Tuesday, April 10, 2012

ကုန်လွန်ရက်စွဲများ





ကုန်လွန်ရက်စွဲများ


The Mentalist Season 4

gOOD FRiDAy ကတော့ အတော်လေး gOOD သွားတယ်။ tHE MENTALIST SEASON 4 ၁၇ ကားကို ဆက်တိုက်ကြည့်လိုက်တယ်။ ထမင်းနှစ်ခါထစားတယ်။ ရေတစ်ခါထချိုးတယ်။ tv ကို ကသိုဏ်းရှူသလို ကြည့်ပစ်လိုက်တယ်။ Season 3 တုန်းက သတ်လိုက်နိုင်ပြီလို့ထင်ရတဲ့ Serial Killer RED JOHN က မသေသေးဘူးဖြစ်နေတယ်။ subcribe လုပ်ရင် ၂၉ SGD လောက်ကျမယ်။ အလကားကြည့်ရတာ mio TV ကျေးဇူးပဲ။ ဇနီးသည်က စုံထောက်ကားမကြိုက်ပုံပေါ်တယ်။ လာမကြည့်ဘူး။ TV ကို ဒီလိုကြာကြာကြည့်တာကိုလည်း အားပေးပုံမပေါ်ဘူး။ ၁၇ ကားပြီးတော့ ခေါင်းတွေအတော်မူးနေတာတွေ့ရတယ်။
TV အကြည့်လွန်ပြီးသေသွားတဲ့သူတွေ ကမ္ဘာမှာရှိနိုင်တယ်။ အဲဒီစာရင်းထဲကိုတော့မပါချင်သေးဘူး။ အခုတလော ရုပ်ရှင်ကို ၀ါသနာပါလာတာကိုတွေ့ရတယ်။ အသက်သုံးဆယ်ရောက်လာတော့ အသက်လည်း ထိပ်စီးပြောင်းသွားသလို ၀ါသနာလည်း ထိပ်စီးပြောင်းသွားပုံရတယ်။

Lorax သွားကြည့်ပြီးတော့ Wrath of the Titans ကြည့်ဖြစ်တယ်။ ရှေ့လမှာ Madagascar 3 တင်ရင်လည်း သွားကြည့်ဦးမယ်စိတ်ကူးတယ်။ စာရေးတာတော့ တော်တော်လေးလျော့သွားတာသတိထားမိတယ်။ အရင်ကလို ပုံမှန် ရေးဖြစ်တာတော်တော်လေးနည်းသွားတာကို ကိုယ့်ဘာသာကိုယ်သတိထားမိတယ်။ အသက်ကြီးလာလို့ဖြစ်မယ်။ အသက်ကြီးလာတဲ့အခါ လူက ပျင်းသထက်ပျင်းလာပုံပေါ်တယ်။ ရုပ်ရှင် REVIEW လေးတွေရေးလက်စတွေရှိတယ်။ မတင်ဖြစ်ဘူး။ ဘယ်ဟာမှ အပြီးမသတ်နိုင်သေးဘူး။ LEGEND OF BAGGER VANCE ရေးနေတယ်။ ပြီးမယ့်ပုံတော့မပေါ်သေးဘူး။



Pyare Mohan

တနင်္ဂနွေနေ့ကတော့ ထူးထူးခြားခြား ကုလားကားတစ်ကားကြည့်ဖြစ်တယ်။ ပြာရေးနဲ့ မိုဟမ်တဲ့။ ရယ်ရတယ်။ အင်္ဂလိပ် အက်ရှင်တွေမကြည့်ချင်တဲ့ ဇနီးသည်ကြောင့်ကြည့်ဖြစ်တာလို့ဆိုနိုင်တယ်။ ကုလားအကတွေကလည်း အရင်လို ဗိုက်ကလေးကော့လန်ကော့လန်လေးလုပ်ပြီး ပြေးဟယ်လွှားဟယ် လဲဟယ်ထူဟယ်လောက်မဟုတ်တော့ဘူး။ အနောက်တိုင်းဆန်လာတယ်။ အရင်ကတည်းက အက၀ါသနာပါပြီးသားဆိုတော့ အနောက်တိုင်းအကလည်းသင်ရလွယ်ပုံရတယ်။

ပြာရေးက မျက်မမြင်၊ မိုဟမ်က နားမကြား။ မြန်မာကားတွေနဲ့ဆင်တယ်။ ကုလားကားကတော့ ရိုက်တာပိုကောင်းတယ်။ လူစုံတယ်။ ဇာတ်လမ်းကတော့ မြန်မာပရိတ်သတ်အတွက် ဆီလျော်တယ်ထင်မိတယ်။ ဇာတ်လမ်းကတော့ ခိုင်တယ်ပြောရမယ်။ ၂ နာရီခွဲကြာတယ်။ ကနေဆိုနေတာတွေ ကျော်ပစ်လိုက်ရင် ဇာတ်လမ်းက ၁ နာရီလောက်တော့ရှိတယ်။

ဇာတ်လမ်းကို နှစ်ဆင့်လုပ်ထားတယ်။ tricks လေးနဲ့ပေါ့။ မြန်မာကားတွေလို တွေ့တွေ့ချင်းမကြိုက်ဘူး။ အငြင်းခံရတာလည်းရှိတယ်။ ကုလားပြည်မှာချည်းမရိုက်ဘူး။ ထိုင်းကိုတစ်ဝက်သွားရိုက်တယ်။ Don Tony ကြီးသေပြီထင်ရာကနေ ပြန်ရှင်လာတာကလည်း အလှည့်အပြောင်းလေးတစ်ခုပဲ။

ပျော်စရာဇာတ်လမ်းလေးတစ်ခုလို့ဆိုနိုင်တယ်။ ကုလားကားကြိုက်တဲ့ပရိတ်သတ်အတွက်တော့ ကြည့်သင့်တဲ့ကားလေးတစ်ကားပဲ။ မြန်မာကားတွေ ဒီလို ဇာတ်လမ်းမျိုးလေး ခိုးပြီးရိုက်လိုက်ရင် ငွေဝင်ကောင်းတဲ့ ရုပ်ရှင်ကားကြီးတစ်ကားဖြစ်နိုင်တယ်။ ထိုင်းနိုင်ငံသွားတဲ့အခန်းပါထည့်ရိုက်လိုက်ရင် ဆန်းသစ်သွားမယ်။ ANNA ဇာတ်ကားမှာ မြန်မာတွေကို လူဆိုးတွေအဖြစ်ထည့်ရိုက်ထားတာကို လက်စားချေရာလည်းရောက်နိုင်တယ်။

မင်းသမီးနှစ်ယောက်မှာ အငယ်မလေးက အနောက်တိုင်းသူနဲ့တူတယ်။ မဆိုးဘူး။ အကြီးကတော့ မျက်လုံးအမည်းဆိုးထားတော့ ဂျားကစ်ရုပ်ပိုပေါက်တယ်။ အကုန်အကျမများဘဲ သပ်သပ်ရပ်ရပ်နဲ့ ဇာတ်ကားတစ်ကားဖန်တီးနိုင်တာတွေကြောင့်လဲ bollywood ဟာ အောင်မြင်တာပဲ။

Myanmar Models

မြန်မာအလှမယ်တွေကတော့ အင်္ဂလိပ်လို နကန်းတစ်လုံးမှနားမလည်တာကိုတွေ့ရတယ်။ အင်တာနက်ရှင်းနယ်မှာ ပြိုင်ပွဲဝင်ဖို့တော့မလွယ်သေးဘူးထင်တာပဲ။ တင်မိုးလွင်မေးတာကို ဖြေတာ ခဏ၀င်ကြည့်လိုက်တာစိတ်လေသွားတယ်။ Global Warming ကိုကာကွယ်ဖို့ a. သစ်ပင်စိုက်ရမယ်။ b. သစ်ပင်ခုတ်ရမယ်။ c. သစ်ပင်တွေကို ချစ်ရမယ်။ d. None of these ကို d လို့ရွေးတာတွေ့ရတယ်။ တော်တော်ပညာသားပါတဲ့အဖြေလို့တွေးမိတယ်။ တင်မိုးလွင်က generally မေးတာကို ပညာသားပါပါနဲ့ဖြေသွားတယ်လို့ခံစားရတယ်။ Antarctica မှာ သစ်ပင်သွားစိုက်ရင် Global Warming ပိုဆိုးသွားစရာရှိတယ်ဆိုတာကို သူမလေး သိနေပုံပဲ။ အမှန်ကတော့ မဟုတ်ဘူး။ အင်္ဂလိပ်လိုကို နားမလည်တာ။ တစ်ယောက်က အာဆီယံဆိုတာဘာလဲဆိုတာကိုလည်း မသိရှာဘူး။ ရုပ်ကလေးတွေက သနားကမားလေးတွေဆိုတော့ အားလုံးကို မဖြေနိုင်လည်း အောင်မြင်စေချင်ပါတယ်။ အမှန်တော့ ဗဟုသုတနဲ့ ရုပ်အဆင်းနဲ့ဟာ ဆက်စပ်စရာမလိုဘူးထင်မိတယ်။ စူပါမော်ဒယ်တစ်ယောက်ဟာ အနီရောင် ကော်ဇောပေါ်မှာ တင့်တယ်ကျက်သရေရှိနေရင်တော်ပြီလို့ထင်တယ်။ ဗဟုသုတဆိုတဲ့အရာကို တော်တော်လေးစိတ်ကုန်နေပြီ။ အခုခေတ်မှာ များများသိတာဟာ hard disk space ကိုချွေတာပြီး ဦးနှောက်ကို space ဖြုန်းတာပဲ။ အသုံးမ၀င်တော့ဘူး။

Facebook

facebook ကတော့ မြန်မာပြည်ကနေ၀င်မရဖြစ်ဖြစ်နေတယ်။ တော်တော်လေးစိတ်လေတယ်။

Job Hunting

စင်ကာပူမှာ အလုပ်လာရှာတဲ့ မြန်မာတွေလည်း သနားစရာကောင်းတယ်။ ၁၁၀၀ တည်းပေးတဲ့အလုပ်လည်းရှိတယ်။ တော်တော်လေးကို အံ့သြတယ်။ pass တွေ reject တော်တော်လေးဖြစ်တယ်။ ရတဲ့ဘွဲ့နဲ့ လျှောက်တဲ့အလုပ်နဲ့မကိုက်ရင်လည်း reject ဖြစ်တယ်။ အရင်ကလို appeal တင်ရင်လည်း မြန်မြန်မရဘူး။ တခါတလေ လေးပတ်အထိစောင့်ခိုင်းတာတွေဖြစ်တယ်။

သန့်ရှင်းရေးသမားများ

စင်ကာပူမှာ သန့်ရှင်းရေးသမားတွေပျင်းကုန်ကြပြီ။ အမှိုက်တွေ၊ သစ်ရွက်တွေကို ရေမြောင်းထဲလှဲချလိုက်တာ အခုတလော ပိုတွေ့နေရတယ်။ အင်မတန်မှ အလွယ်လိုက်တဲ့နည်းလမ်းဖြစ်ပါတယ်။

တခြားနေရာတွေတော့မသိဘူး။ ကျွန်တော်နေတဲ့ဘက်မှာတော့ အမှိုက်သိမ်းကားလေးတွေမောင်းတဲ့သူတွေဟာ အရင်ဘ၀က ပြိုင်ကားမောင်းသူတွေဖြစ်တယ်။ အမြန်မောင်းတာ တင်လာတဲ့ ဆိုဖာခုံပြုတ်ကျတာလည်းတွေ့ရတယ်။ အမှိုက်အိတ်တွေ လမ်းပေါ်ကျနေတာလည်း မကြာမကြာတွေ့ရတယ်။

စင်ကာပူ SMU ရှေ့ချုံထဲမှာဆို မနေ့က ပစ်ထားတဲ့ ခွေးသေကောင် ဒီနေ့အနံ့တောင် ရနေပြီ။ ဒီနေ့လည်း လာမသိမ်းသေးဘူး။ အော့အော့တွေပါကလား။

ပျော်ရွှင်ဖွယ် နောက်နှစ်

နောက်နှစ်မှာ အလွန်ရှည်တဲ့ ပိတ်ရက်ရှိမယ်လို့ဒီနေ့ဖတ်လိုက်ရပါတယ်။ ပိတ်ရက်မျှော်နေသူများ နောက်နှစ်မှာပျော်နိုင်ပါပြီ။

သင်္ကြန်

ဘယ်နေ့မှန်းတောင် မမှတ်မိပါ။

With Regards,
The Gardener




Peace B with U.

Tuesday, March 20, 2012

Google Mail ကသိကအောင့်




Google Mail ကသိကအောင့်

gmail ကို မြန်မာအများစုအသုံးပြုကြပါတယ်။ အလကားပေးသမျှ mail တွေထဲမှာတော့ အကောင်းဆုံးဖြစ်ပါတယ်။အခုတလော gmail မှာ ပြဿနာတစ်ခုရှိလာပါတယ်။

.(dot) ပါတဲ့ အကောင့်တွေ log in ဝင်မရတာမျိုးဖြစ်နိုင်ပါတယ်။ ဝင်မရဘူးဆိုတာက ဒီလိုပါ။ maungkyawthein@gmail.com နဲ့ maung.kyawthein@gmail.com ဆိုပြီး မေးလ်အကောင့်နှစ်ခုရှိတယ်ဆိုပါစို့။ အခုဖြစ်နေတာက gmail က update တစ်ခုခု လုပ်လိုက်ပုံရပါတယ်။ dot ပါတာနဲ့ မပါတာနဲ့မှာ တစ်ခုပဲ active ဖြစ်ပြီး အဲဒီမေးလ်နှစ်ခုကိုပို့သမျှမှာ active ဖြစ်တဲ့ အကောင့်ဆီကိုပဲ မေးလ်ရောက်ပါမယ်။

maungkyawthein@gmail.com က active ဖြစ်နေရင် maung.kyawthein@gmail.com ကိုပို့သမျှ maungkyawthein@gmail.com ကိုရောက်ပါမယ်။ မေးလ်နှစ်ခုကြိုက်တာကိုပို့ active ဖြစ်နေတဲ့အကောင့်ကိုပဲရောက်ပါမယ်။ အဲဒီမှာ ပြဿနာက အလိုလိုနေရင်း inactive ဖြစ်သွားတဲ့ အကောင့်ပိုင်ရှင်က ဘာမှ မသိလိုက်ရတာပါပဲ။ maungkyawthein@gmail.com က maung.kyawthein@gmail.com ကို log in ဝင်လို့ရပါတယ်။ dot မပါတာနဲ့ပါတာနဲ့အတူတူတစ်ခုတည်းဖြစ်သွားတာမျိုးပါ။

အဲဒီလိုဖြစ်နေတယ်ဆိုတာပြောချင်တာပါ။ စောစောစီးစီး dot ပါတဲ့အကောင့်တွေကို စစ်ဆေးကြည့်ဖို့သတိပေးလိုက်ပါတယ်။

dot ပါတဲ့အကောင့် inactive ဖြစ်တာရှိသလို၊ dot မပါတဲ့အကောင့်ဖြစ်တာလည်းရှိပါတယ်။ ကိုယ့်အကောင့်နဲ့ နာမည်တူ dot ကွဲတစ်ယောက်ယောက်က ကိုယ့်အရင် account ဖွင့်ထားရင် ကိုယ့်အကောင့် inactive ဖြစ်နိုင်စရာရှိပါတယ်။ သူငယ်ချင်းတစ်ယောက်နှစ်ယောက်ကြုံနေတာနဲ့ အဲဒါလေး share လိုက်ပါတယ်။ ဘယ်သူမှ အကောင့်ခိုးသွားတာမဟုတ်ပါဘူး။ အဲဒီလို account ပြဿနာကြုံရင် Google ကိုသာ ဆက်သွယ်မေးကြည့်ကြဖို့ပါပဲ။

သတိပြုတော်မူနိုင်ကြပါစေ။ ။

Notes,

အခုပဲ dot ပါတဲ့ ကျွန်တော့်အကောင့်တစ်ခုကို dot မထည့်ဘဲ log in လုပ်ကြည့်တာ ရတာကိုတွေ့ရပါတယ်။ အဲဒီကတည်းက dot ပါတာနဲ့ မပါတာနဲ့ကို တစ်ခုတည်းထားလိုက်ပြီလို့ယူဆနိုင်ပါတယ်။ ကိုယ့်အကောင့်ကိုယ်ဝင်လို့ရသေးလား စမ်းကြည့်ကြပါဦး။ လူများမေးလ်တွေကိုယ့်ဆီဝင်နေရင်လည်း facebook မှာဖြစ်ဖြစ်ရှာပြီး အကြောင်းကြားလိုက်ကြပါဦး။

Regards,
Z



and some of my friends's current experience on this issue.



Peace B with U.

Sunday, March 18, 2012

The Lorax who speaks for trees





The Lorax who speaks for trees

သစ်ပင်တွေမရှိတော့ရင် .........................။

Unless ...

တကယ်ဆိုရင် ကျွန်တော်တို့တွေ ကမ္ဘာလောကကြီးကို စိတ်သန့်သန့်နဲ့ချစ်တတ်ဖို့ အများကြီး ကြိုးစားရဦးမယ်။ နောင်လာနောက်သားတွေ ဆက်လက်နေထိုင်ရဦးမယ့်ကမ္ဘာကြီးကို ဘယ်လို ချန်ထားခဲ့ပေးမလဲ ဆိုတာကို ပြန်သတိထားမိဖို့ .............. လိုအပ်တဲ့ ဆေးဝါးတစ်ခွက်တစ်လေထဲမှာ ၁၉၇၁ ကရေးခဲ့တဲ့ The Lorax ဆိုတဲ့ စာအုပ်လေးကို ပြန်ရိုက်ထားတဲ့ Animation ကာတွန်းကားလေးတစ်ကားလည်းပါခဲ့တာ အံ့သြစရာအကောင်းသား။

Dr.Seuss ကို ကလေးစာပေ စာရေးဆရာတစ်ယောက်အနေနဲ့သိထားတာတော့ကြာပြီ။ သူ့လက်ရာတွေကောင်းတယ်လို့ အသိတစ်ယောက်ကပြောလို့ တစ်ချိန်မှာဖတ်မယ်ဆိုတဲ့ စာရင်းထဲတော့ထည့်ထားမိတယ်။ စာရေးဆရာ၊ ကဗျာဆရာနဲ့ ကာတွန်းဆရာ သရီးအင်ဝမ်း အနုပညာရှင်ကြီးကတော့ စောစောစီးစီးကပဲ သစ်ပင်တွေကို ချစ်တတ်ဖို့ အမြော်အမြင်ရှိရှိရေးသွားလေရဲ့။

ဒီကာတွန်းကားမတိုင်မီက ရိုက်ခဲ့တဲ့တစ်ကားကိုတော့ ဂူဂယ် ဗီဒီယိုမှာကြည့်နိုင်ပါတယ်။ ၂၄ မိနစ်လောက်ပဲကြာပါတယ်။

http://video.google.com/videoplay?docid=6650219631867189375

ဒီကားလေးကတော့ရိုးရိုးလေးပါပဲ။ အခု ၂ဝ၁၂ မှာပြန်ထွက်လာတဲ့ အဆင့်မြင့် animation version ဖြစ်တဲ့ The Lorax နဲ့ယှဉ်ဖို့ခက်သွားတာက နည်းပညာတွေပါပဲ။ ကာတွန်းတစ်ကားကို အနုပညာမြောက်အောင်ရိုက်တတ်လာတာကလည်း သိပ်မကြာလှသေးပါဘူး။ အထူးသဖြင့် ရသဖြည့်စွက်ချက်တွေပိုကောင်းလာသလို၊ အတုံးလိုက် အတစ်လိုက် ပညာပေးခြင်းတွေလည်းလျော့နည်းလာပါတယ်။


ဒီကားကို သရုပ်ခွဲကြည့်ရင်တော့ Wall E ကာကွယ်ခဲ့တဲ့သစ်စေ့နဲ့ သိပ်မကွာသလိုသလိုပါပဲ။ ဒီမှာသီချင်းဆိုတာတွေကတော့ Rio ကြိုက်တဲ့သူတွေ သဘောကျစရာပါပဲ။ Ted Wiggins ရဲ့အဘွား Grammy Norma ကိုလည်း Madgascar မှာပါတဲ့ ခြင်္သေ့တွေကို ကိုင်ပေါက်တဲ့ အဘွားကြီး Nana လိုမျိုး character ကြိုက်တဲ့သူတွေ အကြိုက်တွေ့မှာအမှန်ပါပဲ။ Grammy Norma အဖြစ်သရုပ်ဆောင်တဲ့ Betty Marion White Ludden ဆိုတာ The Proposal ကားမှာ Sandra Bullock နဲ့အတူကတဲ့ Grandma Annie ပါပဲ။ ဒီကားကိုကြည့်ပြီး ကလေးတွေ ပျော်တာကို ရုပ်ရှင်ရုံထဲမှာတွေ့ခဲ့ရတော့ ကလေးတွေကြိုက်တဲ့ကာတွန်းကားလေးဆိုတာကိုတော့ လက်ခံမိတယ်။ လူကြီးတွေအတွက်တော့ နည်းနည်းလေး ရိုးတယ်။ ကလေးတွေအတွက် ရည်ရွယ်ထားပုံရလို့ စကားအသုံးအနှုန်းတွေကအစ ပေါ့ပေါ့ပါးပါးနဲ့ နားလည်လွယ်တဲ့ဟာသတွေပဲထည့်ထားတယ်။

ဇာတ်လမ်းကတော့ ခပ်ရိုးရိုးလေးပါပဲ။မူရင်းကာတွန်းစာအုပ်နဲ့ ကာတွန်းကားမှာတော့ ရှေ့ပိုင်းမှာ Ted Wiggins ရဲ့ ဇာတ်လမ်းမပါတာကွာပါတယ်။ Ted အဖြစ်အသံသရုပ်ဆောင်တဲ့သူကတော့ Zac Efron ဖြစ်ပါတယ်။ သီချင်းဆိုတာကိုကြိုက်တဲ့သူတွေ အားပေးခဲ့ကြတဲ့ High School Musical Series တွေမှာ သူ့ကို
Troy Bolton အဖြစ်မှတ်မိကြမှာပါ။ Ted က Audrey ဆိုတဲ့ကောင်မလေးကို ကြိုက်ပါတယ်။ Audery အဖြစ် Taylor Swift က အသံသရုပ်ဆောင်ပါတယ်။ Ted တို့နေတဲ့ Thneed-Ville မြို့ကလေးမှာ သစ်ပင်အစစ်တစ်ပင်မှမရှိပါဘူး။ လေတွေမသန့်တာကို သန့်စင်ဖို့လိုတဲ့ product တွေဝယ်သုံးရပါတယ်။ Ted က Audery ကိုကြိုက်တော့ Audery ရဲ့ အိမ်မက်ဖြစ်တဲ့ တကယ့်သစ်ပင်အစစ်တစ်ပင်တွေ့ရဖို့ဆိုတာကို စိတ်ဝင်စားသွားပါတယ်။ Audery နဲ့ Ted လှဲပြီးစကားပြောတဲ့အခန်းလေးက ချစ်စရာကောင်းပါတယ်။


Ted: တကယ်လို့ Truffula သစ်ပင်တစ်ပင်ယူလာတဲ့သူကိုတွေ့ရင် မင်းဘာလုပ်မလဲ။
Audery: ငါသူကို တခါတည်းချက်ချင်းကို လက်ထပ်ပစ်လိုက်မယ်။

ဒီနေရာမှာကို လောကကြီးလည်ပတ်နေတာ ချစ်သူတွေရဲ့ ဆန္ဒတွေကြောင့်များလားတွေးမိသေးတယ်။ ကိုယ့်ဘာသာကိုယ်ဆိုရင်တော့ Ted တစ်ယောက်လည်း သစ်ပင်တစ်ပင်ရှာကြည့်ဖို့စိတ်ကူးရမှာမဟုတ်ဘူး။ ဒါနဲ့ Ted က သူ့အဘွားဆီက စုံစမ်းတဲ့အခါမှာ အဘွားဖြစ်သူက သစ်ပင်အကြောင်းသိတဲ့ မြို့ပြင်မှာနေတဲ့ Once-ler ဆိုတဲ့လူနဲ့သွားတွေ့ဖို့ အကြံပေးတယ်။ Thneed-Ville ကို သံတံတိုင်းတွေနဲ့ကာရံထားတယ်။ အပြင်ဘက်မှာက အမှိုက်တွေနဲ့ စွန့်ပစ်ပစ္စည်းတွေနဲ့ လူနေဖို့အဆင်မပြေလောက်အောင် ညစ်ညမ်းနေပြီ။ Thneed-ville မှာ သဘာဝအတုလုပ်ထားတာ။ သစ်ပင်အတုတွေ၊ စိမ်းစိုမှုအတုတွေ၊ ပန်းပွင့်အတု၊ ပျားအတု၊ ခေတ်မီဆန်းပြားတဲ့ အတုတွေ၊ လိုလေသေးမရှိပြည့်စုံနေတဲ့ သဘာဝတရားတုတစ်ခုနဲ့မြို့လေး။ မြို့ပြင်ကို ဘယ်သူမှမထွက်ကြဘူး Ted တစ်ယောက်ပဲ သစ်ပင်အစစ်အကြောင်းသိရအောင် ထွက်တယ်။

အဲဒီအခန်းလည်းရယ်ရပါတယ်။ Once-ler နဲ့စကားပြောကြတယ်။ Once-ler က သစ်ပင်တွေမရှိတော့တာ သူ့ကြောင့်လို့ပြောတယ်။ ပြီးတော့ ဇာတ်ကြောင်းပြန်တယ်။ ကာတွန်းကားအဟောင်းမှာတော့ Once-ler ရဲ့ မျက်နှာမပါဘူး။ လက်အိတ်အစိမ်းစွပ်ထားတဲ့ လက်နှစ်ချောင်းပါတယ်။ ပြီးတော့ ဆေးပြင်းလိပ်သောက်တယ်။ ဒီအခု ကားမှာတော့ Once-ler က ဆေးပြင်းလိပ်မသောက်တော့ဘူး။

Once-ler ငယ်တုန်းက မိုက်တယ်။ ဂေါ်တယ်။ လန်းတယ်။ လိဒ်ဂစ်တာတစ်လက်နဲ့ ဘဝဟိုင်းဝေးလမ်းပေါ် တက်ခဲ့တယ်။ ကာတွန်းကားတွေထဲမှာ လိဒ်ဂစ်တာ အသုံးနည်းတယ်ထင်မိတယ်။ မသုံးသလောက်ပဲတောင်ထင်တယ်။ ဘယ်ကာတွန်းကားထဲမှာ လိဒ်ဂစ်တာ ကိုင်တဲ့ ဇာတ်ကောင်ပါလဲ ပြန်စဉ်းစားလို့တောင်မရဘူး။ Chipmunks တွေတော့ကိုင်တယ်။ လူမပါတဲ့ကာတွန်းကားသပ်သပ်တွေထဲမှာတော့ မကိုင်သလောက်ပဲ။ (Once-ler အဖြစ်အသံသရုပ်ဆောင်သူကိုလည်း အားလုံးမှတ်မိကြမှာပါ။ Hang Over 1 မှာ ကိုယ့်သွားကိုယ်ချိုးတဲ့ သွားဆရာဝန်၊ Dr. Stu Price အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Ed Helms ပါပဲ။) Once-ler ရဲ့မြင်းကလည်းရယ်ရတယ်။ Tangled ထဲက (Maximus )ကိုတော့ မမီဘူး။ ရယ်တော့ရယ်ရတယ်။ သူ့မြင်းနဲ့ သူ သစ်ပင်တွေရှိတဲ့တစ်နေရာကိုရောက်လာတယ်။ အဲဒီသစ်ပင်တွေရဲ့ အရွက်က သိုးမွှေးတွေလိုပဲ။ အဲဒီမှာ မီတင်းနေထိုင်ကြတဲ့ ဝက်ဝံ၊ငါးနဲ့ ငှက်တွေက သိပ်ရယ်ရတယ်။ အရင်ကားမှာတော့ ငါးလေးကောင်၊ ဒီကားမှာတော့ ငါးသုံးကောင်၊ အသားကုန်ရယ်ရတယ်။ လူပီပီ သူက နေထိုင်ဖို့ အဆောက်အအုံလုပ်တယ်။ နောက်တော့ မပြောမဆို သစ်ပင်တစ်ပင် ခုတ်ချပစ်လိုက်တယ်။ လူတစ်ယောက်အတွက် သစ်ပင်တစ်ပင်ခုတ်တာဟာ ဘာမှမပြောပလောက်တဲ့ကိစ္စတစ်ခုပဲ။ ဒါပေမယ့် ကာတွန်းကားထဲမှာ ပြတာ သိပ်လှတယ်။ တိရိစ္ဆာန်လေးတွေကြောက်သွားကြတယ်။ သစ်ပင်မှာ အသိုက်လုပ်တဲ့ငှက်တွေ ပျံပြေးကြရတယ်။ သစ်ပင်တစ်ပင်ဟာ မီတင်းနေထိုင်နေရတဲ့ သတ္တဝါငယ်လေးတွေအတွက်တော့ အိမ်ပဲ။ သဘာဝတရားရဲ့ နံရိုးတစ်ချောင်းပဲ။ ကျွန်တော်တို့ သတိထားရမယ်။ အဲဒါလေးကိုပေးလိုက်တယ်။ အဲဒီ message လေးကို သိမ်သိမ်မွေ့မွေ့လေးပေးလိုက်တယ်။

သစ်ပင်ငုံးတိဖြစ်သွားတော့ မိုးတွေခြိမ်း၊ လေပြင်းတွေတိုက်ပြီး၊ သစ်တောစောင့်နတ် The Lorax ကောင်းကင်ကဆင်းလာတယ်။ ၁၉၇၂ ကကာတွန်းကားမှာတော့ သစ်ပင်ထဲကထွက်လာတယ်။

အခုတ်ခံလိုက်ရလို့ သေသွားတဲ့ Truffula သစ်ပင်လေးအတွက် ဈာပန လုပ်ကြတယ်။ ကျောက်တုံးလေးတွေစုပုံကြတယ်။ အဲဒီအခန်းလေးက တစ်ကယ့်ကိုကောင်းတယ်။ သစ်ပင်လေးတစ်ပင်ဟာ တစ်ကယ့်သက်ရှိလေးတစ်ယောက်လိုဖြစ်သွားစေခဲ့တယ်။

I speak for the trees, for the trees have no tongues.
သစ်ပင်တွေမှာ ပြောစရာ လျှာမရှိလို့ ငါ သစ်ပင်တွေအတွက် စကားပြောတယ်။ ဆိုတဲ့ နတ်ပုလေးက ချစ်စရာကောင်းတယ်။ နှုတ်ခမ်းမွှေးကားကားနဲ့ နတ်အိုကလေး။

Once-ler ကတော့ သစ်ပင်တွေ ဆက်လက်ခုတ်မယ့်ပုံရှိတာနဲ့ Lorax တို့က Once-ler အိပ်နေတုန်း ကုတင်ကြီးမပြီး ရေထဲမျှောလိုက်ကြတယ်။ ဖြစ်ချင်တော့အဲဒီကုတင်ပေါ်ကို ဝက်ဝံလေးပါသွားတယ်။ အဲဒီဝက်ဝံလေးကို ပြန်ကယ်ဖို့ကြိုးစားကြတာလည်းတော်တော်လေးကြည့်ကောင်းတယ်။ နောက်တော့ သူတို့တွေ မိတ်ဆွေတွေဖြစ်သွားကြတယ်။ Once-ler က ပထမဆုံးခုတ်ထားတဲ့သစ်ပင်ကနေ ရက်လုပ်ထားတဲ့ သိုးမွှေး အနွေးထည်လို အင်္ကျီတစ်ထည်ကို ဈေးမှာသွားရောင်းတယ်။ ပထမ ရောင်းမစွံဘူး။ နောက်တော့ လွှင့်ပစ်လိုက်တာ ကောင်မလေးတစ်ယောက်ရဲ့ ခေါင်းမှာ ပတ်မိပြီး အဲဒီ ဖက်ရှင်က ပေါက်သွားတယ်။ (ဖြစ်မှဖြစ်ရလေ။) (မူရင်းစာအုပ်မှာတော့ အင်္ကျီကို မိနစ်အနည်းငယ်အတွင်း ရောင်းလိုက်ရပါတယ်။)

နောက်တော့ လူအုပ်ကြီးက သူ့နောက်ကိုငွေနဲ့လိုက်ကြတယ်။ Once-ler လောဘတွေတက်ပြီး သစ်ပင်ခုတ်တယ်။ မိသားစုနဲ့ဆွေမျိုးတွေပါခေါ်ပြီး သစ်ပင်ခုတ်တယ်။ အထည်ချုပ်လုပ်ငန်းကို စက်တွေနဲ့လုပ်ကိုင်တယ်။ သစ်တောပြုန်းတီးတယ်။ Lorax က သတိပေးတယ်။ သူက လစ်လျူရှုတယ်။ တစ်နေ့မှာ နောက်ဆုံးသစ်ပင်ကို ခုတ်တယ်။ တိရစ္ဆာန်လေးတွေ နေစရာမရှိဘဲပြောင်းပြေးရတယ်။ စက်ရုံက အမှိုက်နဲ့ အညစ်အကြေးတွေကို စွန့်ပစ်တာနဲ့ ရေတွေမသန့်ဖြစ်တယ်။ ငါးကလေးတွေ ပြောင်းပြေးရတယ်။

Once-ler ရှေ့မှာပဲ အားလုံးထွက်ခွာသွားတယ်။ Lorax က သူ့ဖင်ကို မြှောက်ပြီး ကောင်းကင်ကို ပျံတက်သွားတယ်။ Once-ler ကိုလည်း အမျိုးတွေ စွန့်ခွာသွားတယ်။ အဲဒီအချိန်မှာ လေထုမသန့်တော့တဲ့ မြို့ကလေးက အမှိုက်ကောက်သမားတစ်ယောက်က လေသန့်ပစ္စည်းတွေ ရောင်းစားမှဆိုပြီး အကြံရတယ်။ အဲဒီ ဂျပုလေးဟာ(O' Hare) မြို့တော်ဝန်ဖြစ်လာတယ်။ လေတွေရောင်းပြီး အလုပ်ဖြစ်လာတယ်။ သစ်ပင်အတုတွေရှိတဲ့မြို့လေးတည်ဆောက်ခဲ့တယ်။ ပတ်ဝန်းကျင်နဲ့ သီးခြားဖြစ်အောင် နံရံတွေကာရံပစ်လိုက်တယ်။ သူ့စီးပွားရေး အင်ပါယာကိုထူထောင်တယ်။ ကောင်းကင်မှာ ယာဉ်ပျံကြီးနဲ့သူနေတယ်။

Once-ler ဆီမှာ သစ်ပင်တရားသွားနာယူနေတဲ့ Ted ကို မြို့တော်ဝန်ဂျပု( Aloysius O'Hare ) က ရန်ပြုပါတယ်။ တားမြစ်ပါတယ်။ သူရောင်းနေတဲ့လေကို အလကားပေးတဲ့သစ်ပင်တွေစိုက်မယ်ဆိုတာဟာ သူ့ကို ခြိမ်းခြောက်တာလို့ထင်ပါတယ်။ မကောင်းတဲ့သူတွေဟာ ကောင်းတဲ့သူတွေ ကောင်းတာလုပ်မှာကို ကြောက်တဲ့သဘောပဲထင်ပါတယ်။ မူရင်း စာအုပ်မှာရော၊ ၁၉၇၂ က ကာတွန်းကားမှာရော အဲဒါတွေမပါပါဘူး။ Once-ler ရဲ့ ဇာတ်လမ်းလေးပဲပါတာပါ။ အခုမှ ဇာတ်လမ်းကို ချဲ့လိုက်ရာက လှပတဲ့ အချစ်ဇာတ်လမ်းနဲ့ ထူးဆန်းတဲ့ မြို့ကလေးပါလာတာဖြစ်ပါတယ်။

ရိုက်တဲ့ဒါရိုက်တာထဲက Chris Renaud က 2010 မှာအောင်မြင်ခဲ့တဲ့ Despicable Me ရိုက်တဲ့ ဒါရိုက်တာပီပီ အနိုင်ကျင့်တဲ့အခန်းတွေ အတော်လေးပီပြင်ပါတယ်။ ကြည့်ရတာ သူ့ငယ်ဘဝမှာလည်း အနိုင်ကျင့်တဲ့ ကလေးတွေနဲ့ တွေ့ခဲ့ပုံရပါတယ်။ ဒီကားမှာလည်း O'Hare ရဲ့ ကိုယ်ရံတော် လူထွားကြီးနှစ်ယောက်ကDespicable Me ထဲက Gru လို လူထွားကြီးတွေပါပဲ။ ဇာတ်လမ်းမှာ နည်းနည်းအားနည်းသွားတာက ၉၆ မိနစ်စာလောက်မှာ Once-ler ကို အသားပေးလိုက်လို့ မြို့က O'Hare အကြောင်းနဲ့ Ted အကြောင်းမှာ အချိန်နည်းပြီး သိပ်မညွှန်းဆိုနိုင်ဘူးဖြစ်သွားတာပါ။

နောက်တစ်ခါ Ted မြို့ပြင်ထွက်တဲ့အခါကြတော့ once-ler က သစ်စေ့လေးတစ်စေ့ပေးလိုက်ပါတယ်။ အဲဒီမှာ symbol တစ်ခုကို အသုံးပြုထားပါတယ်။ ကျောက်တုံးလေးတွေအဝိုင်းပုံစီထားပြီး Unless လို့ရေးထားပါ တယ်။ Lorax ချန်ထားခဲ့တာလို့ Once-ler ကပြောပါတယ်။

Unless someone like you cares a whole awful lot, nothing is going to get better. It's not.

တကယ်လို့ မင်းဟာ ဒီလုံးဝဆိုးရွားတာကြီးတွေကို ဂရုမစိုက်ရင် ဒါတွေဟာ ဘယ်တော့မှ ပိုကောင်းလာမှာမဟုတ်ဘူး။ ဒါတွေ ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး။

ဆိုးနေတာတွေ လက်ရှိမှာ အများကြီးပဲ။ ဒါပေမယ့် ကျွန်တော်တို့ ကိုယ်နဲ့မဆိုင်သလို နေနေကြတာတွေကို Lorax က ပြောလိုက်တာပဲ။ ဘာသိဘာသာနေရင်း ပိုဆိုးသွားမယ်။ အားလုံးက ဂရုမစိုက်ရင် ပိုဆိုးသွားမယ်။ ဆိုးတာကို ကိုယ်က သတိမထားခဲ့ရင်၊ ကိုယ့်ခေတ်မှာဆိုးနေတာတွေကို ပြုပြင်ခဲ့ဖို့မကြိုးစားခဲ့ရင် နောင်လာနောက်သားတွေဟာ ဒီအဆိုးရဲ့ဒဏ်ကိုခံရမယ်။ 1971 က Lorax ၊ ၂ဝ၁၂ မှာ တစ်ကျော့ပြန်ပြီး လာပြောနေခဲ့တယ်။ ဒါကို ကျွန်တော်ကြားလိုက်ရတယ်။

လေကို ဝယ်သုံးရမယ့်နေ့ အခုအထိတော့မရောက်သေးဘူး။ ဒါပေမယ့် နေလို့ကောင်းနေတဲ့ကမ္ဘာကို အကောင်းအတိုင်းထားခဲ့နိုင်ဖို့ စဉ်းစားစရာဖြစ်စေခဲ့တယ်။ ကိုတာပြောခဲ့တာတစ်ခုရှိတယ်။ ကလေးတွေ အတွက် အပြာရောင်ကောင်းကင်ကြီးကို အပြာရောင်အတိုင်း ချန်ထားပေးနိုင်ဖို့ဆိုတာကိုလည်း သတိရတယ်။ လေတွေမသန့်တော့တဲ့တစ်နေ့မှာ၊ ကောင်းကင်မှာ ဖုန်မှုန့်တွေ၊ အညစ်အကြေး၊ မီးခိုးတွေနဲ့ မည်းမှောင်နေမှာပဲ။ ကျွန်တော်တို့သေသွားတဲ့အခါ ကျန်ခဲ့မယ့် ကလေးငယ်တွေ အသက်ဝဝရှူနိုင်မယ့် လေထုလေးတော့ ကျန်နေအောင်ချန်ထားပေးရမယ်မဟုတ်လား။ သစ်ပင်တွေနဲ့လှပတဲ့ မြို့ကလေးတွေ ချန်ထားပေးရမယ်။ သဘာဝတရားကို မပျက်မစီးအောင် ထုတ်ယူသုံးစွဲတတ်ဖို့ လေ့လာရမယ်။ ဒါတွေအားလုံးကို Lorax ကပြောသွားတာပဲ။

Ted က သူ့သစ်ပင်လေးကို မြို့လယ်မှာစိုက်ဖို့ကြိုးစားခဲ့တယ်။ O'Hare တို့က လိုက်တားကြတယ်။ နောက်တော့ မြို့ကလူတွေကပါ သစ်ပင်စိုက်ဖို့ လက်ခံလိုက်ကြတယ်။။ The Lorax ဇာတ်ကားမှာ သီချင်း ၁၃ ပုဒ်ဆိုတယ်။ အဲဒီကတည်းက သီချင်းကြိုက်တဲ့သူတွေအတွက်တော့ ပျော်စရာကောင်းနေတော့တာပဲ။

Truffulaသစ်ပင်လေးတစ်ပင်ဟာ ဘဝမှာ တန်ဖိုးထားစရာလည်းဖြစ်ပါလားဆိုတဲ့ အတွေးကို ခံစားရစေတယ်။ အဲဒီအတွေးလေးကို သယ်ဆောင်ထားတဲ့ ဇာတ်ကားလေးက ချစ်စရာကောင်းတယ်။ ကလေးတွေကို အထူးသဖြင့် သဘာဝတရားနဲ့နီးစပ်တာလေးတွေ သင်ပေးဖို့ကောင်းတယ်။ ဒီကားလေးတွေကြည့်ပြီး ကလေးလေးတွေဟာ သစ်ပင်တွေကို ချစ်မှာပဲ။

Lorax က သစ်ပင်တွေအတွက် စကားပြောတယ်ဆိုတော့ Once-ler ကပြောတယ်။ သူက လူတွေ အထူးသဖြင့် အခွင့်အရေးကို အသုံးချပြီး စီးပွားရေးလုပ်မယ့်လူတွေအတွက် စကားပြောတယ်ဆိုပြီး ပြန်ခံပက်တာတွေ့ရပါတယ်။ Once-ler ပြောတာကိုလည်း ပြန်စဉ်းစားကြည့်ရင်အခုခေတ်လူတွေနဲ့သိပ်မကွာဘူး။ ဘနဖူးဆည်ဆောက်မယ်၊ အကျိုးအမြတ်ရရင် ရေနံဖြစ်စေ၊ဓာတ်ငွေ့ဖြစ်စေ၊ရွှေဖြစ်စေ၊ကျောက်စိမ်းဖြစ်စေ ရှိတာအကုန်ရောင်းမယ်။ ကချင်ပြည်နယ်မှာ ကျောက်တွင်းတွေဟာ ပိုပြီးနက်ရှိုင်းလာတယ်။ ဒါတွေကုန်သွားတဲ့တစ်နေ့ရောက်ရင် ဘာလုပ်ကြမလဲ။ အာဖရိကမှာ စိန်တွေကုန်သွားတဲ့နေ့၊ အာရပ်တိုင်းပြည်တွေမှာ ရေနံကုန်သွားတဲ့နေ့၊ သဘာဝဓာတ်ငွေ့ထွက်တဲ့နေရာတွေမှာ သဘာဝဓာတ်ငွေ့ကုန်သွားတဲ့နေ့ ..............ဘာလုပ်ကြမလဲ Once-lers အပေါင်းတို့ ........လို့ Lorax က လှမ်းမေးနေတုန်းပဲ။

ကျွန်တော်တို့ချစ်တဲ့ကမ္ဘာမှာ ကျွန်တော်တို့ချစ်တဲ့သစ်ပင်တွေ၊ ကျွန်တော်တို့ချစ်တဲ့သဘာဝတရားတွေရှုင်သန်နိုင်ဖို့ ..............ကျွန်တော်တို့မှာတာဝန်ရှိတယ်။ ။

Regards,

The Gardener


Notes:

Unless someone like you cares a whole awful lot, nothing is going to get better. It's not.

မူုရင်းကာတွန်း ၊ ၊ ကဗျာဆန်ဆန် ရွတ်ဆိုလို့ကောင်းပုံရပါတယ်။
http://www.youtube.com/watch?v=k25wlcFOglA&feature=related
အသံသရုပ်ဆောင်တွေရဲ့ နောက်ကွယ်ကမြင်ကွင်း
http://www.youtube.com/watch?v=fJAbokTVOC0&feature=fvwrel
Theodor Seuss Geisel ( /
ˈɡaɪzəl/; March 2, 1904 – September 24, 1991) was an American writer, poet, and cartoonist most widely known for his children's books written under the pen names Dr. Seuss, Theo LeSieg and, in one case, Rosetta Stone

Trailers

http://www.youtube.com/watch?v=Gs_Em1XvAiU&feature=fvwrel

http://www.youtube.com/watch?v=WRW8CyZ1AyA&feature=related



Peace B with U.

Tuesday, March 13, 2012

အခွန်တော်ငွေဆက်သခြင်း။

အခွန်တော်ငွေဆက်သခြင်း။


ဟိုအရင်ကတည်းကိုက အသည်သားတွေဟာ အခွန်ဆက်သဖို့လူဖြစ်လာကြသလိုပါပဲ။ အခွန် ဆိုတာကတော့ တန်ဖိုးရှိရှိသာသုံးလို့ကတော့ နိုင်ငံအတွက် တကယ့်ကို တန်ဖိုးရှိတဲ့ အရင်းအမြစ်ပါပဲ။ Green လည်း green ပါတယ်။ ဒီအခွန်ငွေရဖို့ ဘာ သယံဇာတမှ မပြုန်းတီးပါဘူး။ ပိုက်ဆံရှာနေတဲ့ နိုင်ငံသားတွေဆီကနေ စည်းကြပ်ရုံပါပဲ။ အခွန်ကောက်တာကောင်းပါတယ်။ အခွန်များများကောက်ပြီး များများအကျိုးရှိတာလုပ်နေရင် အင်မတန်ကိုကောင်းပါတယ်။ များများဆိုတာမှာ reasonable ဖြစ်တဲ့ပမာဏနဲ့ လူများများဆီကကောက်တဲ့များများက ပိုပြီးလိုလားအပ်ပါတယ်။ အကြောင်းအကျိုးပေါ်မူတည်ပြီး အကောင်းအဆိုးဖြစ်ပါတယ်။ အကြောင်းမကောင်းဘဲ ကောက်တဲ့အခွန်ကတော့ မလိုလားအပ်ပါဘူး။ ဒါကလည်း ထည့်ပြောစရာကိစ္စကိုမဟုတ်ပါဘူး။

ကမ္ဘာစစ်ကြောင့်တစ်နိုင်ငံလုံးခြိုးခြံပြီး စီးပွားပြန်ကောင်းဖို့အတွက် ကြိုးစားခဲ့တဲ့သာဓကတွေ ကမ္ဘာ့သမိုင်းမှာလည်းရှိပါတယ်။ နိုင်ငံတစ်ခုဟာ ညီညွတ်ဖို့လိုလာရင် အဲဒီလို တစ်စိတ်တစ်မ်းတည်းဖြစ်ဖို့လိုပါတယ်။ လိုအပ်ရင်တော့ ညီညွတ်ကြတာကောင်းပါတယ်။

tax ကို လက်တင်လို taxo လို့ခေါ်တယ်။ အဓိပ္ပာယ်က I estimate တဲ့။ (ဦးလေးဝီကီပြောတာတော့အဲဒီလိုပဲ)။ အခွန်ဆိုတာကိုက ခန့်မှန်းပြီးကောက်ရတာပဲ။ နေရာတကာအတိအကျကြီးကောက်မယ်ဆိုရင် ခက်တယ်။ အခွန်ဆိုတာ ခေါင်းစဉ်ခွဲတပ်လိုက်ရင် ပျောက်တယ်လို့ CPA တစ်ယောက်ကပြောဖူးတယ်။ သူနေတဲ့နိုင်ငံမှာတော့ CPA တွေက ပျောက်စေဆရာတွေပဲတဲ့။

မြန်မာပြည်မှာတော့ အခွန်မဆောင်ရတဲ့လုပ်ငန်းတွေနဲ့ ချမ်းသာလာကြတဲ့သူတွေကို တွေ့နိုင်ပါသေးတယ်။ စီးပွားရေးသမားဆိုတာကလည်း ရနိုင်တာယူပြီး၊ပေးစရာရှိတာ မပေးရဖို့ ကြိုးစားတဲ့နေရာမှာ ကျွမ်းကျင်တဲ့သူတွေဖြစ်တယ်ဆိုတာကိုလည်း နိုင်ငံတကာမှာ တွေ့နိုင်ပါတယ်။ အခုလို ဒီမိုကရေစီစနစ်မထွန်းကားခင်က ဖြစ်ခဲ့တဲ့ အစွန်းအကွက်၊အညစ်အထေးတွေဖြစ်ကောင်းဖြစ်မယ်ထင်ပါတယ်။

အခွန်ကို Double Tax မဆောင်စေချင်တဲ့ အစိုးရရဲ့စေတနာကို အလုပ်လုပ်ပြီး လေးနှစ်လောက်အကြာမှာမှ ခံစားသိရှိလိုက်ရပါတယ်။ စောစောစီးစီးစေတနာထားလိုက်ရင်လည်းအကောင်းသား။ အခုလည်း မဆိုးလှပါဘူး။

အခွန်ရယ်လိုဖြစ်လာရင် ဆောင်ရန်၊ရှောင်ရန်တွေရှိလာတာပါပဲ။

သံရုံးကို တစ်ချို့လည်း ချဉ်ကြတယ်။ တစ်ချို့လည်း အဆင်ပြေပါတယ်ပြောတယ်။ တစ်ချို့လည်း ကျက်သရေတုံးတယ်ပြောတယ်။ တစ်ချို့ကတော့ ကျက်သရေမရှိဘူးပြောတယ်။ တစ်ချို့ကလည်း ချိုသာပါတယ်ပြောကြတယ်။ ဘယ်ဟာ အမှန်ပါလိမ့်။ တစ်ယောက်နဲ့တစ်ယောက်ကွဲပြားနိုင်ပါတယ်။

ဟိုတစ်နေ့ကပဲ အသိတစ်ယောက်က သံရုံးကို Queue ကိစ္စမကျေနပ်တဲ့အကြောင်းရေးတာဖတ်လိုက်ပါတယ်။ ခွင့်ယူရမလွယ်တဲ့ အလုပ်လုပ်နေရတဲ့သူတိုင်းအတွက်တော့ ဒါဟာ မကျေနပ်စရာကောင်းပါတယ်။ အဆင်ပြေအောင်လုပ်ပေးလိုက်လည်းရတာကို သဘောထားတင်းမာကြတာဟာလည်း အခုအချိန်မျိုးမှာမဖြစ်သင့်တော့ပါဘူး။ ကျွန်တော်လည်း ဟိုတစ်ပတ်ကမှ Queue Ticket သွားယူခဲ့တာပါ။အဆင်ပြေပါတယ်။ နောက်ဆိုရင် online ကနေ လျှောက်လို့ရပြီဆိုတာတောင် အဲဒီက လူနဲ့စကားစမြည်ပြောခဲ့ပါသေးတယ်။ ဖော်ရွေပါတယ်။ ပြဿနာတစ်ခုဖြစ်ရင် အမှားနဲ့အမှန်ဆိုတဲ့ ကိစ္စကို သိပ်အရေးမထားဘဲ သူလည်း အဆင်ပြေ၊ ကိုယ်လည်း အဆင်ပြေဖြစ်အောင်ကြိုးစားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ တစ်ချို့ကိစ္စတွေက ချိုချိုသာသာပြန်ဖြေတာနဲ့ရင့်သီးတာနဲ့ပေါ်မူတည်ပြီး အဖြေတစ်ခုတည်းကတင် အဓိပ္ပာယ်မတူတာမျိုးတွေလည်းဖြစ်သွားတတ်ပါတယ်။

လိုရင်းကိုပဲပြောတာကောင်းပါတယ်။ အရင်ကထက်စာရင် အများကြီးတိုးတက်လာပြီလို့ပြောလို့ရပါတယ်။နားနေဆောင်မှာ သက်သက်သာသာထိုင်နေလို့ရတာလည်းအပါအင်ပေါ့။ လုပ်ထုံးလုပ်နည်းတွေနဲ့ပတ်သက်ပြီး အားနည်းချက်တွေ ရှိနေသေးပေမယ့် အဆင်ပြေတယ်လို့ပဲပြောလို့ရပါသေးတယ်။ အရင်ကထက် တိုးတက်လာပြီဆိုပါတော့။

စပြီးပြောရမှာက Appointment ကို online ကနေယူပါ။ အခုအချိန်ယူရင် March လကုန်လောက်မှ သွားရပါမယ်။ အကြမ်းဖျင်း ၁၅ ရက် ကနေ ၁၈ ရက်လောက် ကိုယ်သွားမယ့်အချိန်ထက်စောပြီး appointment လုပ်ပါ။ အဲဒီလို Appointment ကို online က လုပ်လို့မရခင်ကတော့ queue နံပါတ်အတွက်တစ်ရက်၊ မနက်ခင်းသွားတန်းစီရပါတယ်။ သိပ်တော့မကြာပါဘူး။ နှစ်နာရီန်းကျင်လောက်ပေါ့။ အခုတော့ အဲဒီတစ်ဆင့်ကိုဖြုတ်လိုက်ပါ။ Embassy website ကနေ apointment လုပ်ပါ။ Type အနေနဲ့နှစ်မျိုးရှိပါတယ်။ Visa နဲ့ Passport သက်တမ်းတိုး၊အခွန်ဆောင်ပါ။ Passport သက်တမ်းတိုးနဲ့အခွန်ဆောင်ဖို့ကိုပဲပြောပါမယ်။

ကိုယ်ရဲ့ Queue နံပါတ်ပေါ်မူတည်ပြီး သွားရမယ့်နေ့မှာ ချိန်ပြီးသွားလို့ရပါတယ်။ နံပါတ် ၁၇၀ ကျော်ရင် ၁၁ နာရီလောက်မှ င်ရပါတယ်။ စောစောထတဲ့ငှက်ဟာ ပိုးကောင်းပိုရတတ်ပေမယ့် စောစောသွားရင်တော့ ထိုင်စောင့်နေရတာ ညောင်းပါတယ်။ TV screen ကနေ နံပါတ်တွေ ပေါ်နေပါတယ်။ ပထမဆုံးသွားရတာတော့ counter 3 ဖြစ်ပါတယ်။ အဲဒီမှာ ဘာတွေပါသလဲ၊ဘာတွေလိုသလဲစစ်ပါတယ်။ Pass(WP/SP/EP/PR) နဲ့ Passport မိတ္တူတစ်စုံစီလိုပါတယ်။ အရင်အခွန်ဆောင်ခဲ့ဖူးရင် အဲဒီစာရွက် မိတ္တူနဲ့မူရင်းလိုပါတယ်။ အွန်လိုင်းကနေဆိုရင်လည်း application form တစ်ခုဖြည့်ရပါတယ်။ အဲဒါလေးယူသွားပါ။ မီခိုအနေနဲ့ဆောင်မယ်ဆိုရင် အမျိုးသား(သို့)အမျိုးသမီးရဲ့ အခွန်စာရွက်နဲ့ လက်ထပ်စာချုပ်ကော်ပီလိုပါတယ်။

မိတ္တူတွေက မပါလည်းကိစ္စမရှိပါဘူး။ အဲဒီမှာ copier ရှိပါတယ်။ ပြားနှစ်ဆယ်စေ့တွေထည့်ရပါတယ်။ အကြွေမပါရင်လည်း လဲတဲ့စက်ရှိပါတယ်။ 2SGD/5SGD/10SGD တွေလက်ခံပါတယ်။ တစ်ရွက်ကို ပြားနှစ်ဆယ်နှုန်းနဲ့ အညံ့စားကော်ပီဆွဲလို့ရပါတယ်။ မြင်ရရုံတော့ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် မရှိတာထက်တော့ တစ်ခုခုရှိနေတာဟာ အဆင်ပြေပါသေးတယ်။

counter 3 ပြီးရင် counter 4 ကို ဆက်သွားရပါတယ်။ ဘေးချင်းယှဉ်ရက်ပေမယ့် နောက်ကနေပြန်စီရင် ဆယ်မိနစ်လောက်ကြာပါတယ်။ counter 3 မှာက မြန်ပါတယ်။ စာရွက်စုံလင်ရင် ငါးမိနစ်န်းကျင်ပဲကြာပါတယ်။ လိုနေရင် photo copy ပြန်ဆွဲရုံပါပဲ။ Counter 4 မှာကတော့ အခွန်ဆောင်ဖို့နဲ့ passport လဲဖို့အတွက် barcode ပါတဲ့ form နှစ်စောင်ပေးပါတယ်။ အခွန်ဆောင်စရာမလိုရင် တစ်ခုပဲယူရုံပါပဲ။ ပျမ်းမျှ ၂ မိနစ်ခွဲလောက်ကြာပါတယ်။ ဒီလောက်မြန်ပါတယ်။

ရှေ့နားက 3 နဲ့4 ကိုကြည့်ပြီး counter 5 ကို လေလေးချွန်ပြီး တန်းစီလိုက်ပါတယ်။ မြန်မာနိုင်ငံသားတို့ရဲ့ ဇွဲနပဲကို စမ်းသပ်တာပဲလို့ သဘောပေါက်မိပါတယ်။ ကြာပါတယ်။ တော်တော်လေးကိုကြာပါတယ်။ မရွေ့သောတန်းကို ဖြတ်ကျော်ခြင်းဆိုကြပါစို့။ ကြာရတာကလည်း အခွန်တွက်နေလို့ပါ။ လူများပြီး ရေရှည်လုပ်ရတဲ့ tedious part ဖြစ်လို့ မှားတတ်ပါတယ်။ တစ်ယောက်စီကို တွက်နေတာဖြစ်လို့ သိပ်မြန်မြန်မပြီးပါဘူး။ အပျင်းပြေသီချင်းလေးတွေဖွင့်ပေးထားပါတယ်။ လေးဖြူ၊ကိုငှက်။ ဂျက်ဆင်ထိပ်က လရိပ်ပြာ ရယ် ...လွမ်းမိတယ်။ လေးဖြူက ဘာဆိုသွားသလဲမမှတ်မိတော့ဘူး။ အတော်လေးကြာမှ ကိုယ့်အလှည့်ရောက်တယ်။

အရင်တုန်းကအခွန်ဆောင်ထားလားဘာဘားမေးတယ်။ တွက်တန်သည်များကိုတွက်တယ်။ မြန်မာပြည်ကို Oct နဲ့ Nov မှာ နှစ်လခွပြီးပြန်လို့ နှစ်လနှုတ်ပေးတယ်။ မတ်ခ်ျလမှ တစ်ပတ်ပြန်လို့ မတ်ခ်ျလအတွက်နှုတ်တယ်။ ဒီလိုဆိုတော့လည်းမဆိုးပါဘူး။ မလေးရှားကို သုံးခါသွားတာရော မနှုတ်ပေးဘူးလားဆိုတော့ရယ်တယ်။ နှုတ်ပေးရင် အတော်လေးတွက်ခြေကိုက်သွားမယ်။ ဒါပေမယ့်မနှုတ်ပေးဘူး။ ဒီမှာ အရင်က 60 နဲ့ဆောင်ထားတာတွေအတွက်တော့ပိုမယူဘူး။ အထောက်အထားမရှိရင် များတဲ့နှုန်းနဲ့ဆောင်ရတယ်။ ဥပမာ လွန်ခဲ့တဲ့နှစ်က Spass အခု EP ဆိုတာကို သက်သေမပြနိုင်ရင် EP နှုန်းနဲ့ဆောင်။ အဲဒီတော့ အဲဒီလို Pass ပြောင်းထားတဲ့သူတွေက အရင်က စာရွက်စာတမ်းလေးတွေပြန်ရှာသွားနိုင်ရင် အဆင်ပိုပြေတယ်။ Z နီးသည်ကို ကျောင်းတက်တာ part-time ဖြစ်နေမှာစိုးလို့ ကျောင်းသားကဒ်ပါလားဆိုတော့ No တစ်ခုရသွားတယ်။ အိမ်မှာတော့ရှိတယ်။ ပြန်ယူပေးရမလားဆိုတော့ သူလည်း အားနာသွားတယ်။ မယူနဲ့တော့တဲ့။ လက်ထပ်စာချုပ်ကိုကြည့်တယ်။ ဇနီးသည်ကို ကင်းလွတ်ခွင့်ပေးတယ်။ Counter 5 မှာ ကိုယ်ရေးရာဇ င်ဖြည့်ဖို့ form တစ်ခုပေးပါတယ်။ form မှာ ဓာတ်ပုံတစ်ပုံကပ်ရပါတယ်။ အဲဒီအတွက် ဓာတ်ပုံတစ်ပုံစီလိုပါတယ်။( အဲဒီနေရာမှာ ရင်ကွဲနာကျစရာလေးဖြစ်လာရပါတယ်။ အိမ်ကနေ ဓာတ်ပုံမယူလာမိပါဘူး။ ရည်းစားဘက တစ်ယောက်ကိုတစ်ယောက်အပြန်အလှန်ပေးထားတဲ့ အမှတ်တရဓာတ်ပုံလေးတစ်ပုံစီထုတ်ပြီး ကပ်လိုက်ရပါတယ်။) Counter 5 ကနေအခွန်တွက်ပေးလိုက်တဲ့ ဖြတ်ပိုင်းလေးယူရပါတယ်။

၂ နာရီမှာမှ ဓာတ်ပုံရိုက်ဖို့ပြန်လာရမယ်ဆိုတာနဲ့ အဲဒီမှာတစ်ပိုင်းရပ်ပါတယ်။ အနီးအနားမှာပဲ နေ့လည်စာသွားစားပြီး ကိုယ်ရေးရာဇင်ဖြည့်ပါတယ်။ ၂ နာရီမှာ ဓာတ်ပုံရိုက်ဖို့အတွက်က အဆင်ပြေသလိုတိုးဝှေ့စီပါတယ်။ ချက်ချင်းသွားမစီဘဲ အေးဆေးထိုင်နေပါ။ ခြေညောင်းသက်သာသွားပါလိမ့်မယ်။ အားလုံးပြီးမှရိုက်လည်း ဒီဓာတ်ပုံပါပဲ။ ဓာတ်ပုံရိုက်ခ ငါးဒေါ်လာပါ။ ကလေးမလေးက အင်မတန်မေ့တတ်ပါတယ်။ ပိုက်ဆံပြန်အမ်းဖို့လည်းမေ့တတ်ပါတယ်။ ငါးကျပ်တိတိကိုပဲရိုက်ပြီးမှပေးလိုက်ပါ။ သူလည်း အဆင်ပြေ၊ကိုယ်လည်း အဆင်ပြေပါတယ်။ ဓာတ်ပုံရိုက်ချိန် ၄၅ စက္ကန့်ခန့်ကြာမြင့်ပါတယ်။ တန်းစီတဲ့အခါ သက်သာချင်ရင် အချိန်နည်းနည်းပေးပြီး နောက်ဆုံးမှသွားပါ။ အခွန်ဆောင်တာက ၃:၃၀မှဖြစ်တဲ့အတွက် အချိန်ရပါတယ်။

(အထူးမှာကြားချင်တာကတော့ သွားခေါတဲ့သူတွေကိုပါ။ ပတ်စပို့ပုံမှာ သွားမပေါ်ရပါဘူး။ တက်နိုင်သမျှ ကြိုးစားဖုံးဖိကြပါ။ နားရွက်ပေါ်ရပါမယ်။ နားရွက်သေးတဲ့သူဆိုရင် ပေါ်လွင်အောင် နည်းနည်းလိမ်ဆွဲထားလိုက်ပါ။ ဤကား စကားချပ်တည်း)

ဓာတ်ပုံရိုက်ပြီးရင် ချလံလေးပေးပါလိမ့်မယ်။ ဓာတ်ပုံနာမည်က ကိုယ့်နာမည် နဲ့ ပါ့စ်ပို့ထ်နံပါတ်ကိုတွဲပြီး .JPG လို့ရေးထားတာဖြစ်ပါတယ်။ အဲဒီချလံကိုလည်း Passport အသစ်အတွက် ပြန်ပေးရမှာဖြစ်ပါတယ်။ မလွှင့်ပစ်နိုင်အောင် စတေဘလာ(stapler) နဲ့တွဲချုပ်ပေးလိုက်ပါတယ်။ ဓာတ်ပုံကို အပျော့ မိတ္တူ(soft copy) ပဲရပါမယ်။ တစ်ယောက်ကို ငါးကျပ်နဲ့ ပုံမထုတ်ရတဲ့ ဓာတ်ပုံလုပ်ငန်းမျိုး လုပ်လို့ရရင် လုပ်ချင်ပါသေးတယ်။ တစ်လကို တစ်သောင်းလောက်င်ငွေရနိုင်ပါတယ်။

မကြာခင်မှာ အခွန်ဆောင်ရတော့မှာဖြစ်ပါတယ်။ တန်အောင် အပေါ့အလေးသွားထားချင်သူများသွားလို့ရပါတယ်။ အင်မတန်မှ ကဗျာဆန်တဲ့ အိမ်သာဖြစ်ပါတယ်။ သွားရတာကိုက မြန်မာဆန်ဆန် အနောက်ဘက်ကို လမ်းကျဉ်းလေးထဲက ကွေ့ပတ်သွားရပါတယ်။ အိမ်သာထဲမှာ ရောင်စုံခြယ် ပရုပ်လုံးတွေ တွေ့ရပါတယ်။ စင်ကာပူမှာတွေ့ဖူးသမျှ အမျိုးသားအိမ်သာတွေထဲမှာတော့ performance art အဆန်ဆုံးဖြစ်ပါတယ်။

အခွန်ဆောင်ဖို့ကိုငွေသားပဲလက်ခံသလားတော့မမေးခဲ့မိပါဘူး။ ကိုယ်တိုင်လည်း ငွေထုတ်သွားတော့ ငွေပဲထုတ်သွားဖို့အကြံပြုပါတယ်။ အဲဒီရုံးမှာ Nets machine နဲ့တူတာဆိုလို့ ဘာမှမတွေ့ခဲ့မိဘူး။ ပိုက်ဆံပေးဖို့အတွက်ကိုတော့ နာမည်ခေါ်ပါတယ်။ (သူခေါ်ရင် လာပါလာပါ။) အဲဒီလိုနာမည်ခေါ်မယ်ဆိုတာကိုကြေငြာရင်း အင်မတန်ထူးခြားတဲ့မြန်မာအသုံးအနှုန်းကိုကြားသိခဲ့ရပါတယ်။ မိတ္တူကို အပြည့်အစုံအားဖြင့် ဓာတ်ပုံ မိတ္တူ လို့ပြောသွားတာပါ။ (photo copy ကို တိုက်ရိုက်မြန်မာမှုပြုလိုက်ကြတာဖြစ်ပါလိမ့်မယ်။ သံရုံးမှာလည်း ဆှာ ယုဒသန်အမျိုးတွေရှိနေသေးပုံရပါတယ်။) ရုတ်တရတ် ဓာတ်ပုံလို့ကြားပြီး၊ နောက်တစ်ပုံလိုဦးမလားထင်တဲ့သူတွေ မနည်းလှပါဘူး။( ကျွန်တော်အပါအင်ပါပဲ)

ပိုက်ဆံသွားသွင်းဖို့က ကောင်တာ 3 ပါပဲ။ ကောင်တာနံပါတ်တွေ လျှောက်တပ်ထားပေမယ့် အခန်းကျဉ်းလေးထဲမှာ ကောင်တာတစ်ခုနဲ့တစ်ခုက ၀ိုင်းဝိုင်းရဲ့ စည်းတစ်ခုခြားထားရုံလောက်ပဲဝေးပါတယ်။အဲဒီမှာ ဘာမှပြစရာမလိုပါဘူး။ ပိုက်ဆံနဲ့ အခုနက counter 5 က တွက်ပေးလိုက်တဲ့ Tax Amount ပါတဲ့ဖြတ်ပိုင်းလေးပေးလိုက်ရုံပါပဲ။ ကျွန်တော်ကတော့ ၂၄၄၈ ကျပါတယ်။ ၂၅၀၀ ပေးလိုက်တာကို ကယ်ကလေတာကြီးနှိပ်ပြီး နှစ်ကျပ်ပြန်အမ်းလိုက်ပါတယ်။

အခွန်ဆောင်စရာမလိုတဲ့ ကျောင်းသူ၊ကျောင်းသားများကတော့ ဒီအပိုင်းကိုကျော်ပြီး ကောင်တာ 5 သို့တစ်ကျော့ပြန်သွားလို့ရပါတယ်။ အခွန်ဆောင်မယ့်သူတွေကတော့ အခွန်ဆောင်ပြီးမှ ဆောင်ပြီးတဲ့ ပြေစာကို ဖိုတိုကော်ပီ တစ်စုံဆွဲပြီး ကောင်တာ 5 ဘက်ကိုပြန်စီရပါတယ်။ တန်းစီတယ်ဆိုတာကလည်း အဆင်ပြေသလိုလေးစီကြတာဆိုတော့ သွက်သွက်လက်လက်လှုပ်ရှားနိုင်ရင် မြန်ပါတယ်။ အခွန်မှားနေရင် အဲဒီမှာပြောပြီး refund တစ်ခါတည်းလုပ်နိုင်ပါတယ်။(အဲဒါလေးကိုသတိပြုပါ။ ကိုယ့်ကို counter 3 ကထုတ်ပေးလိုက်တဲ့ စာရွက်မှာ ပြန်ကြည့်ပြီး မှန်သလား၊ မှားသလား တန်းစီရင်း အရင်စစ်ကြည့်ထားတာကောင်းပါတယ်။) ခဏလောက်ပိုကြာသွားတာကလွဲရင် အဆင်ပြေပါတယ်။ အဲဒီဘက်မှာ တစ်ယောက်ကို ၇ မိနစ်စီလောက်ကြာပါတယ်။ တစ်ချို့ကိစ္စတွေကိုလည်း အဲဒိ အမကပဲ ဖြေရှင်းပြောဆိုနေတာတွေကြောင့် နည်းနည်းကြန့်ကြာသွားတာဖြစ်ပါတယ်။ ကောင်တာ 5 မှာက နှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းကတော့ အခွန်စာရွက်တွေပြ၊ pass ပြ၊ form ပေးတာပါ။ နောက်တစ်ပိုင်းကတော့ လက်ဗွေနှိပ်ပြီး၊ sign ထိုးတာဖြစ်ပါတယ်။ မနက်ဖြန် စာအုပ်အသစ် လာထုတ်ဖို့ ဖြတ်ပိုင်းလေးပေးပါတယ်။

စာအုပ်အတွက် ကျသင့်ငွေ ၁၅၀ ဒေါ်လာကိုတော့ စာအုပ်လာထုတ်မှပေးရပါတယ်။

အဲဒါတွေပြီးရင်တော့ နောက်တစ်ရက် ညနေ ၅ နာရီကနေ ၅ နာရီခွဲကြားမှာ သင့်ရဲ့ သစ်လွင်လှပသန့်ရှင်း၊အပြစ်ကင်းပြီး သုံးနှစ်တိတိကြာရှည်ခံတဲ့ passport အနီလေးတစ်အုပ်ကိုရရှိမှာဖြစ်ပါတယ်။ (စာအုပ်သစ်ကို ရုံးဖွင့်တဲ့ ဘယ်နေ့မှာမဆို လာထုတ်နိုင်ပြီး ညနေ ၅ နာရီနဲ့ ၅ နာရီခွဲကြားမှာလာထုတ်ရမှာဖြစ်ပါတယ်။)

တစ်ရက်လုံးကြာခဲ့ပေမယ့် အစစအရာရာ အဆင်ပြေခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီထက်ပိုပြီး အဆင်ပြေချောမွေ့တဲ့စနစ်တွေကိုလည်း ဖော်ဆောင်စေချင်ပါသေးတယ်။ အကြံပြုစရာလည်းများများမရှိပါဘူး။ ကောင်တာ 5 မှာ staf ၂ ယောက်လောက်ဆိုရင် ဒီ့ထက် နှစ်ဆလောက်ပိုမြန်မယ်ထင်ပါတယ်။

ကြည်နူးစရာလေးတွေကတော့ အဲဒီနားက သရက်ပင်မှာ ရှဉ့်ကလေးတွေရှိပါတယ်။ ထိုင်နေရင်းဖြစ်စေ၊ စင်္ကြံလျှောက်တန်းစီရင်းဖြစ်စေ ငေးကြည့်လို့ရပါတယ်။

မြန်မာကားတစ်ကားတောင်ကြည့်ခဲ့ရပါသေးတယ်။ ထွန်းEaindraဗို က အမေအဖြစ်သရုပ်ဆောင်ပါတယ်။ ကွဲကွာသွားတာ ကြာပြီဖြစ်တဲ့အမေအဖြစ်သရုပ်ဆောင်ပါတယ်။ သားအမိနှစ်ယောက်တွေ့တာ မ်းသာအားရမရှိပါ။ မျက်ရည်လေးနှစ်ပေါက်လားကျတာကိုတွေ့ရပါတယ်။ အင်မတန် အကွေ့အကောက်များတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ သူ့ရဲ့သားအဖြစ် ပြန်တွေ့သူဟာ တခြားသူရဲ့သားဖြစ်နေပါတယ်။ သူ့ရဲ့သားလို့ထင်ခဲ့တဲ့သူရဲ့ အလုပ်ရှင် ငပေါတစ်ကောင်ကမှ သူ့ရဲ့သားအစစ်ဖြစ်နေပါတယ်။ သူ့ရဲ့သားအတုရဲ့ အမေအစစ်ဟာ မေသဉ္ဖာဦးဖြစ်ပါတယ်။ သားအစစ် သူဌေးငပေါက သူ့အမေဟာ ထွန်းအိန္ဒြာဗိုမဖြစ်နိုင်ဘူးဆိုပြီးထွက်ပြေးတာ ကားတိုက်ပြီးသေပါတယ်။ှQueue စီနေရင်းနဲ့ကို ဇာတ်လမ်းကိုနားလည်အောင်မနည်းကြည့်ယူရပါတယ်။ ပိုဆိုးတာက အသံတိုးနေလို့ အင်္ဂလိပ်စာတမ်းထိုးနဲ့မြန်မာကားကို ခံစားခဲ့ရပါသေးတယ်။

ဘာပဲဖြစ်ဖြစ် နောက်ဆုံးထမ်းဆောင်ရတဲ့အခွန်ကို ပျော်ရွှင်စွာထမ်းဆောင်ခဲ့ပြီးတာဟာလည်း မင်္ဂလာတစ်ပါးပါပဲ။

ရုံးကန်ထမ်းတွေရဲ့ စိတ်ပါလက်ပါ ကူညီမှုတွေကို ကျေးဇူးတင်မိကြောင်းပါ။

Regards,
The Gardener

Notes: Passport လဲပြီးပြီဆိုရင် MOM(WP/SP/EP)/ICA(for PR) ။ Banks ၊ Library တွေမှာ passport info update လုပ်ဖို့လိုပါတယ်။

ဒီပို့စ်ကိုရေးရတာ ပျင်းစရာကောင်းပါတယ်။ တစ်ခြားသူတွေ ဒီအတိုင်းသွားဆောင်လည်း အဆင်ပြေကြပါတယ်။ လွယ်ကူသွားအောင်ရေးတာမဟုတ်ပါဘူး။ process အကြောင်းသိစေချင်တဲ့သဘောလောက်ပါပဲ။ အဆင်မပြေကြုံခဲ့တဲ့သူကလည်း အဆင်မပြေတဲ့အတွေ့အကြုံရေးသလို၊ အဆင်ပြေတဲ့အခါလည်း အဆင်ပြေတာ ရေးတဲ့သဘောပါပဲ။



Peace B with U.