Monday, December 2, 2013

အကျွနု်ပ်၏ facebook status 2nd Dec 2013

အကျွနု်ပ်၏ facebook status  2nd Dec 2013

အိမ်ခန်းဈေးနှုန်းတွေကို လေးရက် လေ့လာလို့အပြီးမှာ မြေမရှိဘူးဆိုတဲ့ စင်ကာပူက ဈေးကြီးပါတယ်ဆိုတဲ အိမ်တွေကတောင် မြန်မာပြည်လောက် ဈေးမကြီးသေးဘူးလို့သိလိုက်ရ။ မြန်မာပြည်မှာ လခစားတွေ အိမ်ဝယ်နိုင်ဖို့မလွယ်တော့ဘူး။ ဖြစ်သင့်တဲ့ဈေးထက် ၃ ဆလောက်များနေပြီ။ အစိုးရမင်းတွေက နားမလည်၊ပါးမလည်လွှတ်ထားလိုက်ရင် ပိုခက်ကုန်မယ်။ ရွှေဉာဏ်တော်ကွန့်မြူးပြီး နိုင်ငံခြားသား အိမ်ဝယ်ခွင့်များ ဖောဖောသီသီပေးလိုက်လို့ကတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ရခိုင်ဘက်ကနေမြန်မာတွေပြန်ကူးရမယ့်ဇာတ်လမ်းဖြစ်ကုန်မယ်။ ဈေးကြီးတာကို လက်မခံတာမဟုတ်ဘူး။ ဈေးကြီးရတဲ့အကြောင်းအရင်းကို နားမလည်နိုင်တာ။ အရည်အသွေးအားဖြင့်လည်းသာမန်။ လျှပ်စစ်မီးကလည်း ထုံးစံအတိုင်း။ မြောင်းတောင်မရှိတဲ့ရပ်ကွက်ကသိန်း ၂၀၀၀ တွေဘာတွေဖြစ်။ ငယ်တုန်းက ဘောလုံးကန်ခဲ့တဲ့နေရာဆိုရင် သိန်းသောင်းနဲ့ချီဖြစ်ကုန်လောက်ပြီ။ ကြံဖန်ပြီးတောင် ဂုဏ်ယူမယ်ဆို ဂုဏ်ယူလောက်တယ်။ ကုလားတောလို့ခေါ်တဲ့ ကျူးကျော်ရပ်ကွက်ထဲ မိုးပေါ်က ဗီအိုင်ပီတွေအိမ်ဆောက်ဖို့ လယ်ကွင်းဟောင်းသဲဖို့ထားတာမျိုးတောင် သိန်း ၅၀၀၀ အောက်မှာမရှိဘူး။ သာကီဝင်မျိုးတွေဟာ အင်မတန်ဆန်းကြယ်တဲ့ စီးပွားရေးအမြင်ရှိတာ အမှန်ပဲ။

မြန်မာပြည်မှာ အောင်ဘာလေထီပေါက်ရင် တိုက်ခန်းတောင်ဝယ်နိုင်ပါ့မလားမသိဘူး။ ခင်ဗျားတို့ဘာတွေလုပ်စားပြီး ဘယ်လိုချမ်းသာလာကြသလဲလိုက်မေးကြည့်ဖို့ကောင်းတယ်။ ရန်ကုန်မှာ မနေပျော်တော့ပြီ၊ နယ်မှာသာအခြေချမည်ဆိုလို့လည်းသွားမတွေးနဲ့၊ ဘာမှမထူးဘူး။ ထိုနည်းလည်းကောင်းတွေချည်းပဲ။ ဗဟိုဘဏ်ကို ဓားပြတိုက်ပြီး အိမ်၊ခြံမြေလုပ်မယ်ဆိုရင်တောင် ခင်ဗျားတို့ မြေကွက်ကလေး အနည်းငယ်လောက်ပဲ ရမယ်ထင်တယ်။ ရွှေပြည်ကြီးပြန်ရန် ကြောက်လှပါပြီ။ အိမ်ဈေးပေါသောနိုင်ငံများသို့သာ အကျွန်ုပ်လစ်ရန်ကြံနေမိပြီ။ သြစတြေးလျမှာ condo မှ သြဇီဒေါ်လာ သုံးသိန်းခွဲလောက်ပေးရတယ်။ အဲဒါတောင် လေးနှစ်လောက်အသာလေးထားလို့ရသေးတယ်။ ပထမအရစ် ၁၀ ရာခိုင်နှုန်း - ၂၀ ရာခိုင်နှုန်းလောက်ပ။ ဈေးကြီးပါတယ်ဆိုတဲ့ လန်ဒန်လည်း အရစ်ကျနဲ့ပေးပြီးဝယ်ဖို့ကြော်ငြာတာ မြန်မာပြည်ထက်တော့သက်သာသေးတယ်။ ရွှေမြို့တော်ကြီးဟာ မည်သို့မည်ပုံလုပ်လိုက်သည်မသိဘဲ၊ ကမ္ဘာ့ဈေးအကြီးဆုံး အိမ်ခန်းတွေဆောက်လိုက်ပါလိမ့်ဗျာ။ အုတ်ကို ဒေါင်လိုက်ပါးပါးလေးထောင်ပြီးဆောက်ထားတာက သိန်း ငါးရာ။ အပြားလိုက်ချလိုက်ရင် သိန်း ၇၀၀ဖြစ်သွားရော။ ဒါတောင်ရေမမှန်၊မီးမမှန်မို့လို့ ဒီဈေးနဲ့ရနေသေးတာ။

ဓာတ်လှေကားမပါတဲ့ ၇ ထပ်တိုက်တောင် သိန်း ၅၀၀ လောက်ရှိတာ။ ဒါကြောင့်မို့လည်း ဒီမိုကရေစီရေးအတွက် အားအားယားယား လမ်းပေါ်ခဏခဏထွက်နိုင်ကြတာပဲ။ ပိုက်ဆံ သိန်းထောင်နဲ့ချီ transaction ရှိနေတာတွေကို အစိုးရအခွန်လိုက်နိုင်ရင် အစိုးရဟာ တခြားကနေ အခွန်ကောက်နေစရာကိုမလိုတော့ဘူး။ တံဆိပ်ခေါင်းဖိုး၇ ရာခိုင်နှုန်း၊ ၈ ရာခိုင်နှုန်းလောက်နဲ့ နေ့ချင်းပြီးဆောင်ရွက်ပေးလိုက်။ အဲဒီအတွက် အိမ်ခြံမြေ အထူးဌာနဆိုတာဖွင့်။ နိုင်ငံတော်ဘဏ္ဍာဆိုတာ ချက်ချင်းပြန်ပြည့်သွားမယ်။မကြာခင်မှာ လေပိုင်နက်ပါရောင်းမယ်ထင်တယ်။ မြေကြီးက ဈေးကြီးလာတော့ နတ်စင်တွေလို အောက်မှာ တိုင်ကလေးထောင်ပြီး လေထဲကြမှ အိမ်ကြီးကြီးဆောက်ပြီးနေ။ အောက်ကထောက်ထားတဲ့သံတိုင်အတွက် တစ်စတုရန်းလက်မက သိန်း ၉၀၀ လောက်တန်တဲ့နေရာတွေဘာတွေဖြစ်လာဦးမှာ။ ကျနော် ဒီအိုင်ဒီယာကို patent လုပ်ထားမယ်။ နတ်စင်အိမ်ရာဆောက်လုပ်ရေးဆိုပြီး ကိုယ်တိုင်လည်းဆောက်ရဦးမယ်။ လွှတ်တော်က အမတ်ဖျင်းတွေထဲမှာ အိမ်ပွဲစားအဖေတွေများပါသလားမသိဘူး။ သမ်မတကြီး အဖိုးနည်းအိမ်ရာဆောက်လိုက်တာ နောက်ဆုံးဘယ်လိုဖြစ်သွားသလဲမသိသေးဘူး။ ပွဲစားတွေ မသေခင် မြန်မြန်သေကြတာကောင်းတယ်။ နတ်ပြည်မှာ ဒီငနဲတွေရောက်သွားရင် အခုဈေးနဲ့နေလို့မရလောက်တော့ဘူး။ အဖီလေးနဲ့ပဲနေရမယ်။ လေကနေ သိန်းထောင်နဲ့ချီဖြစ်အောင်ပွားနိုင်တဲ့ပညာကို ကျနော့်ကလေးလက်ထက်ကြရင် သင်ဖြစ်အောင်သင်ထားပေးမှဖြစ်တော့မယ်ထင်ပါရဲ့။

Regards,
The Gardener



Peace B with U.

Friday, November 8, 2013

ကျွန်တော်တို့တတွေ အသက်တွေ ကြီးလာပြီ။

ကျွန်တော်တို့တတွေ အသက်တွေ ကြီးလာပြီ။

ငယ်တုန်းက လိုက်အော်ခဲ့တဲ့ ကတ်ဆက်ခွေ (အသံထွက်မှန်ကတော့ ကဆက် နဲ့ပိုနီးစပ်တယ်။ cassette tape)ထဲက ရော့ခ်ကာကြီးလည်း အိုသွားပြီ။ ချစ်စရာကောင်းတဲ့ မနက်ခင်းကော်ဖီ ရနံ့ဟာ နေ့လည်ခင်းမှာ ပျောက်ကွယ်သွားသလို၊ လူငယ်ဘဝရဲ့ လန်းဆန်းလတ်ဆတ်တဲ့အရသာဟာ အသက် သုံးဆယ်ကျော်မှာ တစ်ဝက်လျော့သွားပြီ။ လူငယ်ဘဝမှာ မျှော်မှန်းထားတဲ့ ငွေကြေးပြည့်စုံမှုတွေနဲ့ နီးစပ်လာပြီ။ လူငယ်ဘဝမှာလိုချင်တာတွေ တော်တော်များများ အခု မလိုချင်တော့ဘူး။ လူငယ်ဘဝမှာ မတတ်နိုင်ခဲ့တာတွေကို တတ်နိုင်လာပေမယ့် မဝယ်ဖြစ်တော့ဘူး။ လူငယ်ဘဝရဲ့ ဝိညာဉ်ဟာ စွန့်ခွာသွားခဲ့ပြီ။

လူငယ်ဘဝရဲ့ အဓိပ္ပာယ်က သူငယ်ချင်းတွေပဲ။ တစ်ရက်မှ အပျောက်မခံနိုင်အောင် ချစ်ခဲ့ကြတယ်။ ပြောင်းလဲခြင်းတရားကို ကြံ့ ကြံ့ မခံနိုင်တဲ့ သင်္ခါရတရားတွေထဲ တစ်ခုပြီး တစ်ခု ကျကျပျောက်တယ်။ ချစ်ခင်မြတ်နိုးလွန်းလို့ သိမ်းထားတဲ့ ပန်းပွင့်အဝါရောင်လေးလည်း ညှိုးရော်သွားတယ်။ ဘုရားစင်က စံပယ်ပန်းပွင့်လေးတွေ စွန့်လိုက်ရသလို အမြတ်တနိုး ကပ်လှူခဲ့တဲ့ အလှတရားရဲ့ ကြာရှည်မတည်မြဲမှုမှာ ဖြူစင်ရိုးရှင်းတဲ့ချစ်ခြင်းတရားကို စွန့်လိုက်ရတာပါပဲ။

ပြည့်စုံမှုမရှိတဲ့ ဘဝကနေ ထိုးဖောက်ဖို့ အစဦးအချိန်မှာ အချစ်ဆုံးလူတွေနဲ့လည်းခွဲခွာကြရတယ်။ နာကျင်အချိန်ပိုအထိ တစ်ဂိုးရှုံးနေတဲ့အသင်းလိုပဲ နောက်ဆုံးရတဲ့စက္ကန့်တွေကို ဆွဲဆန့်ထားရမလား၊ အဆုံးမှာရှိတဲ့ အရှုံးကိုလက်သင့်ခံလိုက်ဖို့ပဲပြင်ဆင်ရမလား ဝေခွဲရခက်တယ်။ ရော့ခ်ဂီတရဲ့ ဆိုလိုတွေလို ဘယ်လောက်လှပအောင်တီးတီး သုံးမိနစ်ကျော်လာရင် အီလာတာပဲ။ သဘာဝတရားမှာကိုက ဒီလိုသဘောပဲ။ ရာသီဥတု၊ သစ်ပင်၊ ဒီရေ၊ လရောင်၊ ဘတ်စ်ကား၊ တိမ်တိုက်၊ ဘလိတ်ဓား၊  အချစ် တို့ဟာလည်း ပြောင်းလဲတတ်ပုံရတယ်။ အထူးသဖြင့် expiry date ပါတဲ့ကုန်စည်တွေလို့ သတိမထားမိလိုက်တဲ့လူတွေအတွက်တော့ မလွယ်ကူခဲ့ဘူး။ အပြောင်းအလဲဟာ ကစ်ဘောက်ဆင်းရဲ့ အောက်ခြေဖျက်ရိုက်လိုက်တဲ့  low kick နဲ့တူတယ်။ အခန့်မသင့်ရင် ကြမ်းပြင်ပေါ်က ပြန်မထနိုင်တော့ဘူး။

စိုက်ပျိုးချိန်ဟာ ထင်တာထက် အမြဲပိုကြာမြင့်တယ်။ ချိစ်ကိတ်တစ်လုံးကို ဖုတ်ပြီးလို့ ၁၂ နာရီအတွင်း ရေခဲသေတ္တာထဲထည့်ပြီး သုံးရက်အတွင်း စားလိုက်ဖို့လိုတယ်ဆိုတဲ့ အညွှန်းမျိုးနဲ့ဆိုရင်တော့ ဘဝဟာ လွယ်ကူခဲ့မှာပဲ။ ခက်တာက ဘဝဟာ အဲဒီလို ပြတ်ပြတ်သားသားမရှိလှဘူး။ တက်တွေ အများကြီးပြောင်းလှော်ဖို့၊ ရေစီးကြောင်းသစ်ကို ရှာဖွေဖို့၊ လက်နဲ့လှော်ဖို့၊ မုန်တိုင်းမှာပျော်ဖို့တွေအထိ တောင်းဆိုနေတတ်တယ်။

လူငယ်ဘဝတုန်းက စိုလက်နေတဲ့ လက်မောင်းက တက်တူး ဟာ လူရွယ်ဘဝမှာ ... အရောင်ပြယ်လျော့သွားပြီ။ အချစ်ကို သံသယဖြင့်သာ စောင့်ကြည့်လေ့လာသူ၊ ကဗျာ၊ဂီတဖြင့်သာ ကိုယ့်ကိုယ်ကို ပြန်စိုက်ထားသော ဓားတစ်လက်၊ မတော်တဆကျသွားတဲ့ introvert နွံအိုင်ထဲကနေ ပြန်မတက်တော့တဲ့သူပဲ ဖြစ်လာခဲ့တယ်။ နောက်ထပ်ငါးနှစ်လောက်ကြာတော့ ရော့ခ်စီဒီတွေပြန်သိမ်းပြီး၊ တရားခွေတွေပဲ စီဒီစင်မှာ ပြည့်လာခဲ့တယ်။ နှင်းဆီပန်းအဝါရောင်ကို အဖြူရောင်လီလီတွေနဲ့ လဲလှယ်ပစ်လိုက်ပြီ။

ဘာသာတရား၊ အတွေးအခေါ်၊ ဒဿန၊ မိသားစုကအစ တစ်ကနေပြန်စလိုက်တယ်။ ရှေးတုန်းက အဟောင်းတွေ၊ မသိခင်က အမှန်တရားတွေကိုလည်း စွန့်လိုက်ပြီ။ ငြိမ်းချမ်းတဲ့စိတ်နဲ့ အေးအေးငြိမ်ငြိမ်နေထိုင်ခြင်းကိုပဲ ဘာသာတရား၊ အတွေးအခေါ်၊ ဒဿန၊ မိသားစုအဖြစ် လက်ခံလိုက်တယ်။ ဘယ်ဘာသာတရားကိုမှ ကိုးကွယ်သူမဟုတ်ဘူး။ ကြည်လင်နေတဲ့စိတ်ရဲ့ အေးချမ်းမှုကိုသာ ကိုးကွယ်တဲ့သူဖြစ်လာတယ်။ ကိုယ်ယုံကြည်တာတွေအတွက် ရဲရင့်ရမယ်။ မဟုတ်ရင်လည်း ကိုယ့်ဘဝမှာ အင်အားထွက်စရာနေရာမရှိဘူးဖြစ်နေမယ်။ လိုအပ်ချက်တွေ နည်းသွားပြီ။ ငယ်တုန်းက အရသာတွေဟာ ကြီးလာတော့ ပေါ့သွားပြီ။ ငယ်တုန်းက ပျော်ရွှင်စရာလို့ထင်တာတွေဟာ ကြီးလာတော့ အဓိပ္ပာယ်သိပ်မရှိတော့ဘူး။ တန်ဖိုးထားမှုတွေပြောင်းလဲသွားပြီ။ အပျော်အပါးနဲ့မရနိုင်တော့တဲ့ ပျော်ရွှင်မှုအစစ်ကို ဆက်ပြီးရှာဖွေဖို့ သတ္တိရှိဖို့လိုတယ်။ အမှန်တရားကို လက်ခံရဲတဲ့သတ္တိမရှိမချင်း လောကမှာ တကယ်နေလို့မရသေးဘူးလို့ထင်လာတယ်။ ထွက်ပြေးတဲ့သူမဖြစ်ချင်ဘူး။ ကိုယ့်ရဲ့ မှန်ကန်တဲ့နေရာမှာ တည်တည်ငြိမ်ငြိမ် ရပ်နေတဲ့သူပဲဖြစ်ချင်တယ်။ ပြောင်းလဲသွားတဲ့စိတ်နဲ့ ကိုက်ညီတဲ့ နေထိုင်မှုပုံစံဘက်ကို ရွှေ့လိုက်ဖြစ်လာတယ်။ ဆောင်းရာသီယဉ်ကျေးမှုမှာ နွေရာသီဖက်ရှင်ဟာ အံမဝင်တော့ဘူး။

ငယ်တုန်းက မော့ကြည့်ခဲ့တဲ့ တိမ်တိုက်တွေကိုတော့ အခုလည်း မော့ကြည့်နေတုန်း။ တိမ်ထူတဲ့နေ့တစ်နေ့မှာ ကောင်းကင် အလျားတစ်လျှောက်ဖြတ်သန်းသွားမယ့် တိမ်ကလေးတွေကတော့ ငယ်တုန်းကလိုပဲ ပေါ့ပါးလှပနေမြဲပဲ။ ဒါကို မေတ္တာတရားရဲ့ လှပမှုလို့ ခံစားမိတယ်။ ချစ်ခြင်းအတုအယောင်တွေဟာ ဝေဝါးသွားတာပဲ။ သို့သော်လည်း မေတ္တာတရားရဲ့ ကြည်လင်အေးမြမှုကတော့ ငယ်စဉ်ကနဲ့ မကွာသေးပါလား၊ နှစ်သက်မြတ်နိုးစရာ၊ လေးစားတန်ဖိုးထားစရာကောင်းနေတုန်းပဲဆိုတာတွေ့ရတယ်။ တစ်သက်လုံးသယ်ဆောင်သွားဖို့ အဖိုးအတန်ဆုံး၊ အလေးနက်ဆုံး၊ အမွန်မြတ်ဆုံးတရားတွေကိုပဲ ရွေးချယ်သယ်ဆောင်သွားရလိမ့်မယ်။ စိတ်ကိုပူလောင်စေတာတွေ တော်လောက်ပါပြီ။ မပြတ်နိုင်သေးရင်လည်း ကင်းအောင်နေလိုက်ပါ။ ကိုယ့်ဘဝကို ပြန်ကြည့်လိုက်တိုင်း ကျေနပ်နေစေမယ့် အေးချမ်းငြိမ်သက်မှုနဲ့ပဲ အသက်တွေကြီးပါစေတော့။           ။


ငြိမ်းချမ်းသောနေ့မှာ ငြိမ်သက်သောစိတ်ရှိသူဖြစ်ပါစေ။
Zephyr



Peace B with U.

Wednesday, October 16, 2013

ပျံသန်းခြင်း

ပျံသန်းခြင်း

ငှက်တွေဟာ ဝန်ပိုမသယ်ဆောင်လို့ ပျံသန်းနေနိုင်တာမဟုတ်လား။

မြွေဖမ်းတဲ့သိန်းငှက်အကြောင်း Disovery မှာကြည့်ရင်း အစားအတွက် ရုန်းကန်နေရတဲ့ ငှက်တွေကိုလည်း တွေးမိပါရဲ့။

စားစရာ မရတဲ့ရက်တွေမှာ ကြံ့ကြံခံနိုင်ဖို့၊ စားစရာကို လိုတာထက် ပိုမစားဖို့ ၊ ရှင်သန်နေထိုင်တုန်း ဝေးဝေးပျံသန်းဖို့၊ လူ့လောကကို အမြင့်မြင်ကွင်းကကြည့်ဖူးဖို့ ကျွန်တော် ငှက်တွေဆီက သင်ယူချင်တယ်။

အထူးသဖြင့် ပျံသန်းခြင်းကို စွန့်လွှတ်လိုက်ပြီးသား ငှက်အိုတစ်ကောင်ဆီကပေါ့။           ။


Zephyr



Peace B with U.

Saturday, October 12, 2013

ကျွန်တော်နှင့် ရွှေအိုရောင်ငှက်ကလေး

ကျွန်တော်နှင့် ရွှေအိုရောင်ငှက်ကလေး


ကောင်းကင်၏ လေစီးကြောင်း ရောင်စုံ၊ အပြောင်းအလဲ ရောင်စုံ၊ အခက်အခဲရောင်စုံများကြားတွင် ငှက်ကလေးသည် ကျွန်တော်နှင့် အတူပျံသန်းခဲ့ပါသည်။ တိတ်ဆိတ်သော အမှောင်ည၏ အေးစိမ့်မှု၊ ယသော၊အယသော ဂီတရှည်၏ အီ လာမှု၊ လဘော၊ အလဘော သံဝေဂရတု၏ ပျစ်ချွဲလာမှု၊ ပျော်ရွှင်ခြင်းများ၏ အစိုးမရမှု၊ မိတ်ဆွေများ၏ သစ္စာဖောက်မှု၊ အိပ်မက်များ၏ ခြောက်ခမ်းလွယ်မှု ....၊ ထိုရသမြောက်သော ၂၅ နှစ်တာကြာရှည်သော ခရီးများတစ်လျှောက် ငှက်ကလေးသည် ကျွန်တော်နှင့်အတူပျံသန်းခဲ့ပါသည်။

သူသည် အစားပုတ်သော ငှက်ကလေးတစ်ကောင်ဖြစ်ပါသည်။ စံပယ်ပန်းကြိုက်သော ငှက်ကလေးတစ်ကောင်ဖြစ်ပါသည်။ သစ်ပင်စိုက်သော ငှက်ကလေးတစ်ကောင်လည်းဖြစ်သည်။ ကျွန်တော်သည် သူစိုက်ပျိုးသော သစ်ပင်တစ်ပင်ဖြစ်ပါသည်။

ငှက်ကလေးသည် ခွေးချစ်သူဖြစ်ပါသည်။ မြွေမုန်းသူလည်းဖြစ်သည်။ ဘဝတူငှက်ကလေးများအတွက် နေအိမ်တည်ဆောက်ပေးသူလည်းဖြစ်ပါသည်။ စိမ်းလန်းမှုများကို ခြောက်သွေ့မှုများဆီမှ ခြစ်ထုတ်ယူနိုင်သော ငှက်ထူးငှက်ဆန်းလေးလည်းဖြစ်သည်။

ငှက်ကလေးနှင့် ကျွန်တော် မနက်ခင်းပေါင်းများစွာ ကော်ဖီအတူသောက်ခဲ့ကြပါသည်။ သူစီမံပေးသော အစားအသောက်များကို ကြေးများရသည်မှာလည်း အမှတ်တရဖြစ်ရသည်။ ငှက်ကလေးသည် တစ်ခါတစ်ခါ အင်္ဂလိပ်သီချင်းများ၏ သံပြိုင်အပိုဒ်ကို ဆိုနေတတ်သည်။ ငှက်ကလေးသည် လောက၏အကြောင်းကို နားလည်သူမဟုတ်ပါ။ မိသားစုကို ချစ်ခြင်းတရားဖြင့် ထိန်းမတ်ပေးသူသာဖြစ်သည်။

ငှက်ကလေးသည် အစားအသောက်ကြေးများသူမဟုတ်ပါ။ ကောင်းကင်၏ ဘာသာစကားကို နားလည်သူမဟုတ်ပါ။ မပွင့်သေးသော ပန်းပွင့်များကို ရေတွက်နေသူသာဖြစ်သည်။ နူးညံ့သော လက်ဖဝါးများဖြင့်ပင် ဆင်းရဲတွင်း အတန်အသင့်နက်ခဲ့သူဖြစ်သည်။ ၁၀ နှစ်ကြာစစ်ပွဲ၏ ခေါင်းဆောင်ဗိုလ်ချုပ်အဖြစ် ရှေ့တန်းသို့ထွက်ခဲ့သည်။ တောင်ကုန်းများကို သိမ်းပိုက်ခဲ့သည်။ စစ်ပွဲငြိမ်းချိန်တွင် ပျော်တတ်သော၊ ချစ်တတ်သော စိတ်အထာဖြင့် နေထိုင်ခဲ့သည်။ ငါးကလေးများကို အစာကျွေးရင်း၊ ငှက်ကလေးများကိုအစာကျွေးရင်း ငြိမ်းချမ်းစွာနေခဲ့သည်။

ငှက်ကလေးနှင့် ကျွန်တော် တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး၊ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ခဲ့ကြသည်။ သူ့တောင်ပံ ဒဏ်ရာရစဉ်က ကျွန်တော်ပြစုခဲ့သည်။သူသည် လောကဓံကို သိပ်မတုန်လှုပ်သော ငှက်ကလေးတစ်ကောင်ဖြစ်ပါသည်။

သူ့ထံမှ နှိမ့်ချမှုကို ကျွန်တော် အမွေမရခဲ့ပါ။ ဖြောင့်စင်းနူးညံ့သော ဆံပင်များကို အမွေမရခဲ့ပါ။ မျက်ရစ်မပါသော မျက်လုံးနှစ်လုံးသာ အမွေရခဲ့သည်။ ပန်းအလှပြင်ခြင်းကို အမွေမရခဲ့သော်လည်း အမှိုက်ဖွခြင်း၊ အဝတ်အစားမခေါက်တတ်ခြင်းတို့ကို အမွေရခဲ့သည်။ ငှက်ကလေးသည် အလွန်အားနာတတ်သူဖြစ်သော်လည်း ကျွန်တော်ကတော့ တစ်ကိုယ်ကောင်းဆန်စွာ အားမနာတတ်သူဖြစ်လာခဲ့သည်။ ထို့အတွက် ငှက်ကလေးက မည်သို့မျှ အပြစ်မဆိုပါ။

ငှက်ကလေးတွင် မျှော်လင့်ချက် သေးသေးလေးများရှိပါသည်။
ငှက်ကလေးသည် ကြီးကြီးမားမား မျှော်လင့်သူလည်းမဟုတ်ပါ။

ဆောင်းရာသီသည် အခါခပ်သိမ်းလှပ သည်တော့မဟုတ်ပါ။ တစ်ခုသော ဆောင်းရာသီတွင် ငှက်ကလေးသည် အဝေးသို့ပျံရတော့မည်ဟုဆိုပါသည်။ထိုနေ့သည် အသက်ရှူအားကူစက်ဖြင့် ဆက်လက်ရှူနေရန် ပျင်းရိလွန်းလာသောတစ်နေ့တွင်ဖြစ်သည်။ ရွှေအိုရောင် တောင်ပံများဖြင့် ပျံထွက်သွားရန် အသင့်ဖြစ်နေပြီထင်သည်။ ငှက်ကလေးအတွက် ပျော်ရွှင်ဖွယ် ခရီးဖြစ်မည်ဟု ကျွန်တော်ထင်ပါသည်။ ရွှေအိုရောင်တောင်ပံများသည် ငြိမ်းချမ်းစွာလှပနေသလို၊ သန်စွမ်းစွာဖျတ်လတ်နေသည်။

ငှက်ကလေးမရှိတော့သော ကမ္ဘာပျက်ထဲတွင် ကျွန်တော် ကျန်ရစ်ခဲ့သည်။ အချိန်ကာလသည် တစ်ခါတစ်ရံတွင် သမားတော်မဟုတ်ပါ။ ရမ်းကုတစ်ယောက်သာဖြစ်ပါသည်။ အချိန်ရမ်းကုကြောင့် တစ်ခါတစ်ခါ ရောဂါပိုဆိုးသွားတတ်ပါသေးသည်။

ငှက်ကလေးတွင် အမည်တစ်ခုရှိပါသည်။ သူ့ကို Teresa ဟု ကျွန်တော်ခေါ်သည်။
ယခု ကျွန်တော် ငှက်ကလေးကို လွမ်းနေသည်။           ။

With Peace,
Zephyr

R.I.P mom.
It had been 5 yrs u flied away.





Peace B with U.