပေါင်းတို့ ........လို့ Lorax က လှမ်းမေးနေတုန်းပဲ။

ကျွန်တော်တို့ချစ်တဲ့ကမ္ဘာမှာ ကျွန်တော်တို့ချစ်တဲ့သစ်ပင်တွေ၊ ကျွန်တော်တို့ချစ်တဲ့သဘာဝတရားတွေရှုင်သန်နိုင်ဖို့ ..............ကျွန်တော်တို့မှာတာဝန်ရှိတယ်။ ။

Regards,

The Gardener


Notes:

Unless someone like you cares a whole awful lot, nothing is going to get better. It's not.

မူုရင်းကာတွန်း ၊ ၊ ကဗျာဆန်ဆန် ရွတ်ဆိုလို့ကောင်းပုံရပါတယ်။
http://www.youtube.com/watch?v=k25wlcFOglA&feature=related
အသံသရုပ်ဆောင်တွေရဲ့ နောက်ကွယ်ကမြင်ကွင်း
http://www.youtube.com/watch?v=fJAbokTVOC0&feature=fvwrel
Theodor Seuss Geisel ( /
ˈɡaɪzəl/; March 2, 1904 – September 24, 1991) was an American writer, poet, and cartoonist most widely known for his children's books written under the pen names Dr. Seuss, Theo LeSieg and, in one case, Rosetta Stone

Trailers

http://www.youtube.com/watch?v=Gs_Em1XvAiU&feature=fvwrel

http://www.youtube.com/watch?v=WRW8CyZ1AyA&feature=related



Peace B with U.