Tuesday, February 28, 2012

စကားစမြည် စသဖြင့် ထိုသို့။


စကားစမြည် စသဖြင့် ထိုသို့။


မြန်မာသံရုံးကပါ၊ အင်္ဂလိပ်လိုပြောပါ။(ဟိုက်ရှားဘားစ်)

တိုးတက်ကောင်းမွန်လာတဲ့ မြန်မာသံရုံးဟာ ... online ကနေပြီး appointment ယူလို့ရတယ်ဆိုလို့ တကယ်မှတ်ပြီး submit လုပ်ကြည့်ပါတယ်။ တော်တော်လေးကို ဆိုးပါတယ်။ မရပါဘူး။ phone ကို verification sms ပို့မယ်ဆိုပြီး ရေးထားသော်ငြားလည်း မရောက်လာပါဘူး။

ဖုန်းဆက်ပြီးမေးကြည့်တဲ့သကာလမှာ မလေးကုလားမတစ်ယောက်ဖြေပါတယ်။ ကြည့်ရတာ သံရုံးက ကော်လစန်တာ(call centre) ငှားထားနိုင်ပြီထင်ရတယ်။ မြန်မာလို နားမလည်ပါဘူးတဲ့။ အင်္ဂလိပ် မပြောတတ်ဘူးလို့ပြောလိုက်ပါတယ်။

မနက်ဖြန်ခွင့်တစ်ရက်ယူပြီး သံရုံးလေးဘာလေး စိတ်ပြေလက်ပျောက်လျှောက်သွားကြည့်ပါဦးမယ်။

အင်္ဂလိပ်စာ podcast

BBC ကနေထုတ်လွှင့်တဲ့ The English we speak နားထောင်ဖြစ်ပါတယ်။ အင်္ဂလိပ်စာ လေ့လာတဲ့သူတွေအတွက် သင့်တော်ပါတယ်။ http://www.bbc.co.uk/podcasts/series/tae

ပုံမှန်အားဖြင့်တော့ ESL podcast နားထောင်တဲ့သူများပါတယ်။ The English we speak ကလည်း မှန်ကန်တဲ့ usage နဲ့ expressions လေးတွေပိုသိနိုင်စေပါတယ်။

Slumdog Millionaire (2008)

Zလမ်းထဲမှာ ကတာ ခုန်တာ အင်မတန်မှနည်းတဲ့ အိန္ဒိယလူမျိုးသရုပ်ဆောင်တွေနဲ့ဇာတ်ကားပါ။ ကြာပါပြီ။ ဇာတ်လမ်းသိပြီးသားဖြစ်နေတာနဲ့ တခါမှ အဆုံးထိမကြည့်ဖြစ်ခဲ့ဘူး။ ဟိုတလောက TV မှာပြတာနဲ့ အစအဆုံးကြည့်ဖြစ်သွားတယ်။အင်္ဂလိပ် ဒါရိုက်တာ Daniel Boyle ရိုက်တဲ့အတွက် အကအခုန်နည်းတာဖြစ်လိမ့်မယ်ထင်တယ်။ ပျော်စရာ ကလေးကားတွေပဲကြည့်တာကြာလို့ထင်တယ်။ အင်မတန်ခံစားရတာမျိုးကြည့်လို့အဆင်မပြေတော့ဘူး။ လူ့ဘ၀ကြီးကိုက အများစုအတွက် အဆင်မပြေလှတဲ့နေရာကြီးပဲ။

PSYCH (SEASON 2)

You'd rather run when you can't crawl ဆိုတဲ့ I know you know သီချင်းကို ကြိုက်နေပါတယ်။ Psych season 2 ၊ DVD လေးချပ်၊ episodes 16 ပိုင်းကြည့်လိုက်ပါတယ်။ ကျန်တဲ့ season တွေလည်း ဆက်ကြည့်ပါဦးမယ်။ စုံထောက်ကားပေမယ့် ရယ်ရပါတယ်။ Mentalist ထက်ပိုကောင်းတယ်ထင်ပါတယ်။ ပိုရယ်ရတယ်။ အမှုဖော်တာတွေထက် Shawn နဲ့ Gus နှစ်ယောက်စကားပြောတာက ပိုပြီးပွဲကျပါတယ်။ အချိန်ဖြုန်းချင်တဲ့သူတွေအတွက် သင့်တော်ပါတယ်။

Night @ the Museum 1 and 2

No.1 ကတော့ကြည့်ပြီးသားပါ။ ဒုတိယကားကလည်း ခပ်ဆင်ဆင်ပါပဲ။ Zနီးသည်ကိုပြဖို့ လိုင်ဘရီကနေ ငှားလာတာပါ။ မငှားလာလို့လည်းမဖြစ်ဘူး။ မြန်မာကားတွေ သည်းခံပြီး မကြည့်နိုင်တော့ဘူး။

မြန်မာကား

အရင်ကတည်းက မြန်မာကားမကြည့်ဘူး။ မြန်မာသရုပ်ဆောင်တွေက သရုပ်ဆောင်နေတုန်းပဲ။ မြန်မာဇာတ်ကားထဲကလို အပြင်မှာ ဘယ်သူမှမပြောဆိုကြဘူး။ သဘာဝကို မကျဘူး။ အခုတလော မြန်မာကားတွေထဲ ပိုတွေ့လာရတာက မြန်မာဘီယာပဲ။ Zနီးသည်ကြည့်နေတာ ခဏ၀င်ကြည့်လိုက်တဲ့ကားတိုင်း မြန်မာဘီယာပုလင်းတစ်လုံးပါတယ်။

ပိုဆိုးတာတစ်ခုက မင်းသမီးက သူ့နာမည်ကို အဖျားဆွတ်ပြီး ရည်ညွှန်းတာ တစ်ကားထဲမှာပဲနှစ်မျိုးဖြစ်နေတယ်။ ဥပမာ မင်းသမီးနာမည်က လ၀န်းကဗျာဆိုပါတော့ ရှေ့နားမှာသူ့ကိုယ်သူ လ၀န်းလို့ ရည်ညွှန်းပြီး နောက်ပိုင်းကြတော့ ကဗျာကလေ ကဗျာက ဖြစ်သွားပြန်ရော။ မသိရင် မျက်စိလည်လောက်တယ်။

ကိုထိန်ရဲ့ရတနာသုံးပါး


စင်ကာပူ Fringe Festival အတွက် မြန်မာပန်းချီဆရာနဲ့ ခေတ်ပြိုင်အနုပညာရှင် ထိန်လင်းရဲ့ performance art ပြပွဲဖြစ်ပါတယ်။

ပထမဆုံး အကြွေစေ့ပစ်ရတာလေးနဲ့ စတယ်။ ထုံးစံအတိုင်း အကြွေစေ့သာကုန်သွားတယ်၊ Wealth ထဲကိုပဲ တစ်စေ့ရောက်တယ်။ လူများပစ်ထားတာတွေ သွားကောက်ပြီးပစ်ရင်လည်း အကြွေစေ့ခိုးပါတယ်ဖြစ်ဦးမယ်။ ပစ်သမျှ အကြွေစေ့တွေ ခွက်ထဲဝင်ကုန်တဲ့ Zနီးသည်ကိုလည်း ဒါက performance ပါကွာ။ တကယ်ဆုတောင်းလည်း မပြည့်လောက်ပါဘူး ဆိုပြီး ညစ်တွန်းတွန်းပြီးပြောမိသေးတယ်။ မြန်မာဓလေ့လေးကို သတိရစေတာတော့အမှန်ပဲ။

သင်္ကန်းတွေကာထားတာလေးကလည်း ဘုန်းကြီးကျောင်းတွေက အခင်းအကျင်းနဲ့တူတယ်။ တီဗွီကြီးဖွင့်ထားသလိုဖြစ်နေတာတော့ သူ့ဘာသာသူ ဘာရည်ညွှန်းချင်လဲတော့မသိ။ အင်မတန်တော့ digital အငွေ့အသက်ပါလွန်းတယ်ထင်တယ်။ မကြိုက်လှ။ သဘာဝကျကျ ယပ်တောင်တွေပြောင်းပြန်ချိတ်ထားတယ်။ တစ်ခုခုကိုရည်ညွှန်းချင်ပုံရတယ်။ နားမလည်ရင် ပိုက်ဆံပေးရတာမှမဟုတ်တာဆိုပြီး နားလည်ဖို့မကြိုးစားတော့ဘူး။ ခြင်စကာတွေထဲမှာ သံဆူးကြိုးနဲ့ပုံတူလုပ်ထားတဲ့ ယောဂီတွေ။ ယောဂီပေါက်စတွေဖြစ်မယ်။ ခြင်ကိုက်တာတောင် သည်းမခံနိုင်တဲ့ ယောဂီပါးမ၀တဲ့ယောဂီတွေ။ အဲဒီယောဂီမျိုးတောထွက်ရင် ခြင်ထောင်သယ်သွားရမယ်လို့တွေးမိတယ်။ ဓာတ်ပုံတွေလည်းကပ်ထားတယ်။ ဦးပဉ္စင်းထိန်လင်းလား အတုလားတော့မသိဘူးဗျာ။ သင်္ကန်းတော့စည်းထားတယ်။ ဘာကိုဆိုလိုပါလိမ့်။ သီဟိုဠ်မှာ သံဃာတုတွေ စစ်သလို ရဟန်းရဲ့ဆရာက ဘယ်အယူရှိသလဲ ပြန်မေးဖို့ကလည်း ကိုထိန်တို့မရှိဘူး။ ရောက်သွားတာကလည်း ညဉ့်နက်နေပြီဆိုတော့ မမေးတော့ဘူး။ ထိုအရာသည် ကွန်တမ်ပရာရီဖြစ်အံ့လို့ပဲမှတ်ထားလိုက်တယ်။ နောက်ဆုံးတရားထိုင်တဲ့နေရာလေးရောက်တယ်။ ဘုရား၊ တရား၊သံဃာလို့ယူဆရတဲ့အ၀ိုင်းသုံးဝိုင်း ကို ပရိုဂျတ်တာနဲ့ထိုးထားတယ်။ တရားခဏလောက်မှတ်လို့ရတယ်လို့လည်းစာရေးထားတယ်။ အင်္ဂလိပ်လိုပဲရေးထားတော့ သိပ်နားမလည်တာနဲ့ ထင်သလိုပဲ ဘာသာပြန်လိုက်ပြီး၊ ခဏလောက်ထိုင်ခဲ့တယ်။ အေးအေးချမ်းချမ်းရှိပါတယ်။ ဓာတ်ပုံမရိုက်ရဘူးဆိုတာ ရိုက်ပြီးမှ တွေ့ပါတယ်။

သူ့မိန်းမ ဗစ်ကီရေးပေးထားပုံရတဲ့ အနုပညာရှင်အကြောင်းလည်း သေချာမဖတ်ဖြစ်။ စာရွက်တော့ယူလာတယ်။ အနုပညာဆိုတာကတော့ပုံစံအမျိုးအမျိုးနဲ့ရှိနေနိုင်တယ်။ အေးချမ်းတဲ့အငွေ့အသက်လေးပါတဲ့ performance တစ်ခုလို့ပဲ သတိထားမိခဲ့တယ်။

Esplanade မြေအောက်လျှောက်လမ်းထဲက ဓာတ်ပုံဆရာရဲ့ ခုန်ပေါက်နေတဲ့ပုံတွေကိုတော့ကြိုက်တယ်။ လွတ်လပ်မှု၊စစ်ပွဲ၊ပျော်ရွှင်မှုတွေ အားလုံးပါတယ်လို့ခံစားရတယ်။ ဓာတ်ပုံထဲကလူတွေအားလုံးက လေထဲမှာ ခုန်ပေါက်နေကြတယ်။ သူတို့ရဲ့ပျော်ရွှင်မှုကို မျက်လုံးကနေ နှလုံးသားအထိရောက်တယ်လို့ခံစားရတယ်။ လူတစ်ယောက်ရဲ့ပျော်ရွှင်မှုဟာ လူတစ်ယောက်ကို ကူးစက်တယ်ထင်ပါရဲ့။

ကိုညီသစ် R.I.P

ရုတ်တရက်ထွက်ခွာသွားတဲ့ ကိုညီသစ် အတွက် စိတ်မကောင်းဖြစ်ရတယ်။ သူနဲ့သိပ်မခင်ဘူး။ သူရေးတာတွေတော့ တခါတလေဖတ်တယ်။ သူရေးတဲ့သီချင်းတွေကိုလည်း နားထောင်ခဲ့ဖူးတယ်။ ကျွန်တော့် facebook friend list ထဲမှာ ပထမဆုံးဈေးဦးပေါက်ဆုံးသွားတဲ့လူလည်းဖြစ်တယ်။ ဒီလိုနဲ့နောက်ဆုံး friend list ထဲမှာ ငါတစ်ယောက်တည်း ကျန်ခဲ့တော့မှာလားလို့တောင်တွေးမိတယ်။ … အလဲ့။ မရဏာနုဿတိဆိုတာ အဲဒီလို အဝေးကနေစပြီး zoom ဆွဲပြီးတွေးရတယ်ထင်တယ်။ Friend List ထဲကလူတွေကိုတော့ အားနာပါတယ်။ အသက်ရှည်အောင်နေကြပါ။ ငါးစားပါ။ ပျားရည်သောက်ပါ။ ကြက်သွန်ဖြူစားပါ။ ဂျင်ဆင်းအားဆေးသောက်ပါ။ စိမ်းပြာရေညှိစားပါ။ ကြက်ပေါင်းရည်သောက်ပါ။ ပိုးသတ်ဆေးမပါတာတွေစားပါ။ ယောဂကျင့်ပါ။ စိတ်ချမ်းသာအောင်နေပါ။ ကျန်းမာရေးကိုလည်းဂရုစိုက်ကြပါ။ ဒါမှမဟုတ် ကျွန်တော့်မှာလည်း R.I.P တွေအများကြီးကျန်သေးတယ်။ ဟမ်။

We are American

General George Armstrong Custer: We're Americans, we don't plan, we do!

The Night @ the Museum 2 မှာ Larry Daley အဖြစ်သရုပ်ဆောင်တဲ့ Ben Stiller က ဘာလုပ်ဖို့ plan ရှိလဲမေးတော့ ဗိုလ်ချုပ် George Armstrong Custer ပြန်ဖြေတာပါ။ We are American , we don’t plan ဆိုတာကိုသဘောကျပါတယ်။ ဟိုတလောကပဲ သြစတြေးလျမှာကျောင်းတက်၊အလုပ်လုပ်နေတဲ့သူငယ်ချင်းက အိမ်ဝယ်လိုက်ပြီ။ နိုင်ငံသားခံလိုက်ပြီဆိုလို့ လေးနှစ်အတွင်း ငါ ဘယ်လောက်သုံးလိုက်လဲဆိုတာကို နည်းနည်းစီစစ်ပါတယ်။ ဘာမှတော့ သိပ်မသုံးလိုက်ပါဘူး။ သေရင်မပါမယ့်ပိုက်ဆံတွေဆိုပြီး နှလုံးသွင်းမှန်မှန်ထားပြီး ဖြုန်းလိုက်တာဖြစ်မယ်။ သေရင် ပြိတ္တာတော့သေချာပေါက်မဖြစ်နိုင်ဘူးလို့တောင်တွေးမိတယ်။ ပထမတော့ ဟိုလူပြောဒီလူပြောနဲ့ ၂၁၀၂ ဆိုကိစ္စပြီးပြီဆိုလို့ ပိုက်ဆံတွေဖြုန်းခဲ့၊ ၂၀၁၂ အထိပဲဆိုတော့ အသေမဦးမီ မိန်းမလည်းယူဦးမှဆိုပြီး ယူလိုက်သေးတယ်။ (အဲဒီလိုမျိုးတွေးပြီးယူလိုက်တဲ့သူတွေထဲမှာ yeyene တို့ divinity တို့လည်းပါတယ်။ သေဖော်ညှိတာ J) အမေရိကန်ဆန်လိုက်ပုံက we don’t plan, we do …. (ပါရမီရင့်ပြီးသားဆိုရင် ဒီစာပိုဒ်ကို သုံးခါလောက်ဖတ်လိုက်တာနဲ့ကျွတ်တမ်းဝင်ဖို့ကောင်းတယ်။)

1ဗိုက်ပြဿနာ

သုံးလေးနှစ်အတွင်းမှာ တစ်နှစ်ကို တစ်လမလောက်ဗိုက်ပိုပူလာတယ်။ အရင်ဆိုရင်ပြဿနာမရှိပေမယ့် ကမ်းခြေသွားရင် အကျီ င်္ချွတ်ပြီး ဓာတ်ပုံ တစ်ပုံလောက်ဓာတ်ပုံရိုက်ရတယ်လို့ facebook ကမ်းခြေသွားသူများ အစည်းအရုံးကထုတ်ပြန်ကြေငြာတာနဲ့အတော်အခက်တွေ့တယ်။ အော် …ယောကျာ်းတွေအတွက်ပြောတာပါ။ အခုအနေအထားနဲ့တော့မဖြစ်သေးဘူး။ facebook မှာတင်ထားတုန်း ဇာဂနာတို့တွေ့ပြီး ဗိုလ်ချုပ်အောင်ဆန်းဇာတ်ကားပြီးရင် အောင်ခြင်းရှစ်ပါးရိုက်တဲ့အခါ သစ္စကပရိဗိုဇ် မလိမ္မာ ဇာတ်ကားအတွက် လာချိတ်နေမှာစိုးရတယ်။ အဲဒီတော့ ဒီဇင်ဘာလလောက်မှာပဲ ကမ်းခြေသွားတော့မယ်လို့စိတ်ကူးလိုက်တယ်။ ဒီကြားထဲမှာတော့ one pax ကနေ 6 pax ပြန်ဖြစ်လာအောင် medicine ball ကို ဗိုက်ပေါ်ပစ်ချတာတို့၊ အိပ်ထမတင်တို့ ၊ ညစာလျှော့စားတာတို့ လုပ်မလားလို့စိတ်ကူးနေတယ်။ အော်….ဘွနှယ်။

ရှောင်ရဲ့နောက်ဆုံးငါးယောက်

ရှောင်ကိုဗေးရဲ့စာအုပ် (အင်္ဂလိပ်လိုဖတ်တာမဟုတ်ဘူး၊ မြန်မာလိုအရင်ဖတ်ပြီးမှ အင်္ဂလိပ်လို နည်းနည်းပြန်ဖတ်ကြည့်ထားတာ)မှာပါတယ်။ သူတို့ငယ်တုန်းက အတန်းထဲမှာ အညံ့ဆုံး ငါးယောက်လား၊ ဆယ်ယောက်လားမသိဘူး၊ အဲဒီလိုဘိတ်ချေး ၅ယောက်၊ ၁၀ ယောက်လောက်က စာမေးပွဲကျတယ်ဆိုလား။(အတော်လေးတိကျတယ်နော်။) အဲဒီတော့ သူဘာလုပ်သလဲဆိုတာရေးထားတာ။ တော်ဖို့ကြိုးစားတာမဟုတ်ဘူး။ ဘယ်ကောင်ကိုယ့်ထက်ညံ့လဲ လိုက်ရှာတာ။ ကိုယ့်ထက်ညံ့တဲ့ကောင်လုံလောက်သွားရင် အိုကေပြီ။ နောက်တစ်တန်းတော့ရောက်ပြီတဲ့။ အခုလည်း စင်ကာပူမှာ ငါးရာခိုင်နှုန်းလောက်လျှော့မယ်ဆိုတော့ ကံအဆိုးဆုံး ငါးရာခိုင်နှုန်းထဲမှာ မပါအောင်သတိထားနေကြရတယ်။ ဘုရားတရားတောင် part time ပြန်လုပ်နေပြီ။ အဓိဠာန် နဲ့ probation ပေါ့။ ခြောက်လတန်သည်။ တစ်နှစ်တန်သည် ကုသိုလ်ကံကောင်းပါရစေခြင်းအကျိုးငှာပေါ့လေ။ မြန်မာပြည်ရဲ့သတင်းစာက ၆၅ ကနေ ၆၀ % ကို ဘယ်လိုပြန်လိုက်သလဲတော့မသိဘူး၊ မြန်မာ့အလင်းမှာပါတယ်ပြောတယ်။ စင်ကာပူမှာ စီးပွားရေးမကောင်းလို့ ၆၀% အထိလျှော့ချမယ်ဆိုလား။ သတင်းဖတ်ပြီး စင်ကာပူက ကမ်းပါးပြိုတာ စမ္ပာနဂိုရ်ကနွားမတွေ underground ကကုန်တယ်ဆိုလားကြားရတယ်။ အဲဒီသတင်းကို အကြောင်းပြုပြီး မိဘကျေးဇူးမဆပ်ချင်သူတွေက ဒီမှာပိုက်ဆံလေးဘာလေးစုထားမှဆိုပြီး တစ်လနှစ်လပိုက်ဆံမပို့ဘဲနေဖို့စဉ်းစားနေတယ်တောင်ကြားမိတယ်။

ကြုံတာနဲ့ ဆရာအောင်သင်း၊ တောင်တွင်းကအောင်သင်းဆိုတာလည်းသူပဲ။ ငါ့ညီတောင်တွင်း၊မောင်အောင်သင်း (နောက်ပိုင်းမှာ ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်းဆိုလား ပြင်လိုက်တယ်။ ကျွန်တော်နဲ့လာမတိုင်ပင်တာနဲ့ သေချာတော့ မမှတ်သားမိတော့ဘူး။) ဆိုပြီး ဆရာဇော်ဂျီ ကဗျာရေးတဲ့အောင်သင်းဟာလည်းသူပဲ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့အကို ဦးအောင်သန်းရဲ့တပည့်ပမာနေခဲ့တာလည်းသူပဲ။ စာပေဟောပြောပွဲမှာ စကော့တလန်ရေနွေးကြမ်း (၀ါ)ရေနွေးအိုးထဲမှာဝီစကီတွေ ထည့်ထည့်နှိပ်တာလည်းသူပဲ။ (ဟူး …လူတစ်ယောက်ကိုတောင်ညွှန်းရတာတော်တော်ခက်ပါလား။ )သူပြောဖူးတာရှိတယ်။ ဟိုင်းဆင်နဲ့စွယ်စုံဆင်အကြောင်းပါ။ ဟိုင်းဆင်ဆိုတာ ဟိုင်းသွားတဲ့ကောင်မဟုတ်ဘူး။ အစွယ်လေးတွေ ငုံစိစိနဲ့ဆင်။ စွယ်စုံဆင်ကတော့ အစွယ်အစုံပါတယ်။ အစွယ်ကောင်းတဲ့ကောင်တွေပေါ့။ ဆိုလိုတာက လူနှစ်မျိုးပေါ့ဗျာ။ အစစအရာရာပြည့်စုံခဲ့တဲ့သူနဲ့ တစ်ခုခုချို့တဲ့ခဲ့တဲ့ ငုံစိစိဆင်လိုလူတွေပေါ့။ စွယ်စုံဆင်တွေဟာ ပျင်းနေတာနဲ့ ခွန်အားသန်မာဖို့၊တိုက်ခိုက်တတ်ဖို့မလေ့ကျင့်ကြဘူးတဲ့။ တောထဲမှာ ဟိုင်းဆင်နဲ့စွယ်စုံဆင်ဖိုက်ကြတဲ့အခါ အစွယ်ကြီးအစုံအလင်နဲ့ ဟိုဘက်က အစွယ်ငုံးတိနဲ့ ဟိုင်းဆင် နှာမောင်းနဲ့ပိတ်ရိုက်လိုက်လို့ အရှိုးရာထင်ပြီးထွက်ပြေးရတယ်တဲ့။ ဟိုင်းဆင်တွေကဘ၀နာတယ်။ သူတို့ဘ၀မှာ အစွယ်မရှိခဲ့ဘူး။ အဲဒီတော့မကြာမကြာ နှာမောင်းကို လက်နက်လို သုံးတတ်အောင် စနစ်တကျပြင်ဆင်ထားတယ်။ သစ်ပင်တွေဘာတွေကို နှာမောင်းနဲ့ကို ရိုက်ချိုးပစ်တာ။ သိပ်သန်တယ်။ ဆင်အရေပြားလိုအထူစားမှာ အရှိုးထင်အောင် ရိုက်နိုင်ဖို့ နှာမောင်းက သိပ်အားသန်မှဖြစ်နိုင်တယ်။ အဲဒီလို ဟိုင်းဆင်နဲ့တွေ့ရင် စွယ်စုံဆင်ပြေးရတယ်တဲ့။

ပြောချင်တာကတော့ ဟိုင်းဆင်လိုဖြစ်အောင်ပြင်ဆင်ထားရင် ကိုယ့်ထက် မွေးရာပါပြည့်စုံတဲ့ကောင်တွေကို ကြောက်စရာမလိုဘူးဆိုတာပါ။ ရှောင်ရဲ့ နောက်ဆုံးငါးယောက်ရှာနေတာဟာ ရှေ့ပိုင်းမှာသက်သာပေမယ့် နောက်ပိုင်းမှာ အခက်တွေ့မယ်။ ကိုယ့်ထက်ညံ့တဲ့လူတွေချည်းဆိုရင်တော့ကောင်းတာပေါ့။ အလုပ်မှာဖြစ်ဖြစ်၊ ဘ၀မှာဖြစ်ဖြစ် ကိုယ့်ရဲ့ အရည်အသွေးတွေကို ပိုပြီးမြှင့်တင်နိုင်ရန် နောက်ဆုံး ၅% ထဲရောက်ဖို့မလွယ်ဘူးပေါ့ဗျာ။ ဟိုင်းဆင်တွေလိုပဲ အရည်အချင်းပြည့်မီတဲ့သူတွေဟာ စွယ်စုံဆင်နဲ့တူတဲ့ ကိုယ်ပိုင် အရည်အချင်းလည်းမရှိသလို နိုင်ငံခြားသားတွေကြောင့် အလုပ်မရတာ၊ နိုင်ငံခြားသားတွေကို မောင်းထုတ်ပေးပါလို့တဆာဆာအော်နေတဲ့ စွယ်စုံဆင်ညံ့များအဖြစ်မွေးဖွားလာတဲ့သူတွေကို နေရာမရွေး၊ အချိန်မရွေးယှဉ်ပြိုင်နိုင်တယ်ဆိုတာကို သက်သေပြကြဖို့ပါပဲ။ (ဇာတိပုည ဂုဏ်မာနတွေပါတကား)။

Regards,

The Gardener


Notes,

Thanks bro, yeyene.



Peace B with U.

Monday, February 13, 2012

လူများ။ မိတ်ဆွေများ၊ ကရုဏာတရား၊ ဗြဟ္မစိုရ်တရား



လူများ။ မိတ်ဆွေများ၊ ကရုဏာတရား၊ ဗြဟ္မစိုရ်တရား

အသက်ကြီးလာရင် ပထမဆုံး ကိစ္စက အပေါင်းအသင်းတွေ ပိုရွေးလာရတာ ဖြစ်မယ်ထင်တယ်။
လူတွေအကြောင်းက စာအုပ်တွေထက် ပိုပြီး စိတ်ဝင်စားစရာကောင်းတယ်။
လူတစ်ယောက်စီရဲ့ ဘ၀ထဲမှာကို ဇာတ်လမ်းကောင်းကိုယ်စီ ကြုံဖူးကြမယ်။ စကားစမြည်ပြောဆိုဖို့ အတွက် မိတ်ဆွေကောင်းတွေ ရှိတာကောင်းပါတယ်။ အဲဒီလိုပဲ မိတ်ဆွေဆိုးတွေ မရှိတာလည်း အင်မတန် ကောင်းပါတယ်။

လူတွေက အားနာတတ်ပါတယ်။ မိတ်ဆွေဆိုလည်း တစ်သက်လုံး မိတ်ဆွေဖြစ်ချင်ကြတယ်။ တကယ်တော့ အဲဒါဟာ မလိုအပ်ပါဘူး။ လောကနီတိမှာပါသလို တစ်ချို့သူတွေက အနားမှာပင်ရှိသော်လည်း အနာလို မိတ်ဆွေ၊ အနားမှာနေတိုင်း ကောင်းတာမဟုတ်ဘူး။ တချို့ကဆေးပင်တွေလို အဝေးမှာနေပေမယ့် ကိုယ့်ကို အထောက်အကူပြုတယ်တဲ့။

စကားဆယ်ခွန်းပြောလို့ ငါးခွန်းလောက်က တစ်ခုခုကို မကျေနပ်တဲ့သူမျိုးတွေကိုလည်း တွေ့ဖူးကြမှာပါပဲ။ အဲဒါမျိုးတွေကိုတော့ ဝေးဝေးကနေရှောင်ပါ။ သူ့ အကုသိုလ်ကိုယ့်ဆီကို အရောက်မခံပါနဲ့။ ဘတ်စ်ကားကြီးတွေရဲ့နောက်က ဝေးလေကောင်းလေဆိုတာကိုပဲ နှလုံးမူပြီး ဝေးဝေးမှာနေလိုက်ပါ။ စကားထောက်ပေးရအောင်လည်း သူမကောင်းဘူးထင်တဲ့သူတွေကလည်း ကိုယ့်အသိမိတ်ဆွေတွေဖြစ်နေရင် ခက်တယ်။ စကားလည်းမထောက်နိုင်ဘူး။ မပြောချင်နေဆိုပြီး ထားလိုက်ဖို့က မလွယ်ပေမယ့် မခက်ပါဘူး။

အကျိုးမရှိတဲ့စကားကိုပြောတာထက် ပိန်ဖျင်းတဲ့ စကားကိုပြောတာက ပိုဆိုးပါတယ်။ အကျိုးမရှိဘူးဆိုတာက အဆိုးမဖြစ်ရင် ပျော်ပျော်ပါးပါး ထွေရာလေးပါး ပြောဆိုတာဖြစ်ပါတယ်။ ပိန်ဖျင်းတဲ့စကားကိုပြောဆိုတာကတော့ စိတ်ဓာတ် မကျန်းမာရာရောက်ပါတယ်။ ကိုယ့်ဘ၀ကို ကိုယ်ကျေနပ်တဲ့သူတွေဟာ မကောင်းကြောင်း လိုက်ပြောနေစရာမရှိပါဘူး။ မိတ်ဆွေတွေတွေ့ရင် ပျော်စရာစကားတွေ ပြောစရာအများကြီးရှိပါတယ်။ တကယ်တော့ စိတ်ပါလက်ပါ ပျော်ပျော်ရွှင်ရွှင်ပြောစရာတွေ များမှများပါပဲ။

သဘောထားသေးတဲ့သူတွေနဲ့စကားပြောကြည့်ပါ။ ငါးမိနစ်မပြည့်ခင် စိတ်ညစ်စရာကောင်းတယ်လို့ ခံစားရပါလိမ့်မယ်။ စိတ်မကျန်းမာတဲ့သူတွေဟာ (စိတ်မချမ်းသာတဲ့သူကိုဆိုလိုပါတယ်။ အရူးလို့ပြောခြင်းမဟုတ်ပါ) သူတပါးကို ခွင့်လွှတ်ဖို့လည်းခက်ပါတယ်။ ကိုယ်တစ်နေရာမှာ ခံလာရတာတွေကို တစ်နေရာမှာ ပြန်နိုင်ချင်တာမျိုးနဲ့တူပါတယ်။ အဲဒီတော့ မိတ်ဆွေတွေကလည်း ကိုယ့်စိတ်ရင်းကောင်းနဲ့ပြောနေဆိုနေတဲ့ကြားက ထထဖောက်နေတဲ့သူတွေကို ကြာရှည်မပြောဆိုချင်တော့ပါဘူး။ အဲဒီတော့ ပိုပြီးကင်းကွာသွားတတ်ပါတယ်။

အကူအညီလိုမှ သတိရတတ်တဲ့ မိတ်ဆွေတွေကို မကူညီဘဲနေကြည့်ပါ။ အဲဒီအခါမှာ မိတ်ဆွေညစ်တို့ရဲ့ သရုပ်သကန်ကို ပိုပြီးသိလာရပါတယ်။ ချစ်လို့ ခင်လို့ ကူညီတာတွေကို အချိန်အားလို့၊တုံးလို့၊ အလို့ ကူညီတာလို့ ထင်နေတဲ့သူတွေလည်း မနည်းပါဘူး။ အပြင်မှာ ကိုယ်မကြိုက်တာတွေ များများ ကြုံရရင် ကိုယ့်စိတ်ကိုယ်လည်း သတိထားနေပါ။ စိတ်က ခူးပြီးသား ပန်းပွင့်လေးနဲ့တူပါတယ်။ သူ့ဘာသာလှပနေပေမယ့် အပူရှိန်ဟပ်ရင် ခဏလေး ပင်ပန်းဆင်းရဲပြီး ညှိုးနွမ်းသွားနိုင်ပါတယ်။ အပူအပင်တွေနဲ့ဝေးဝေးမှာ ရေအေးအေးမှာ ရိုးတံကို စိမ်ထားမယ်ဆိုရင် အချိန်အကြာကြီး လန်းလန်းဆန်းဆန်းဖြစ်နေနိုင်ပါတယ်။

မိတ်ဆွေကောင်းနှစ်ယောက်ရှိတာထက်၊ မိတ်ဆွေဆိုး တစ်ယောက်မရှိတာ ပိုပြီး စိတ်ချမ်းသာပါတယ်။ မိတ်ဆွေကောင်းမရှိရုံနဲ့ ဘာမှမဖြစ်သေးပါဘူး။ မိတ်ဆွေဆိုးရှိရင်တော့ တမျိုးမဟုတ်၊ တမျိုး၊ စကားတစ်ခွန်းမဟုတ် တစ်ခွန်းနဲ့ စိတ်ညစ်ညူးရတတ်ပါတယ်။ စိတ်ဓာတ်ကျန်းမာတဲ့မိတ်ဆွေတွေဟာ ဘာသာရေးသမားတွေမှ မဟုတ်ပါဘူး။ သာမန်လူတွေလည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် စိတ်ထဲမှာ မကျေနပ်မှုတွေ အများကြီးရှိမနေဘူး။ သူ့ဘ၀ကိုလည်း သူကျေနပ်နေတယ်။ အဲဒီလိုလူမျိုးကို မိတ်ဆွေဖွဲ့သင့်တယ်။ ကိုယ့်ဘ၀ကို ကိုယ်မကျေနပ်တဲ့သူတွေဟာ ခံစားထိခိုက်လွယ်လွန်းတယ်။ အရိယာသူတော်စင်တွေမဟုတ်တဲ့အတွက် မိတ်ဆွေဆိုးတွေကို သည်းခံပြီး ဆက်ဆံဖို့ဆိုတာ အခါခပ်သိမ်းမလွယ်ပါဘူး။ လွယ်တာကတော့ တစ်ယောက်တည်းပျော်အောင်နေဖို့ပဲ။ တစ်ယောက်တည်း ပျော်အောင်မနေတတ်သူတွေဟာ တစ်ယောက်ယောက်ရဲ့ မိတ်ဆွေကောင်းဖြစ်ဖို့ အင်မတန်ခက်ပါတယ်။ ကိုယ့်မှာ လိုနေတာတွေကို ဖြည့်စွက်ဖို့လိုအပ်ချက်အတွက်ပဲ မိတ်ဆွေကို လိုတယ် ဆိုတာမျိုးဟာ ရိုးသားစစ်မှန်တဲ့ဆက်ဆံရေးမဖြစ်စေပါဘူး။

ကိုယ်လိုအပ်တဲ့အချိန်မှာ ပြောဖို့ပဲမိတ်ဆွေလိုအပ်ပြီး အဲဒီမိတ်ဆွေ လိုအပ်တဲ့အချိန်မှာတော့ နားညည်းခံပြီး နားမထောင်နိုင်ဘူးဆိုတဲ့သူမျိုးတွေကတော့ တစ်လမ်းမောင်းမိတ်ဆွေတွေဖြစ်နိုင်ပါတယ်။ ဒါဟာ ကိုယ်ချင်းစာစိတ်နည်းတဲ့သဘောနဲ့ အတ္တကြီးတဲ့သဘောလည်းဖြစ်ပါတယ်။ အဲဒီလိုမျိုးလူတွေကို ကြုံရရင် ဘယ်လိုလုပ်မလဲ။ သူတို့ကိုဒေါသဖြစ်နေမလား။ နားမလည်နိုင်လောက်အောင်ဖြစ်ရမလား။ စိတ်ထိခိုက်ရမလား။ ကျွန်တော့်အထင်ကတော့ ဒီလိုလူမျိုးတွေဟာ ကိုယ့်ကိုယ်သည်းခံတဲ့သူတွေ ခွာသွားပြီး စရိုက်တူတွေနဲ့ တွေ့ရပြီး သူ့တို့ဘာသာသူတို့ မိတ်ဆွေတစ်ယောက်ရဲ့ တန်ဖိုးကို သိကောင်းသိသွားမယ်ထင်ပါတယ်။ (သိချင်မှလည်းသိလိမ့်မယ်)မိတ်ဆွေကောင်းဆိုတာ ကိုယ်တန်ဖိုးထားတဲ့ မိတ်ဆွေကို ကူညီဖို့ အသင့်ရှိနေတတ်ပါတယ်။ အားလို့အသင့်ရှိနေတာတော့မဟုတ်ပါဘူး။ ချစ်ခြင်းမေတ္တာနဲ့အသင့်ရှိနေတာပဲဖြစ်ပါတယ်။ အကျင့်မတူလို့ ဝေးဝေးမှာနေပေမယ့် အကူအညီလိုရင် ပေးမယ့်သူမျိုးဖြစ်တယ်လို့ထင်ပါတယ်။ မိတ်ဆွေကောင်းတွေဟာ စိုသောလက်ကို မခြောက်စေတဲ့သူတွေဖြစ်နိုင်ပါတယ်။ မိတ်ဆွေကောင်းတွေ့ရင် တန်ဖိုးထားဆက်ဆံသင့်ပါတယ်။

(-- ဒီအထိက အတည်ကြီးတွေရေးနေတာပါ။ --)

မိတ်ဆွေကောင်းတစ်ယောက်ဟာ 50% အရေးကြီးတယ်လို့ အရှင်အာနန္ဒာကလျှောက်တော့ဗုဒ္ဓက dear son အာနန္ဒာ don't talk so (twice) ဆိုပြီး မြစ်(တားမြစ်)ပါတယ်။ မိတ်ဆွေကောင်းဟာ နိဗ္ဗာန်ရောက်ကြောင်းအတွက်တောင် cent percent အရေးကြီးပါတယ်။ မိတ်ဆွေကောင်းစာမေးပွဲသာ Objective type ဆိုရင် ဧတဒဂ် သုံးဘာသာဂုဏ်ထူးရခဲ့တဲ့ အရှင်အာနန္ဒာ ဒီစာမေးပွဲမှာကျဖို့ရှိပါတယ်။

သီချင်းတစ်ပုဒ်ရှိပါတယ်။ ဂျူးလိယက် ....ဆီဇာ ခင်ဗျားအဖြစ်ဟာ ..... လူယုံသတ်လို့သေ၊ တကယ်မယုံနိုင်စရာပဲဟေ ဆိုတာ .. ကျွန်တော်တို့ငယ်တုန်းက ဆိုပါတယ်။ ဘရူးတပ်စ်က အားလုံးရဲ့ကိုယ်စား သတ်သင့်လို့ သတ်လိုက်တာပါ။ တကယ်တော့ ဂျူးလိယက်ဆီဇာကောင်းဖို့ သတ်လိုက်တာပါပဲ။ မိတ်ဆွေကောင်းဆိုတာ သံသရာအထိ အကျိုးများတာပါပဲ။

ဟစ်တလာမှာလည်း ဂေါ်လီရိုက်ဖက် သူငယ်ချင်းကောင်းတစ်ယောက်လောက်ရှိခဲ့ရင် ကမ္ဘာကြီးမှာ လူမျိုးကြီးစစ်ပွဲကြီးတစ်ပွဲ လျော့နည်းသွားဖို့ရှိပါတယ်။

ကမ်ဂျုံအီဆိုရင်လည်း Gtalk ဖြစ်ဖြစ်၊ facebook ဖြစ်ဖြစ် သုံးခဲ့မယ်ဆိုရင် ဒုံးကျည်ဆောက်မယ့်အစား ပဲခေါက်ဆွဲဝယ်စားလိုက်ကြရင် တစ်နိုင်ငံလုံး အရသာရှိရှိဖြစ်သွားမှာဆိုတာကို သူ့ဝေါလ်မှာ/သူ့ chat box မှာ မိတ်ဆွေတစ်ချို့က့ ရေးပေးခဲ့နိုင်မှာပဲ။

ခရစ်ဝင် ဓမ္မဟောင်းမှာဆိုရင်လည်း ဘုရားသခင်ဟာ အပင်ပန်းခံပြီး ခုနစ်ရက်လောက် အလုပ်လုပ်နေမယ့်အစား chess board တစ်ခုနဲ့ chess pieces တွေဖန်ဆင်းပြီး Grand Master တစ်ယောက်ကို မိတ်ဆွေအဖြစ်ဖန်ဆင်းပြီး ပျော်ပျော်ပါးပါး စစ်တုရင် ကစားနေလိုက်ရင် အခုလောက် ကရိကထ များဖို့မရှိဘူးထင်မိတယ်။

မိတ်ဆွေကောင်းမရှိတဲ့အခါ လူတွေဟာ အစွန်းရောက်ကုန်တယ်။ Depression ဆိုးဆိုးရွားရွားဖြစ်တဲ့သူတစ်ယောက် သူငယ်ချင်းရဲ့ခွေးကလေးကိုပဲ ချစ်စရာရှိတယ်ဆိုတာကို ဆရာတော် ဦးဇောတိက စာအုပ်မှာဖတ်လိုက်ရတော့ အတော်လေး တုန်လှုပ်သွားတယ်။ ဇနီးသည်ကတောင် တုန်လှုပ်တာကို သဘောမပေါက်ဘဲ ရုတ်တရတ် ဘာတွေ ကနေတာလဲလို့မေးခဲ့သေးတယ်။ တုန်ပြီးလှုပ်တိုင်း ကတယ် မထင်နဲ့လို့ ရှင်းပြခဲ့ရသေးတယ်။ အထီးကျန်တဲ့ဘ၀ဟာ သနားစရာသိပ်ကောင်းတယ်။ မိတ်ဆွေကောင်းမရှိတဲ့ဘ၀၊ မိတ်ဆွေဆိုး အစုံအလင်နဲ့ဘ၀ တော်တော် အဖြစ်ဆိုးတယ်။

ဟိုတစ်နေ့က ဖိုးစိန်ရဲ့ blog မှာ သေခြင်းတရားဆီတိုးဝင်နေတဲ့ နေ့ရက်တွေနဲ့ ကလေးမလေးတစ်ယောက်အကြောင်းဖတ်လိုက်ရတယ်။ စိတ်မကောင်းဖြစ်ရတယ်။ လောကကြီးဟာ ၀မ်းနည်းစရာပိုကောင်းလာတယ်။ ကမ္ဘာကျော်လူဆိုးတွေ သက်ဆိုးရှည်နေတဲ့ခေတ်မှာ ကလေးလေးတစ်ယောက် ရောဂါအရ အသက်ဆုံးဖို့ ဖြစ်လာတယ်ဆိုတာ စိတ်မကောင်းစရာပါပဲ။ သူ့မှာ မိတ်ဆွေရှိရဲ့လား။ သူ့သူငယ်ချင်းတွေကရော သူ့ကို လွမ်းနေကြမှာလား။ သေခြင်းတရားဟာ တံခါးမှားပြီး ခေါက်တဲ့ စာပို့သမားတစ်ယောက်လား။ ကျွန်တော်တွေးနေမိတယ်။ ကလေးလေးတွေပဲဖြစ်ဖြစ်၊ သူငယ်ချင်းကောင်းလေးတွေ ရှိဖို့လိုတယ်။ သေခါနီးအချိန်အထိ ချစ်ခင်နေတဲ့သူငယ်ချင်းကောင်းလေးတွေပေါ့။

သူငယ်ချင်းမရှိတဲ့သူတွေဟာ ဘာနဲ့တူသလဲဆိုတော့ နေရာင်မရှိတဲ့ အမှောင်ခန်းထဲမှာ မွေးဖွားကြီးပြင်းလာတဲ့သူတွေလိုပဲ။ ချိနဲ့တယ်။ မှောင်မိုက်တယ်။ ကျဉ်းမြောင်းတယ်။ ဆိတ်သုဉ်းတယ်။ တော်တော်လေး ချို့တဲ့တဲ့ ဘ၀ဖြစ်သွားတယ်ထင်မိတယ်။ မနေ့ညက သစ္စာနီရေးတဲ့ ကလေးစာပေတွေဖတ်တယ်။ အဲဒီတော့မှ ဦးရဲရဲဦးဟာလည်း သစ္စာနီဆိုတာသိတယ်။ တခြားနာမည် ဘယ်နှမျိုးနဲ့ရေးနေသလဲတော့မသိဘူး။ သိုင်းစာအုပ်တောင် ရေးတယ်ဆိုတော့ သူ့မှာလည်း ကလောင်ဝှက် ဆယ်ခုလောက်ရှိပုံရတယ်။ ကလေးတွေအတွက် စာပေကောင်းလိုတယ်လို့သူထင်တယ်။ အဲဒါမှန်တယ်လို့ကျွန်တော်ထင်တယ်။ စာပေကောင်းထက်လိုတာ သူငယ်ချင်းကောင်းဖြစ်မယ်လို့ထင်တယ်။ သူအခုအထိ လူပျိုကြီးဖြစ်နေတာ အောင်သွယ်ပေးမယ့် သူငယ်ချင်းကောင်းလိုနေတာလို့ ကျွန်တော်ထင်မိတယ်။ (လမ်းကြုံရင် သူ့ကို ကျွန်တော် အဲဒီလိုထင်တာလေး အကြောင်းကြားပေးလိုက်ကြပါဦး)။

တံခွန်မရှိသော ကုက္ကားသည်မတင့်တယ်၊ အမှိုက်မပါသော အမှိုက်ကားသည် မတင့်တယ်၊ မသာ မပါသော အသုဘယာဉ်သည် မတင့်တယ်၊ မိတ်ကပ်မပါသော လေယာဉ်မယ်သည် မတင့်တယ်၊ှQR code မပါသော ကြော်ငြာသည်မတင့်တယ်၊ ရင်သားအစွန်းထွက်မှ မပေါ်သော မော်ဒယ်သည်မတင့်တယ်၊ တစ်နေ့အနည်းဆုံး တစ်ခါ မ like ကုန်သော facebooker သည်မတင့်တယ်၊ အစရှိသဖြင့် မတင့်တယ်ကြခြင်းများတွင် မိတ်ဆွေကောင်း၊ သူငယ်ချင်းကောင်းမရှိကုန်သော လူ့ဘ၀သည် မတင့်တယ်။ သို့သော် သူငယ်ချင်းကောင်းဖြစ်စေ၊ မိတ်ဆွေကောင်းဖြစ်စေ၊ လွယ်လွယ်နှင့်မရနိုင်။

မနေ့မနက်က အိမ်တွင် ဘုရားအနေကဇာ တင်ပါတယ်။ အနေကဇာတိ သံသာရံ = Hey တဏှာ Male Carpenter, I found you. ကို ပြန်ပြီး မြန်မာမှုပြုတဲ့အနေနဲ့ အနေကဇာတင်တယ်လို့ခေါ်တာပါ။ အဲဒီအတွက် ဇနီးသည်က မနက်အစောကြီး ချက်ပြုတ်စရာရှိတာချက်ပြုတ်ပါတယ်။ ဘုန်းဘုန်းနဲ့ကလည်း မိတ်ဆွေတွေလိုဖြစ်နေတဲ့အတွက် ဘုန်းဘုန်းဘုန်းချင်တာရှိရင်ပြောပါဆိုပြီး မေးမြန်းထားပါတယ်။

ဟိုတစ်ခေါက်တုန်းက ဘုန်းဘုန်း သုံးပါးပင့်ပါတယ်။ အဲဒီအချိန်က ကျောင်းမှာ ဘုန်းဘုန်းတွေ မအားတာနဲ့ မိတ်ဆွေ ဘုန်းဘုန်းတစ်ပါးထဲကြွလာပါတယ်။ ဒီတစ်ခေါက်တော့ အဲဒီလို မဖြစ်ရအောင်ဆိုပြီး ဘုန်းဘုန်းတစ်ပါးတည်းပင့်ပါတယ်။ ဘုန်းဘုန်းက အမှတ်မှားပြီး သုံးပါးကြွလာပါတယ်။ ကိစ္စမရှိဘူး pasta လုပ်လိုက်မယ်ဆိုပြီး ဇနီးသည်က ခေါက်ဆွဲပြုတ်ပါတယ်။

အရင်ဝယ်ထားတဲ့ ခေါက်ဆွဲက အလုံးအကြီး ၁၃ မိနစ်ပြုတ်ရပါတယ်။ ထပ်ဝယ်လာတာက Angel Hair ဆိုတဲ့ ခေါက်ဆွဲအလုံးအသေးပါ။ နှစ်မိနစ်ပဲပြုတ်ရပါတယ်။ အဲဒီနှစ်ခုကို ရောပြီး ပြုတ်လိုက်တော့  အတော်လေးရှုတ်ထွေးသွားတယ်လို့သိရပါတယ်။

အိမ်က အမတစ်ယောက် ၀င်ကူညီတာနဲ့ အတော်လေးအဆင်ပြေသွားပါတယ်။ ဘုန်းကြီးဖြစ်စေ၊ လူဖြစ်စေ၊ မိတ်ဆွေဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ပါး အားနာစရာမလိုပါဘူး။ ပျော်ပျော်ရွှင်ရွှင်ပါပဲ။ အပိုဆုအနေနဲ့ကြွလာတဲ့ ရဟန်းတော် နှစ်ပါးအတွက် လှူဖွယ်ကတော့ ၀ယ်မထားတဲ့အတွက် ၀တ္ထုပဲကပ်ပါတယ်။

ဘုန်းဘုန်းတို့ကို ကပ်ဖို့ ၀တ္ထုသွားထည့်လိုက်လို့ ဇနီးသည်က ပြောတာနဲ့ အခန်းထဲဝင်ပြီး ဂျူးနှစ်အုပ်၊ မင်းခိုက်စိုးစန်နှစ်အုပ်စီထည့်နေတုန်း ဇနီးသည်ဝင်လာပြီး ဒါက ဘာလုပ်ဖို့လည်းဆိုတော့ ၀တ္ထုကပ်မလို့လုပ်နေတာလို့ပြန်ဖြေတဲ့အခါ အရင်က အရယ်အပြုံးနည်းလှတဲ့ ဇနီးသည်က မပြုံးဘဲ ၀ါးလုံးကွဲရယ်လိုက်တာ 110 dB ကျော်လောက် ကျယ်လောင်သွားပါတယ်။ (ဥပမာအနေနဲ့ကတော့ လျှပ်စစ်လွှမော်တာသံဟာ ၁၁၀ ဒက်ဆီဘယ်လောက်ရှိပါတယ်။) ၀တ္ထုဆိုတာ အဲဒါမဟုတ်ဘူးဆိုပြီး ပြောပါတယ်။ ကျွန်တော်ကလည်း ကပ္ပိယ ဝေါဟာရတွေနဲ့ သိပ်မရင်းနှီးပါဘူး။

ဘုန်းတော်ကြီးတွေ ပြန်အကြွ taxi ငှားတော့ Taxi က အတော်ကြာကြာငှားရပါတယ်။ နောက်တော့လည်း အဆင်ပြေသွားပါတယ်။ မလေးရှားမှာလည်း ထေရ၀ါဒ ဘုန်းကြီးတွေက လူတွေကို အကူအညီပေးတယ်လို့ကြားရပါတယ်။ လူသားအချင်းချင်း ယိုင်းပင်းတာဟာ မင်္ဂလာတစ်ပါးပါပဲ။ မွတ်ဆလင် နိုင်ငံမှာတောင် ကြိုးစားပြီး စေတီတော်တစ်ဆူတည်လိုက်နိုင်တယ်လို့သိရပါတယ်။ ဒါဟာဝမ်းသာစရာကောင်းပါတယ်။ ဘယ်ဘာသာဝင်မဆို ရောက်နေတဲ့တိုင်းပြည်မှာ ကိုးကွယ်စရာ ဆည်းကပ်စရာရှိတာ အဆင်ပြေပါတယ်။ သံဃာဖြစ်စေ၊ လူဖြစ်စေ၊ အချင်းချင်း မေတ္တာ၊ကရုဏာနဲ့စောင့်ရှောက်ကြရင် မိတ်ဆွေဆန်တာပဲလို့ ထင်ပါတယ်။

ကိုယ့်ဘ၀မှာ မိတ်ဆွေရှိရင် ရှိတဲ့မိတ်ဆွေကို တန်ဖိုးထားဖို့နဲ့ မိတ်ဆွေဆိုးရှိရင် မသိမသာလေး block list ထဲထည့်ထားဖို့ သတိသံဝေဂရပါတယ်။ တစ်ဆက်တည်းမှာပဲ မိမိစိတ်ဟာ မိမိရဲ့ မိတ်ဆွေစစ်ဖြစ်ဖို့နဲ့ မောင်မောင်ရဲ့စိတ်ဟာ မောင်မောင်ရဲ့ မိတ်ဆွေစစ်ဖြစ်ဖို့၊ မိမိနဲ့ မောင်မောင်နဲ့ဟာ စိတ်ရဲ့ မိတ်ဆွေစစ်ဖြစ်ဖို့၊ ကျွန်တော်တို့တစ်ဦးစီဟာ ကျွန်တော်တို့တစ်ဦးစီစိတ်ရဲ့ မိတ်ဆွေစစ်ဖြစ်ဖို့ Jim Carrey ရဲ့ Me Myself & Irene မှာလို စိတ်နှစ်ခွတွေကလည်း စိတ်နှစ်ခွစလုံးရဲ့ မိတ်ဆွေများဖြစ်ဖို့ အထူးတလည် ကြိုးစားဆောက်တည်သွားရမှာပါ။ ။

ပျော်ရွှင်သော နေ့လေးဖြစ်ကြပါစေ။ ။


Regards,
The Gardener

Thanks bro yeyene for his artwork. (All friends pee holding hands together!!!)



Peace B with U.

Thursday, February 9, 2012

၃၀။


၃၀။

အသက်သုံးဆယ်ဆိုတာ ရက်ပေါင်း ၁၀၉၅၀။ ကျွန်းတစ်ကျွန်းပေါ်မှာ ပိတ်မိနေခဲ့ရင်တော့ ကျောက်တုံး ၁၀၉၅၀ နဲ့ကိုယ်စားပြုရလိမ့်မည်။ ဘ၀သည် တိမ်စိုင်များလောက်မပေါ့ပါးပါ။ သို့သော် မပေါ့မပါး တိမ်စိုင်ကြီးတော့လည်းမဟုတ်။

တစ်သက်လုံးပျော်ချင်ရင် သစ်ပင်စိုက်ဟု ပြောခဲ့သူမှာ ခူယားတစ်ကောင်ဖြစ်သည်။
သူ၏ ကောင်းကင် သာယာပါရဲ့လား။
စိမ်းမြသစ်ရွက်များ၊ စိမ်းမြ သွေးကြောများ၊ စိမ်းမြ အပြုံးများ၊ နောက်ကျောကို ထောက်ထားသော ဓားမြှောင်တစ်ချောင်း၏ လက်ကိုင်ရိုးမှာလည်း အစိမ်းရောင်စစ်စစ်ပင်ဖြစ်သည်။ အစိမ်းရောင်သည် ကျွန်တော်မြင်ဖူးသော အရောင်များအနက် ပျင်းစရာအကောင်းဆုံး အရောင်ဖြစ်သည်။ အစိမ်းရောင်သည် အညိုရောင်နှင့်မိတ်ဆွေဖွဲ့၍ ညနေခင်း သစ်တော အဖြစ်နှင့် ပျော်နေသည်။ သူ၏ တောအုပ် ငြိမ်းချမ်းပါရဲ့လား။

လူလားမြောက် ဆိုသည့်အရွယ်မှာ မိဘများ တရားဝင် မထောက်ပံ့ဘဲ ပစ်ထားနိုင်သည့် အသက်အရွယ်ဖြစ်ပါသည်။ ထိုစကားလုံးကိုလည်း မိဘများ တီထွင်ခဲ့ခြင်း ပင်ဖြစ်မည်ဟု ကျွန်တော်တွေးနေမိပါသည်။ ဆောင်းရာသီတွင် ကြွေကျခဲ့သော သစ်ရွက်များနောက်သို့ သင်ဘယ်လောက်ကြာကြာ လိုက်ကြည့်ခဲ့ဖူးပါသလဲ။ ထိုမေးခွန်းကို ဖြေခါနီး ငါးမိနစ်အလိုတွင်ဖြစ်ပါသည်။ အသက်သုံးဆယ်သည် ဆိုင်းမဆင့်ဗုံမပါဘဲ ကြွေကျလာပါသည်။ ဘာရယ်မဟုတ် ပျော်ရွှင်သလိုဖြစ်နေမိသည်။ (အသက်အရွယ်ရလာ၍ ပိုမို ပျော်ရွှင်လာပုံရသည်။ )

မနှစ်ကနှင့်မတူသည်မှာ Marital Status နဲ့ Weight/Mass ဖြစ်သည်။ (Gender ကတော့ အရင်လိုပင်ဖြစ်သည်။ မေးနေမှာစိုးလို့ကြိုဖြေထားပေးတာ။) သွေးအမျိုးအစားသည်လည်း O+ ပင်ဖြစ်သည်။ ၂၀၁၂ ကမ္ဘာပျက်မည်ဆို၍ နှလုံးသားအကျိုးစီးပွားနှင့် အစာအိမ်၏ တည်တံ့ခိုင်မြဲရေးအတွက် ကပြာကယာ အိမ်ထောင်ပြုလိုက်သည်။ ထိုအချိန်မှစ၍ ဒဿနပညာကို မသင်ဘဲ တတ်မြောက်ခဲ့ပါသည်။ မိန်းမရကံကောင်းသည်ဟု ပြောသော အမျိုးသားများ၏ ဇနီးသည်များမှာတော့ ကံကောင်းသူများ ဖြစ်နေလေ့မရှိပါ။

အသက်သုံးဆယ်သည် ရှေ့တန်းကစားသမားအဖြစ်အောင်မြင်သော ဘောလုံးသမားများအတွက်မူ အနားယူသင့်သည့်အရွယ်လည်းဖြစ်ပါသည်။ အသက်သုံးဆယ်သည် နှစ်စဉ် Medical Check-up ပုံမှန်လုပ်နေသင့်သော အရွယ်သို့ ဒလိမ့်ခေါက်ကွေး ၀င်ရောက်သွားခြင်းလည်းဖြစ်ပါသည်။ အမျိုးသမီးများအဖို့ ကလေးမွေးလျှင် အထူးစစ်ဆေးမှုများ လိုအပ်လာသော အသက်အရွယ်လည်းဖြစ်ပါသည်။ ဂေါတမနွယ်ဖွား ဗုဒ္ဒအတွက်တော့ ဒုက္ကရစရိယာ ပထမတစ်နှစ် ကျင့်အပြီးဖြစ်ပါသည်။ Jesus အတွက်တော့ တရားစဟောရမည့် ရက်စွဲများလည်းဖြစ်ပါလိမ့်မည်။ Thoreau ရဲ့ နာမည်ကျော်အဆိုအမိန့်တစ်ခုရှိပါသည်။

The boy gathers materials for a temple, and then when he is thirty, concludes to build a woodshed. ~Henry David Thoreau

လူငယ်လေးဟာ ကျောင်းတော်ကြီးဆောက်မယ်ဆိုပြီး ပစ္စည်းကိရိယာတွေစုဆောင်းတယ်။ သူ အသက်သုံးဆယ်ရောက်တော့ ထင်းတွေသိုလှောင်တဲ့ အဖီလေးပဲဆောက်တော့မယ်လို့ ဆုံးဖြတ်လိုက်သတဲ့။ အသက်သုံးဆယ်ဟာ ဆုံးဖြတ်ချက်တွေကို စပြီး လျှော့လေ့ရှိတဲ့အချိန်များလား။

Before thirty, men seek disease; after thirty, diseases seek men. ~Chinese Proverb

ဒီတရုတ်စကားပုံအရတော့ နောက်ထပ် ဆက်လက်ကစားရမည့် ဒုတိယပိုင်း နှစ်သုံးဆယ်တွင် ရောဂါပိုမို ထူပြောများပြားသဘောရှိသည်။ သို့သော် မိမိတစ်ယောက်တည်းတော့မဟုတ်။ သက်တူရွယ်တူများ တပြိုင်နက် အိုသွား၊ နာသွား၊သေသွားကြခြင်းဖြစ်၍ တက်ညီလက်ညီရှိလှသည်။ တစ်ယောက်တည်း ချော်လဲလျှင် နာကျင်ကြေကွဲစရာကောင်းသော်လည်း၊ တပျော်တပါး အုပ်စုလိုက်လဲကျလျှင်တော့ အကျနာသည့်တိုင်အောင် ရယ်စရာ၊ ပျော်စရာကိစ္စဖြစ်နေသလိုပင်ဖြစ်မည်ထင်သည်။ ကျက်သရေရှိစွာ အိုမင်းသွားသော အိုခြင်းတရားသည် အနည်းငယ်မျှပြဿနာမရှိပါ။

အသက်သုံးဆယ်ကစပြီး ဘယ်လို အလုပ်တွေပဲလုပ်တော့မယ်၊ ဘာညာ စိတ်မကူးထားမိပါ။ ဘ၀ကို အဆင်ပြေသလိုနေမည်။ စိတ်ချမ်းသာအောင်အရင်အတိုင်းပဲနေမည်။ ဘာမှထွေထွေထူးထူး လုပ်ရန်စိတ်ကူးမထားပါ။အသက်တစ်နှစ်ကြီးလာသည်မှာ အလန့်တကြားကိစ္စလည်းမဟုတ်လှပါ။ နောင်တလည်း ထူးထူးထွေထွေရမနေပါ။ အရင်လည်း ရလေ့မရှိပါ။ နောင်တရခြင်းများသည် ကြမ်းပြင်နှင့် အပေါ်ဆုံးထပ် နှစ်တစ်ရာစာမြင့်သော/ဝေးကွာသော တိုက်ပေါ်မှ သတ်သေရန် ခုန်ချခြင်းနှင့်တူသည်။ ရှည်လျားငြီးငွေ့ဖွယ် မိုက်မဲမှုဖြစ်သည်။

အသက် ၂၀ ကျော်တွင် ကျွန်တော်နှင့်ရဲရဲနီ ရခိုင်ပြည်နယ်မှ ကျေးရွာလေးတစ်ရွာကို သွားခဲ့ကြသည်။ ပင်လယ်ကမ်းစပ်တွင် မှောက်အိပ်နေသည့်ရွာကလေး။ လှိုင်းပုတ်သံနှင့် အိပ်စက်ရသော ဓလေ့ရှိသည့်ရွာငယ်လေးဖြစ်သည်။ ပိုက်ဆံဖြင့် ၀ယ်ယူစရာမရှိလှသောရွာလေးတစ်ရွာဆိုလည်းမမှားပေ။

ငါးသလောက် လတ်လတ်ဆတ်ဆတ်များကို တစ်နေ့စာတစ်နေ့ချက်ပြုတ်ကြသောရွာလေးတစ်ရွာဖြစ်သည်။ ထိုရွာလေးတွေင် ပင်လယ်ကြီးကို နာရီပေါင်းများစွာထိုင်ကြည့်ပြီး ဘ၀ဟာ ဒီလောက်ရိုးရှင်းခဲ့သင့်တာဟုတွေးခဲ့မိသည်။

ရွာလေးဆီမှ ပင်လယ်ရှုခင်းလှလှလေးကို ကျွန်တော်တို့နှစ်ယောက် ရင်ဘတ်ထဲထည့်ပြီး မွန်းကြပ်သော မြို့ပြတွင် ပြန်ပြန်ထုတ်ကြည့်ခဲ့ဖူးသည်။ ပင်လယ်သည် အသက်သုံးဆယ်အရွယ်တွင် လွမ်းစရာအကောင်းဆုံးရှုခင်းလည်းဖြစ်သည်။

ကမ္ဘာကျော် ကမ်းခြေများတွင်မရှိတော့သည့် သဘာဝတရားကို လွမ်းဆွတ်မိသည်။

ထိုရွာလေးတွင် တစ်နေ့တစ်နေ့ သုံးလေးမိုင် လမ်းလျှောက်ပြီး ကျောင်းတက်နေသည့် ကလေးများကိုတွေ့ခဲ့ရသည်။ ၁၀ စုနှစ်တစ်စုစာ ဝေးကွာနေပေမယ့် သဘာဝအတိုင်း လှနေတဲ့ပင်လယ်ကမ်းခြေမှ ရွာကလေးကို ကျွန်တော် ချစ်နေမိသည်။ မနက်ဖြန်အကြောင်း စဉ်းစားစရာနည်းပါးသော ရွာသားများဆီမှ ဘ၀နေနည်းတစ်ချို့ကို ဆယ်နှစ်ခန့်ကြာမှ နည်းနည်းရိပ်မိစပြုလာသည်။

အသက်သုံးဆယ်သည် ကလေးများနှင့်ပညာရေးကြားမှ မိုင်အရေအတွက်ကို ဒုတိယအကြိမ် ပြန်တွေးမိသောအချိန်လည်းဖြစ်လိမ့်မည်။ ထိုကလေးများသည် အဖိုးတန်မည်ဟုယူဆရသော ပညာကို ရှာဖွေခဲ့ကြသူများလည်းဖြစ်ခဲ့ပါသည်။ ပညာရေးသည် ကလေးငယ်များ မျှော်လင့်သလောက် ပြန်လည်ပေးအပ်နိုင်ခဲ့ပါရဲ့လား ကျွန်တော်တွေးနေမိသည်။ အသက်သုံးဆယ်သည် ကိုယ်နှင့်မဆိုင်လှဟုယူဆခဲ့သော ခြေထောက်သေးသေးလေးများကို နည်းနည်းပိုနားလည်လာသောအရွယ်လည်းဖြစ်ကောင်းဖြစ်လိမ့်မည်။

အသက်သုံးဆယ်အရွယ်သည် .......................................................
...............................................................................................................................
...........................................................................................................................................

။ ။

Regards,
Z

Thanks, bro yeyene for the cute design.



Peace B with U.

Thursday, January 26, 2012

ကျွန်တော်နှင့်နေ့စွဲများ။




ကျွန်တော်နှင့်နေ့စွဲများ။

ဒိုင်ယာရီများသည် သင့်ကိုခြောက်လှန့်နေသော horror film တစ်ခုလည်းဖြစ်နေတတ်သည်။ သည်အဆိုကို မည်သူပြောသွားခဲ့မှန်းမသိတော့။ သိနေခြင်း၏ ဒုက္ခများအကြောင်းသိနေခဲ့ပြီးဖြစ်သည်။ ဒိုင်ယာရီစာအုပ် ခုနစ်အုပ်၊ သို့မဟုတ်၊ ၁၇ အုပ်ရေးခဲ့သည်ဟုထင်နေမိသည်။ မသေချာတော့။ မသေချာသောအရာများကို သိနေခြင်းသည် မသိခြင်းထက်မသာပါ။ မသိခြင်းသည်မသာ၊ တစ်နည်းအားဖြင့် မသိမသာဖြစ်နေသော သိနေခြင်းနှင့် မသိခြင်းတို့၏ထောင့်ချိုးမှာ အနားညီရန်၊သို့မဟုတ်၊ အနားပြိုင်ရန်မလိုအပ်တော့ပါ။

resume' မရေးဘဲ ဒေါ်လာငါးထောင်ရသော အလုပ်တစ်ခု မြန်မာပြည်တွင်ရနိုင်မှန်းမသိခဲ့၍ စင်ကာပူသို့ထွက်လာခဲ့မိသည်။ သို့သော် အနည်းဆုံး လိုအပ်ချက်မှာ အကျယ်ချုပ် ရှစ်နှစ်ဆို၍ တော်ပါသေးရဲ့ဟုတွေးမိသည်။ အလုပ်အကိုင်သည် သင့်ကို မည်သို့မျှ ထူးခြားမသွားစေပါ။ မထူးခြားစေပါ။ မထူးမခြား မပြောင်းမလဲစေပါ။ ကျွန်တော်တို့သည် သုံးဆယ့်တစ်ဘုံတွင် stress များသော ဘုံဟုဆိုပါသည်။ ဟုတ်သလားသေချာမသိပါ။ သေချာမသိသောအရာများကို ရေးခြင်းမှာ မြန်မာဆန်လိုခြင်းကြောင့်ဖြစ်ပါသည်။ တခြားရည်ရွယ်ချက် လားလားမျှမပါပါ။

အလွန်လျှင်မြန်သော ကမ္ဘာကြီးပေါ်တွင် ထပ်ပြန်တလဲလဲပြသနေသော ဇာတ်ကားတစ်ကားမှာ နိုင်ငံရေးအနည်းငယ်ပါသော ၀ိုင်းကြီးပတ်ပတ်ဒူဝေေ၀ ဇာတ်ကားဖြစ်သည်။ ဒီလိုပဲ လှည့်ပျော်နေတော့မှာလား။ အနည်းဆုံး သေသည်အထိ။ ဘေးမှနေ၍ လက်ခုပ်တီးနိုင်သလောက်သာတီးပေးပါ။ အချိန်ကုန်မခံပါနှင့်။

လူဆိုသည်မှာ ပင်ကိုအားဖြင့် နိုင်ငံရေးအကောင်တစ်ကောင်ဖြစ်သည်(man is by nature a political animal)ဟု အရစ်တိုတယ်မှ ပြောခဲ့ပါသည်။ လူဆိုသည်မှာ ပင်ကိုအားဖြင့် ပိုက်ဆံချေးသော သတ္တ၀ါလည်းဖြစ်ပါသည်(Zephyr) ။ ပိုက်ဆံချေးသည် ဖြစ်စေ၊ နိုင်ငံရေးလုပ်သည်ဖြစ်စေ ယုံကြည်မှုတော့လိုအပ်ပါလေသည်။ နိုင်ငံရေးဆိုသည်မှာ ရှစ်ဂိုး-ဂိုးမရှိ နိုင်နေသော အသင်းဘက်မှ နောက်ဆုံးမိနစ်အနည်းငယ် လူစားဝင်ကစားခြင်းမျိုးလည်းဖြစ်ပါတယ်။ အခန့်မသင့်လျှင် မိနစ်အနည်းငယ်ကစားရုံမျှဖြင့် ဖလား ရနိုင်ပါသည်။

အပြောင်းအလဲများသည် ပြင်းထန်ရက်စက်နေသည်။ အပြောင်းအလဲများသည် မတည်ငြိမ်မှုကိုဖြစ်ပေါ်စေပြီး၊ မတည်ငြိမ်မှုများသည် အပြောင်းအလဲများကို ထပ်မံဖြစ်ပေါ်စေသည်။ မြန်မာ ဇာတ်ကားများထဲမှ လူဆိုးဗိုလ် ရဟန်းပြုသွားသော ဇာတ်ကွက်ဖြစ်သည်။ ဓားမများဖြင့် ၀ိုင်းလာသော ရပ်သူရွာသားများ ဦးချပြန်သွားရသော အခန်းဖြစ်သည်။ မြန်မာလူမျိုးများသည် အယုံလွယ်လေသည်ဟု သူ ကြိတ်ပြုံးနေမည်လား။ သံသရာကြွေးဟုသာ ယူလိုက်လျှင်ကိစ္စအေးမည်ဖြစ်ပါသည်။ သံသရာကြွေးဆိုသည်မှာ compounder များ စဉ်းစားရကြပ်လာလျှင် ပေးလိုက်သော ရောင်စုံဆေးလုံးများပမာ နေရာတကာတွင် အသုံးဝင်လှပါသည်။ သူ့အပြုံးမှာလည်း ချိုသာလှပါသည်။

ရွာရိုးသည် ကိုးပေါက်သာရှိသည်။ ကိုးကုန်း၊ ကိုးကျင်း လျှောက်သွားနေသူတစ်ယောက် ကိုးရိုးကားယားဖြစ်နေဟန်တူသည်။ ဒီမိုကရေစီသည် တစ်ဦးချင်းဝင်ငွေများ မြင့်တက်လာရေးအတွက် တစ်ခုခု တော့ လုပ်ပေးမှာပါနော်ဟု မေးနေသော ဇာတ်ရုံနောက်နားမှာ အဘွားအိုကြီးအတွက် ကျွန်တော်တို့တွင် အဖြေရှိနေပြီလား။ ကောင်းလာမှာပါ ဟူသော စကားတစ်ခွန်းသည် ရာစုနှစ်အနည်းငယ်ကို ဖြတ်ကျော်ရဦးမည်ထင်ပါသည်။ အခြေခံအဆောက်အအုံများမရှိလျှင် ပိုးသာကုန်နေဦးမည်ဖြစ်သည်။ တွင်းထွက် သယံဇာတသည် အကန့်အသတ်ဖြင့်သာ ရနိုင်သော အိမ်မက်ချိုမြလေးဖြစ်ပါသည်။ အိပ်ရာမှ နိုးထလာသည့်အခါ၊ သင့်ကို ထပ်ပေးစရာ တွင်းထွက်များမရှိနိုင်တော့ပါ။

ပညာရေးသည်အဓိကပဲဟု မာန်သွင်းအော်ဟစ်ပြီး ခုန်ပျံကန်လိုက်လျှင် 9 mm အုပ်ကြွပ်တစ်ချပ်တစ်လေတော့ ကွဲကောင်းကွဲပါလိမ့်မည်။ သို့သော် ရှည်ကြာစွာ တံတိုင်းဖြစ်နေသော ပညာရေးချွတ်ခြုံကျမှုအတွက်တော့ အားနာစရာကောင်းလောက်အောင် ပျော့သော ကန်ချက်ဖြစ်ပေလိမ့်မည်။ ပညာရေးသည် ထင်တာထက် လေးသော အလေးများဖြစ်ပါသည်။ တော်ရုံတန်ရုံဖြင့်မလိုက်လျှင် ကြွက်သားနာကျင်မှုမှ သေရာပါ ခါးနာရောဂါအထိဖြစ်သွားနိုင်ပါသည်။

ကိုမင်းထင်၏ အင်းသီးသည် စိတ်ထဲ ၀င်ဝင်နေသည်။ ဒီကိစ္စကို သူဖော်ထုတ်ခဲ့သည်။ ပိုးသတ်ဆေး အလွန်အကျွံသုံးထားသည့် ခရမ်းချဉ်သီးလှလှလေးများကို ကျွန်တော်တို့ ပျော်ရွှင်စွာစားသောက်ခဲ့ကြပြီးဖြစ်သည်။ စားသောက်နေကြဆဲလည်းဖြစ်သည်။ ကျန်းမာရေးစောင့်ရှောက်မှုဆိုသော စကားလုံးမှာ အလွန်နားဝင်ချိုသော နားကြပ်တံ တစ်ခု၏ အမည်ဖြစ်ပါသည်။ ခရမ်းချဉ်သီးဆေးဖြန်းနေပုံကိုကြည့်ရင်း ဘုရားတမိသည်။ ဒီကားကို အကြောင်းမဲ့ပိတ်ထားခဲ့သော စေတနာကိုလည်း နာလည်သလိုရှိလာသည်။ စိုက်ပျိုးရေးနည်းပညာဆိုသည်မှာ ရုပ်မြင်သံကြားမှပြသနေသော utopia မှ လယ်သမား၏ ၀င်ငွေများ တရိပ်ရိပ်တိုးတက်နေခြင်းဟုသာ ယုံကြည်စေချင်မိသည်။ ရေခြံများတွင် ခရမ်းချဉ်သီးများ ၀င်းမွတ်သီးပွင့်နေသည်။ ပန်းချီဆွဲရန်၊ ဓာတ်ပုံရိုက်ရန်အတွက် အင်မတန်သင့်တော်သော ခရမ်းချဉ်သီးများဖြစ်ပါသည်။ စားသုံးရန်အတွက် စစ်ဆေးကြည့်ဖို့တော့လိုမည်။ မြန်မာနိုင်ငံသားများ၏ အစာအိမ်သည် ပိုးသတ်ဆေးကို အတန်အသင့်ခံနိုင်ရည်ရှိနေပြီထင်သည်။

မကြာခဏ စိတ်မကောင်းဖြစ်ရသည်။ ထိုအခြေအနေမှ လွန်မြောက်လာသောအခါ စိတ်မကောင်းဖြစ်ရသည်ကိုပင် သိပ်မကြိုက်လှတော့။ ပြောင်းလဲနေသောခေတ်ကြီးတွင် ရပ်တန့်နေသော လူမျိုးစုတစ်စုပမာ။ ခေတ်ပြောင်းချိန်သည် လူသားများအတွက် အန္တရာယ်ရှိတတ်ပါသည်။ ထင်မှတ်မထားသော ဘေးဆိုးများဖြစ်ပါသည်။ လောကကြီးသည် ပြောင်းလဲနေပါသည်။ စိတ်များ၊ ကုသိုလ်များ၊ အကုသိုလ်များအားလုံး evolve ဖြစ်နေပါသည်။ အတွေးများကို နည်းအောင်ထားဖို့ ကြိုးစားလာပါသည်။ သက်တမ်းတစ်ဝက်ခန့်ကုန်သွားပြီဖြစ်သည်။ နောက်ထပ် ခံစားရသော အဖြစ်အပျက်များကို မတုန်မလှုပ်ဖြစ်စေရန် ကိုယ့်ကိုယ်ကို ပြင်ရန်သာရှိပါသည်။ ဒုက္ခတရား၏ အခန်းဆက်ပြကွက်များတွင် မျောပါမသွားချင်တော့ပါ။

မအိုဆေးဟာ သီလ၊
မနာဆေးဟာ သမာဓိ၊
မသေဆေးဟာ ပညာ ဟု အရှင်ဆေကိန္ဒ တရားဟောနေသည်။ ထိုဆေးများဖြင့် allergic ဖြစ်နေသော ခေတ်တစ်ခေတ်၏ သံလှောင်အိမ်အတွင်းမှ စူးစူးဝါးဝါးဟစ်အော်လိုက်သော သားရိုင်းတစ်ကောင်၏ အသံကိုလည်း ကြားနေရသည်။ အကန့်အသတ်ဖြင့်သာရရှိသော ရှင်သန်ခြင်းတရားအတွင်းသို့အဆင်သင့်မဖြစ်မီ ရောက်ရောက်လာတတ်သော သေခြင်းတရား၏ အေးစက်သော လက်တစ်စုံအကြောင်း ပြန်ပြောင်းတွေးတောရင်း၊ ငြိမ်သက်နေမိခဲ့သည်။ ။

Regards,
The Gardener

Notes

Thanks bro, ye ye ne for cute and creative design



Peace B with U.