Thursday, September 16, 2010

မြန်မာပြည်တွင်လုပ်သည်။

မြန်မာပြည်တွင်လုပ်သည်။

မြန်မာ့နည်းမြန်မာ့ဟန်လို့ပြောရင် အဲဒါ အကောင်းပြောတာမဟုတ်ဘူး ...ရွဲ့တာပဲ။
မြန်မာစံတော်ချိန်ဆိုတာမျိုးပေါ့။

ငယ်ကတည်းက ဓန Magazine မှာ ပဲ နဲ့ ခဲ (ဂဲဟုအသံထွက်သည်။ စင်ကာပူရောက်မြန်မာကလေးများဖတ်တတ်စေရန်ရည်ရွယ်သောအားဖြင့် အသံထွက်ပါထည့်ထားပေးသည်။) ဆောင်းပါးမှာ ပဲထဲမှာ ရောဖို့ ခဲကို သေချာထုခွဲထားတယ်ဆိုလို့ မစားရပါပဲ သွားကျိန်းသွားတယ်။ အားရပါးရများ ၀ါးလိုက်မိတဲ့သွားကတော့ ပဲ့ရွဲ့ထွက်ကုန်လောက်တယ်။ အခုအထိလည်းရောတုန်း ..ရောဆဲ ရောလတ္တံ့လို့သိရတယ်။ အဲဒါလည်း မြန်မာပြည်တွင်လုပ်သည်။

နောက်တစ်ခုက ကြက်သားကိုရေထိုးတာ။ ဆရာဝန်မဖြစ်လိုက်တဲ့ ကြက်သားသည်တစ်ယောက် ငယ်အိမ်မက်ကိုလွမ်းပြီး ကြက်သားထဲရေထိုးကြည့်ရာကနေ မကြုံစဖူး အတုခိုးခံလိုက်ရတဲ့နည်းလမ်းလို့သိရတယ်။ မြန်မာ အိမ်ရှင်မတွေ အိမ်မှာ ကြက်သားကို ရေထည့်ပြုတ်စရာမလိုအောင်စေတနာနဲ့ရေထိုးပေးလိုက်တာလို့လည်းပြောကြတယ်။ မြန်မာပြည်တွင်လုပ်သည်။ နိုင်ငံတကာမှလေ့လာလိုသူများ သွားရောက်လေ့လာနိုင်ပါသည်။

နောက်တစ်ခုက ပုစွန်ထုပ်ခါင်းထဲ ခဲထည့်တာ။ အဲဒီ ခဲကိုကြတော့ ဂဲလို့ အသံမထွက်ဘူး။ ခဲပဲ။ ခဲလေသမျှ သဲရေကျက ခဲလို ခဲလို့ အသံထွက်တယ်။ ပုစွန်ထုပ်တွေက အမေကျော်ဒွေးတော်လွမ်းပြီး ... အိတ်စပို့စ်နောက်ကိုကောက်ကောက်ပါအောင် လိုက်သွားလေတော့ ... မြန်မာပြည်သူပြည်သားတွေအတွက် အင်မတန်ကြီးတဲ့ ပုစွန်ထုပ်ခေါင်းတွေကျန်ခဲ့တယ်။ အဲဒီခေါင်းကိုတောင် လေးလေးပင်ပင်ရှိအောင် ခဲလေးဘာလေးထည့်ပေးတယ်။ .... အင်မတန်မှစေတနာကောင်းတဲ့ တို့လူမျိုးပါတကား။ ဒါကလည်း မြန်မာပြည်တွင်လုပ်သည်ပဲ။

ဒါတင်မကသေးဘူး။ တကမ္ဘာလုံး ကြိုက်တဲ့နေရာသွားရှာကြည့် ချက်နို့ဆီလို ခဲအောင်လုပ်ထားတဲ့ နို့ဆီမတွေ့ရဘူး။ မတွေ့ရတာကို အကောင်းမမှတ်ပါနဲ့။ လုပ်ဖို့မသင့်လို့ မလုပ်တာပါပဲ။ အဲဒါကိုလည်း အင်မတန်မှရွှေဥာဏ်တော် ထက်မြက်တော်မူတဲ့ငနဲတွေက နို့ဆီကို ရှိတဲ့ chemical တွေသုံးပြီးခဲအောင်လုပ်ကြပါတယ်။ အင်မတန်မှ ကျန်မာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်တဲ့ ချက်နို့ဆီကို ထုတ်ယူရရှိပါတယ်။ မြန်မာပြည်တွင်လုပ်သည်။

တွေးကြည့်ရင်းနဲ့ တရုတ်မှာ နို့မှုန့်ထဲ မယ်(လ်)မင်းရောတာလောက်တော့ တို့နိုင်ငံသားတွေက ပျင်းတောင်ပျင်းသေးတယ်လို့ပြောလိမ့်မယ်။ မြန်မာအပူကျဆေးတစ်မျိုးဆိုရင် ပါရာစီတမောကို အမှုန့်ကြိတ်ပြီး မြန်မာမှုပြုလိုက်လို့ အပိတ်ခံလိုက်ရတာလည်းရှိပါတယ်။ မြန်မာတိုင်းရင်းဆေးအစ ပါရာစီတမောကလို့တောင် အသိအမှတ်အပြုခံရမလိုဖြစ်သွားပါတယ်။ အဲဒါလည်းမြန်မာပြည်တွင်လုပ်သည်။

မော်တော်ကားမောင်းတတ်တယ်ဆိုတာ မဆန်းပါဘူး။ အတော်လေးလွယ်တာပါပဲ။ ဒါပေမယ့် တကမ္ဘာလုံးက ဒရိုင်ဘာတွေ ဘယ်လောက်တော်တယ်ပြောပြော တုတ်နဲ့ဂီယာတိုင်ကိုထောက်ထားဖို့ ဘယ်သူမှ မတွေးမိခဲ့ကြဘူး။ မြန်မာတွေက တွေးမိတယ်။ မြန်မာပြည်တွင်လုပ်သည်။

အစားအစာဆိုးဆေးကို အရောင်သိပ်မလှလို့ အ၀တ်ဆိုးဆေးတွေဘာတွေသုံးပေးတဲ့ သဒ္ဓါတရားမျိုး မြန်မာတွေမှာပဲရှိတယ်။ စေတနာသုံးတန် (သုံးတန်ဆိုရင် အလတ်စားယာဉ်ဖြစ်ပြီ) ပြဌာန်းပြီး သုံးပေးတာ။ အရောင်လှတဲ့ မျှဉ်ငါးပိတို့ဘာတို့စားရင် အူတွေပါ ဆေးဆိုးပြီးသားဖြစ်တဲ့အတွက် တစ်ချက်ခုတ် နှစ်ချက်သုံးချက်ပြတ်တာပေါ့လေ။

ဖရဲသီးရောင်းရင် ဓားမှာ ဆေးသကြားသုတ်ထားတဲ့လူမျိုးလည်း သိပ်များများမရှိလောက်ဘူး။ အဲဒါလည်းမြန်မာပြည်တွင်လုပ်သည်။

ချက်အရက်ထဲမှာ၊ ဖားပြုတ်၊ ဖိနပ်စုတ်၊လောင်စာဆီ၊ စတာတွေထည့်လာရာကနေ အခုတော့ ဓာတ်မြေသြဇာပါထည့်တဲ့အတွက် ချက်အရက်သောက်သုံးသူတွေ ဘ၀ကူးအမြန်ကောင်းဖို့ တာဝန်ယူနေတယ်လို့သုံးသပ်ပါတယ်။ မြန်မာပြည်တွင်လုပ်သည်။

ဂျပန်ကလာတဲ့ကားတွေ ညောင်ပင်ရှေ့မှာတက်လိုက်ဆင်းလိုက်မလုပ်ရင် အင်ဂျင်ပြဿနာရှိနိုင်တယ်၊ အတိုက်အခိုက်များမယ်လို့ယုံတာမျိုးလည်း မြန်မာပြည်တွင်လုပ်သည်ပဲ။ ရွှေညောင်ပင်လို့ခေါ်တယ်။ အခုရေးပြီးသလောက်ကို ကလေးတွေကိုပဲဖတ်ခိုင်းကြည့် ကိုယ့်တို့သီကင်ဝါတွေ အတော်လေးပေါတာ၊ချာတာ၊ညံ့တာ၊သုံးမရတာ အတော်လေးသဘောပေါက်လောက်ပြီ။

တကမ္ဘာလုံးမှာ စားဖို့မသင့်တော်ဘူးလို့ တညီတညွတ်တည်း သတ်မှတ်ထားတဲ့စားအုန်းဆီကို ပေါပေါလောလောရောင်းပေးတာမျိုးကိုကြတော့ ကွက်လပ် ကွက်လပ်ရဲ့ စေတနာလို့ပဲထားလိုက်ကြရအောင်။ မြန်မာပြည်တွင်လုပ်သည်။ (ပန်းနှမ်းနဲ့ဆီအုန်းမှမစိုက်ရင် ဘိန်းပြန်စိုက်ရမလားလို့ လက်ညှိုးပြန်ထိုးမှာလည်း စိုးရပါတယ်။ ဘိန်းကစိုက်ကိုမစိုက်တော့ဘူး။ မိတဲ့အခါကြတော့ ကွန်တိန်နာနဲ့ကိုမိတယ် .....။) Made in Myanmar တွေချည်းပါပဲ။

အစားအသောက်တွေမှာ Expiry Date ဆိုတာပါတယ်။ မုန့်လုပ်ငန်းတွေက အဲဒါမထည့်ရင်ရောင်းလို့မရဘူး။ တစ်ပါတ်တစ်ခါ ဆိုင်တွေဆီသွားပြီး၊ ကျန်တဲ့မုန့်ထုပ်တွေ၊ Expired ဖြစ်သွားတာတွေကို သွားသိမ်းတယ်လို့တော့ မတွေးပါနဲ့။ Expiry Date အသစ်လာကပ်ပေးတယ်။ အံ့ဖွယ် ဥာဏ်ကြီးရှင်တွေများတဲ့နိုင်ငံပါတကား။ မြန်မာပြည်တွင်လုပ်သည်။

အကြော်ကြော်ရင် ထပ်ခါတလဲလဲကြော်တယ်။ ပြည့်ဝဆီတွေဟာ ဘာဖြစ်စေတတ်လဲလာမပြောနဲ့မသိဘူး။ စားချင်ရင်ဝယ်။ အဲဒီလို ကျန်းမာရေး အသိပြည့်ဝကြတယ်။ ဒီလိုမျိုး သမာရိုးကျအကြော်သမားထက် တစ်ပန်းသာတဲ့သူက အခု ပလတ်စတစ်ထည့်ကြော်နေပြီဆိုတော့ နောက်ဆိုရင် recycle လုပ်မရတဲ့ ဘာမဆို ထည့်ကြော်ဖို့ စိတ်ကူးထားသလားတောင်တွေးမိပါတယ်။ ငယ်ကတည်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို တစ်စိုက်မတ်မတ်ထောက်ခံခဲ့ပေမယ့် ဒီ reuse၊ replace၊ recycle အကြော်ကြီးကိုတော့ ဘယ်လောက်ပဲ Green အကြော်ပြောပြော မစားနိုင်ဘူး။ မြန်မာပြည်တွင် ပလတ်စတစ်ကြော်နေပြီ။ သေဒဏ်ပေးခံလိုက်ရတဲ့ နို့မှုန့်ထဲ မယ်(လ်)မင်းရောတဲ့ တရုတ်က သက်ကြီးရွယ်အိုလင်မယားခမျာ မြန်မာပြည်မှာ လူဖြစ်တာ အရတော်လေစွလို့ တဖွဖွပြောသွားခဲ့ရှာမှာ။

အသားကင်အတွက် ယမ်းစိမ်းဆိုတာမျိုးကလည်း ကင်ဆာဖြစ်မယ့်အမျိုးအစားပဲရှာဖွေပြီးသုံးပေးတယ်။ အကင်တွေက ဖရီးရာဒီကယ်လ်များပြီးသားကို ယမ်းကလည်း ဖြစ်ကတက်ဆန်းဆိုတော့ ကျန်းမာရေးနဲ့ လွှတ်ကိုညီညွတ်တော့တာပါပဲ။ မြန်မာပြည်တွင်လုပ်သည်။


ရေသန့်ဗူးထဲမှာ ပိုးလောက်လန်းလေးတွေ မွေးထားတာမျိုးကိုလည်း မြန်မာပြည်မှာလုပ်သည်။ ဗူးတွေက ရေညှိတတ်နေတဲ့ရေသန့်ဗူးတွေကိုလည်း ဦးဆွေးဆံမြည့်သုံးတယ်။ ရေသန့်ရောင်းတဲ့သူကလည်း သူ့ဗူးတွေကို ရာသက်ပန်ရိုးမြေကျသုံးစွဲတယ်။ အဲဒါကမထူးဆန်းသေးဘူး။ အဲဒီရေသန့်ကုမ္ပဏီ အိုင်ဆက်အိုလက်မှတ်ရသွားလေသတည်းကမှထူးဆန်းတာ။ မယုံမရှိနဲ့ ... မြန်မာတွေက ပါရမီရှုင်တွေချည်းပဲ။
ပါရမီသေတစ်ယောက်မှမပါဘူး။

အိမ်မှာသတင်းစာရောင်းတိုင်း စိတ်ညစ်ရတယ်။ ကိုယ့်ဘာသာကိုယ်မရောင်းခင်ချိန်ကြည့်ရင်လေးပိဿာလောက်ရှိရာကနေ သူတို့ချိန်ရင် နှစ်ပိဿာကကိုမတက်ဘူး။ အဲဒါနဲ့ ကိုယ့်ကိုယ်ကို အင်ဂျင်နီယာကောင်းမပီသဘူးတော့အထင်မခံနိုင်ဘူး။ သူ့အလေးတစ်ပိဿာကိုတောင်းပြီး ကိုယ့်အလေးနှစ်ပိဿာနဲ့ချိန်ပြလိုက်တယ်။ တွေ့လား .. မင်တစ်ပိဿာက ငါ့နှစ်ပိဿာရှိတယ် ပိုက်ဆံတိုးပေးမလား အားလုံးပြန်ထုတ်မလားဆိုမှ တိုးပေးတယ်။ နောက်တစ်ခါကြတော့ သူလည်း ညာလို့ကောင်း၊ ကိုယ်လည်း အချင်းမများရအောင် သတင်းစာတွေကို ရေစိမ်ထားရတယ်။ မြန်မာပြည်တွင်လုပ်သည်။

အော်မေ့တော့မလို့ ... ဆီကို ရေထိုးတဲ့ကိစ္စရှိသေးတယ်။ ညဘက် ဓာတ်ဆီလမ်းမှာထည့်ရင် တစ်ဂါလံထည့်ရင် ဂါလံဝက်လောက်ပဲပါတယ်။ ဂါလံခွက်ကိုက လုပ်ထားတာ။ ဒီထက် နားလည်တဲ့ငနဲတွေကြတော့ ဓာတ်ဆီကို ရေနွေးနဲ့ရောပြီးရောင်းတာရှိသေးတယ်။ ကြုံဖူးသူများ သိကြမှာပါလေ။ မြန်မာတွေရဲ့ ထိုးထွင်းဥာဏ်နဲ့ပြည့်စုံမှုမှာတော့ စံထားလောက်တယ်မဟုတ်ပါလားခင်မျာ။ .... ဒါလည်းမြန်မာပြည်တွင်လုပ်သည်။

သနပ်ခါးထဲ မြေမှုန့်ရောတာလည်းရှိသေးတယ်။ မြေကြီးဝယ်ထားတာတင်မနည်းဘူး။ ရောဖို့ဆိုပဲ။ အင်မတန်ကြီးကျယ်တဲ့အမြော်အမြင်ပေတကား။ မြန်မာပြည်တွင်လုပ်သည်။

သနပ်ခါးအတုလည်းရှိသေးတယ်။ ကြက်ဥအတုထုတ်တဲ့ တရုတ်တွေကို သနားတာပေါ့။ သွေးကြည့်ရင် သနပ်ခါးအနံ့တောင်ထွက်သေးတယ်။ အပေါ်ယံလေးမှာ မည်သို့မည်ပုံလုပ်လိုက်သည်မသိ၊ သနပ်ခါးအနံ့ထွက်လေသတည်းတွေပဲ။ မြန်မာပြည်တွင်လုပ်သည်။

မြန်မာတွေလုပ်တတ်တာအများကြီးရှိသေးတယ်။
အခုတလောတော့ Blogs တွေရေးနေကြတယ်ကြားတယ်။ ဘုရား ဘုရား ....................။

Khin Min Swar Phyint
ဇက်ဖှာ ....

Notes:
Thank You Mom for encouraging me to write :).


Special Announcement :
ဒီနေ့ဟာ Blog ရေးတာ နှစ်နှစ်ပြည့်တဲ့နေ့ဖြစ်တဲ့အတွက် အောက်က လင့်ခ်လေးမှာ ကလစ်ကလစ်လုပ်ပြီး ကော်မန့်ရေးသွားနိုင်ပါတယ်။ နောက်တစ်နှစ်မှာ မန့်ရဦးမှာလို့ နှလုံးသွင်းပြီး ရေးချင်ရာအကုန်ရေးသွားလို့ရပါတယ်။ ဘာမှအားမနာပါနဲ့ ...မကြိုက်ရင်မကြိုက်ဘူး။ မကောင်းရင်မကောင်းဘူးရေးသွားလိုက်ပါ။ နောက်လည်းပြုပြင်စရာရှိတာ ပြင်ရတာပေါ့ ...။






This Trick also is Made in Myanmar :P :P





Peace B with U.

Monday, September 13, 2010

မိဘမေတ္တာ ...နှင့်စပ်လျဉ်း၍

မိဘမေတ္တာ ...နှင့်စပ်လျဉ်း၍


မိဘမေတ္တာနဲ့ပတ်သက်ပြီးနည်းနည်းတွေးကြည့်မလို့ပါ။ မိဘဆိုတာနဲ့ ကိုယ့်အမေအဖေကိုပဲပြေးမြင်ကြတာပါပဲ။ကွက်လပ်ကွက်လပ်သာ အမိ၊ ကွက်လပ်ကွက်လပ်သာ အဖဆိုပြီးဝါဒဖြန့်သူတွေလည်း Form ဖြည့်တဲ့အခါ အဲဒီလိုဖြည့်ကြည့်ပါလား။ အရူးမှန်းသိသွားမှာပဲလေ။ ဒီတော့ကာ ကျွန်တော်တို့တွေမှာ မိဘတွေရှိပြီး .... မိဘတွေကလည်း ကျွန်တော်တို့ရဲ့ မကောင်းမွေဆက်ခံဖို့ ... (သားသမီးမကောင်းမိဘခေါင်းအရယူဆခြင်းဖြစ်သည်။) ဘေးနားမှာ အမြဲအသင့်ရှိနေတုန်းပါပဲ။

မိဘကျေးဇူး ဆပ်ကောင်းပါသလား။ အဲဒီလို ပြောရင်လည်း အတော်လက်ပေါက်ကပ်ပါတယ်။ ဆပ်တယ်ဆိုတဲ့စကားက ချေးထားမှ ပြန်ဆပ်ရတာပါ။ မိဘတွေက ချေးထားတာမဟုတ်တဲ့အတွက် ပြန်ဆပ်စရာတော့လည်း သိပ်မလိုပါဘူး။ နားလည်မှုနဲ့ လျှော်လိုက်ရင်ရပါတယ်။ သံသရာမှာက မိဘတစ်လှည့်စီဖြစ်လာကြတာဆိုတော့ ... ကိုယ့်ဆီမှာ သားသမီးလာဖြစ်မှပဲ ကျေးဇူးဆပ်လိုက်လည်းရလောက်ပါတယ်။ မိဘတွေက ပြောင်းပြန်မစီးတဲ့မြစ်လိုပဲဆိုတော့ကာ ကျေးဇူးပြန်ဆပ်လိုက်တယ်ဆိုရင် ပြောင်းပြန်မစီးတဲ့မြစ်ထဲကိုနောက်ပြန်ခုန်ချသလိုဖြစ်နေနိုင်ပါတယ်။

မိဘထက် တစ်ရက်ကြီးတဲ့ကောင်တွေ။ အဲဒါကိုတောင် နည်းနည်းရှင်းဖို့လိုပါတယ်။ မိဘတွေဟာ သားကြီးသြရသ၊ သမီးကြီး သြရသမ တို့နဲ့အသက်အတူတူပါပဲ။ မိဘဖြစ်လာဖို့ သားသမီးတစ်ယောက်လိုပါတယ်။ သားသမီးမရှိခင်ကလည်း သူတို့ဘာသာသူတို့လင်မယားပဲဖြစ်နိုင်ပါတယ်။ မိဘဖြစ်ခွင့်မရသေးပါဘူး။သားသမီးဆိုတာ မိဘတွေကို မိဘဖြစ်ခွင့်ပြုလိုက်တဲ့ Certificate ဖြစ်ပါတယ်။ အဲဒီတော့ မိဘတွေဟာ သားသမီးထက် အသက်မကြီးပါဘူး။သားသမီးထက် အသက်ကြီးတာက မိဘမဖြစ်ခင်က လင်မယားနှစ်ယောက်ဖြစ်ပါတယ်။ တကယ်ဆိုရင် မိဘတွေဖြစ်လာဖို့ဆိုတာမှာ ... သားသမီးကျေးဇူးအတော်များတာပဲလို့တောင် တွေးမိပါတယ်။ (Btw Dad, မွေးရကျိုးနပ်တယ်နော်။)

အလှူရဲ့အကျိုးကို ငါဘုရားသိသလောက်သာသိမယ်ဆိုရင် နောက်ဆုံးဆွမ်းလုတ်လေးကိုတောင် မလှူဘဲမစားဘူး ဆိုတာလေးကို ကြားဖူးမယ်ထင်ပါတယ်။ မကြားဖူးရင်လည်း လူကြီးတွေလုပ်သလို ခေါင်းကလေးတညိတ်ညိတ်လုပ်နေလိုက်။ အဲဒီလို အလှူရဲ့ကျေးဇူးအရကြည့်ရင်လည်း အရင်က ကပ်စေးနှဲဖြစ်ခဲ့တဲ့မိဘတစ်ချို့ဆိုရင် သား၊သမီးမွေးလာမှပဲ လှူရတန်းရသလို ကျွေးမွေးဖြစ်တော့တယ်။ သားသမီးကိုကျွှေးတယ်ဆိုတာလည်း စိတ်ထားတတ်ရင် ကုသိုလ်အင်မတန်ရတဲ့အလုပ်ဖြစ်ပါတယ်။ မွေးထားမှတော့ကျွေးရတော့မှာပဲဆိုပြီးကျွေးတယ်ဆိုဦးတော့ ကုသိုလ် အနည်းနဲ့အများတော့ရမယ်။ အော် ...ဒီလိုဆိုတော့လည်း သားသမီးတွေကကုသိုလ်ရရာရကြောင်းတောင်ဖြစ်ပြီးကျေးဇူးတောင်များနေပြီ။

ကျွေးတယ်မွေးတယ်ဆိုတာမှာလည်း အတင်းအကြပ်မလုပ်သင့်ဘူး။ မကြိုက်တာတွေအတင်းစားခိုင်းသောက်ခိုင်းတာမျိုးက အင်မတန် ဆိုးတယ်။ ဥပမာ၊ ကျွန်တော့်ကြီးတော်ကြီးဆိုရင် အခု သတ်သတ်လွတ်စားတယ်။ ဒီလိုအဒေါ်မျိုးကို နို့တိုက်ခဲ့တဲ့အဖွားဆို ဘယ်လောက်ဆိုးလဲလို့တွေးမိတယ်။ အမှန်ဆို ပဲနို့တိုက်ရမှာ။ အဲဒါဆိုရင် ကြီးတော်ကြီးက အဖွားကို ပဲနို့တွေပြန်ဝယ်တိုက်လိုက်ရင် နို့ဖိုးပါကျေနိုင်တယ်။

မိဘမျက်ရည်ကျအောင်လုပ်တဲ့သူတွေမချမ်းသာဘူး။ ဒီစကားပုံက ဘယ်လောက်မှန်သလဲဆိုတာသိဖို့ Bill Gates ဆီဖြစ်ဖြစ် စာပို့ကြည့်ရမယ်။ လူကြီးမင်း လူကြီးမင်းရဲ့မိဘတွေ မျက်ရည်ကျအောင်လုပ်မိပါသလား။ အဖြေက Yes ဆိုရင် လူကြီးမင်းချမ်းသာမှာမဟုတ်ဘူးလို့ပြန်ပို့သင့်ပါတယ်။ သားသမီးတွေမျက်ရည်ကျအောင်လုပ်တဲ့မိဘတွေရောချမ်းသာသလား။ဒါကိုလည်း ပြန်စစ်တမ်းကောက်ကြည့်သင့်ပါတယ်။ အချိုးအစားက အတူတူပဲဆိုရင် စကားပုံကိုလည်းနည်းနည်းပြင်သင့်တယ်။

မိဘတွေဟာ ကလေးဘ၀ကိုမေ့သွားတဲ့ လူကြီးတွေပဲ။ အဲဒီအဆိုကို တစ်ယောက်ယောက်ကတော့ပြောဖူးလိမ့်မယ်။ ဘဂျမင်ဖရန်ကလင်လား၊ သူ့ဂျီးဒေါ်နှစ်ဝမ်းကွဲလား ပြောဖူးလိမ့်မယ်။ တကယ်တော့ လူတွေက ကြီးလာရင်ငယ်တုန်းက အကြောင်းကိုမေ့တယ်။ ငယ်တုန်းက ကိုယ်တိုင်ကျောင်းမသွားချင်တာကို ကြီးလာတဲ့အခါကြတော့မေ့လိုက်တယ်။ ကလေးတွေကျောင်းမသွားချင်ဘူးဆိုရင် နားမလည်သလိုနဲ့ကျောင်းသွားမှစာတတ်မှာပေါ့လို့ပြောကြတယ်။ ဆော့ခရေတ္တိရောကျောင်းသွားလားလို့မေးရင် ရှင်းမပြတော့ဘူး။ ကြိမ်လုံးရှာပြီ။ မိဘမေတ္တာနဲ့ရိုက်လည်းနာတယ်။ ကိုယ်တိုင်ကတော့ မိဘတွေက ကံကောင်းထောက်မပြီးမရိုက်တတ်တဲ့သူတွေဖြစ်နေတော့ ဆရာတွေကပဲ နာသုံးနာ၊(လက်နာ၊စိတ်နာ၊၀ါသနာ) နဲ့မိဘတွေလစ်ဟင်းတာလေးတွေဖြည့်စွက်ပေးပါတယ်။ တစ်ချို့ဆရာတွေက ရိုက်ရတာကို ၀ါသနာပါပုံရတယ်။

ကလေးတွေကိုနားလည်တာ ကလေးမရှိတဲ့သူတွေတဲ့။
အဲဒီစကားကို ဆစ်ဂမန်ဖရွိုက်လား၊ သူ့ကို ဆေးလိပ်မီးညှိပေးဖူးတဲ့ စားပွဲထိုးရဲ့သူငယ်ချင်းလားပြောဖူးတယ်။ တကယ်တော့ စဉ်းစားကြည့်ရုံနဲ့ကလေးမွေးရတာအတော်လေးပင်ပန်းမှန်းသိပါတယ်။ မာရီယို game ထဲကလို မှိုလေးတွေကျွေးလို့သူ့ဘာသာသူ ကြီးလာတာမျိုးမှမဟုတ်တာ။ (တကယ်တော့ စမ်းပြီးကျွေးကြည့်ဖို့ကောင်းတယ်။) အဲဒီတော့အမြဲအတူနေရတဲ့မိဘက ကလေးကြောင့်ပိုစိတ်ဆင်းရဲတယ်။ သူတို့မှာက တစ်နေကုန်ထိန်းနေရတာဆိုတော့ မိဘမေတ္တာနဲ့ပဲ နောင်တကြိတ်ရရတယ်။ နောင်တမရဘူးထား၊ ကိုယ့်အမှားကိုယ် ကိုယ်တာဝန်ယူတယ်ဆိုဦးတော့ ကလေးတစ်ယောက် တစ်နေကုန်ထိုင်ငိုနေတာကိုတော့ Yanni Piano တီးနေတာလို့ခံစားလို့မရနိုင်တာအမှန်ပဲ။ အရေးထဲ လူပျိုကြီး အပျိုကြီးတွေက ကလေးမမွေးဖူးပဲ ကလေးတွေကိုစိတ်ရှည်ဖို့လိုအပ်ကြောင်းစာအုပ်တွေရေးလိုက်တဲ့အခါမှာ မိဘလုပ်ငန်း မကျွမ်းကျင်သူတွေခမျာအတော်လေးဒုက္ခရောက်ပါတယ်။ တစ်ချို့သူတွေကလည်း ဘစ်ခ် အမ်ဘီးရှင်းကြီးနဲ့ကလေးများရှိခဲ့လျှင်ထိုသို့ဤသို့ တာဝန်ယူပစ်လိုက်မည် ဆိုတာမျိုးတွေရေးသားလာကြတယ်။ ဟိုတလောကပဲဖတ်လိုက်ရသေးတယ်။ (:P) ကလေးတွေကိုနားလည်တာ ကလေးမမွေးဖူးတဲ့သူတွေပဲ။ အဲဒီလိုနားလည်တာကလည်း သူတို့ကိုယ်တိုင်မမွေးခင်အထိပဲလို့ မိဘတစ်ဦးမှပြောကြားသွားပါတယ်။

မြန်မာကားတွေထဲမှာဆို မင်္ဂလာဆောင်ပြီး ဆယ့်ငါးမိနစ်အကြာလောက်မှာဆို မင်းသမီးက ရှက်တဲ့အမူအယာနဲ့ တိုးတိုးလေးပြော၊ မင်းသားက မျက်လုံးကြီးပြူး။ လက်သီးဆုပ်ပြီး ... အဖေဖြစ်တော့မယ်ကွ ဆိုပြီး အင်မတိ အင်မတန် ဂုဏ်ယူဝင့်ကြွားတဲ့ အပြုံးနဲ့ ထထခုန်တာတွေ့ရပါတယ်။ မြန်မာပြည်က ကလေး ဆယ့်နှစ်ယောက်မွေးထားတဲ့ တက်စီ မောင်းတဲ့လူကြီးဆိုရင် အခုအချိန်အထိ အဲဒီလိုပဲ ထထခုန်သေးသလား မေးကြည့်ချင်ပါတယ်။ ကံကောင်းလို့ အခုခေတ်လို သဘောထားကြီးတဲ့ ဘုရင်လက်ထက်မလို့ပေါ့။ အရင်တုန်းက စစ်သူကြီးမဟာဗန္ဓုလ ...(ဟို ဓနုဖြူမှာ အရေးကြီးတဲ့နေရာကို မကာကွယ်ထားတဲ့စစ်သူကြီးကိုပြောတာမဟုတ်ဘူး။ ဂေါတမမြတ်စွာဘုရားလက်ထက်က စစ်သူကြီးကိုပြောတာ။) ဆိုရင် သားသမီးများလို့ ဘုရင်က ပုန်ကန်မယ်ထင်ပြီး မဟာကရုဏာတော်နဲ့ကွပ်မျက်လိုက်တယ်။ ကံသီပေလို့ အခုခေတ်မှာ ၁၂ ယောက်မွေးပြီး ဘေးကင်းနေတာ။ တကယ်လို့ သားသမီးနှစ်ဆယ့်ခြောက်ယောက်ရှိတယ်ဆိုပါစို့ .... A to Z နာမည်ပေးထားလိုက်ရင်တောင် ရမယ်လို့တွေးမိတယ်။ D က C,G,E,F ကိုကျောင်းမှာဝင်ကြို၊ B က G,H,I,J တို့ကိုစောင့်နေ၊ A ကထမင်းချက်ထား။ စသဖြင့်တွေမှာရမယ်ထင်ပါတယ်။ မိဘမေတ္တာဆိုတာ ကလေးအရေအတွက်ပေါ်မှာမူတည်ပြီး ကျုံ့နိုင်ဆန့်နိုင်သလားဆိုတာကိုလည်း တွေးမိတယ်။

သားသမီးယုံ စုံလုံးကန်း။ အဲဒါကတော့ နည်းနည်းဒေါသကြီးတဲ့မိဘတွေက နည်းနည်းပြောကောင်းအောင် ရစ်သမ်ကို အသုံးပြုထားတဲ့ စကားပုံဖြစ်ပါတယ်။ အစကတော့ အဖေတူသား အဖေတူသားဆိုပြီး နောက်မှ ယုံလို့ကိုမရဘူးကွာ ဆိုရင် .... ကြားရတာကိုက သဘောပါကြရဲ့လား တကာကြွယ် ဆိုတာမျိုးဖြစ်နေနိုင်ပါတယ်။ သားသမီးကို ယုံတာမယုံတာနဲ့ ကန်းတာမကန်းတာနဲ့ဟာ သိပ်တော့လည်းမဆိုင်ပါဘူး။ ယုံရမှယုံပေါ့။ မယုံရမှန်းသိရက်နဲ့ယုံရင်တော့လည်း နောက်မှ သားသမီးကို အပြစ်တင်တာတော့ လူကြီးလူကောင်း မဆန်သလိုဖြစ်တယ်။ မွေးထားတုန်းကမွေးထားပြီး မယုံမကြည်ဖြစ်ရတာမကောင်းပါဘူး။ ယုံကြည်လောက်တဲ့သားသမီးမဖြစ်လာဘူးဆိုတာကလည်း မိဘ၀တ္တရားမကျေသလိုဖြစ်ပါတယ်။ စောစောကသိရင် မမွေးပါဘူးဆိုတာမျိုးတွေမပြောပါနဲ့။ စောစောကသိရင် အမွေးမခံပါဘူးလို့ပြန်ပြောနေလိမ့်မယ်။ သားသမီးနဲ့မိဘဆိုတာကတော့ စုံလုံးကန်းလောက်အောင်ယုံကြည်ဖို့ကောင်းပါတယ်။ ယုံကြည်မှလည်း နားလည်အောင်ပြောလို့ရမယ်လို့ထင်ပါတယ်။

မင်း ခွေးဖြစ်မယ့်ကောင်ပဲ။ လို့ ဒေါသကြီးတဲ့မိဘတွေက ကရုဏာဒေါသော ဆိုတာကြီးနဲ့ကိုင်ပေါက်ပါတယ်။ကရုဏာနဲ့ဒေါသဟာ ဘယ်တော့မှ အတူယှဉ်ပြီးမဖြစ်တဲ့စေတသိက်နှစ်ခုဆိုတာကို မသိဘဲနဲ့ ဒေါသကိုပဲလူကြားကောင်းအောင် ကရုဏာနဲ့ယှဉ်တဲ့ဒေါသလုပ်တာကတော့ရယ်စရာကောင်းပါတယ်။ ခွေးဖြစ်မယ့်လူဆိုတာမရှိပါဘူး။ ကိုယ်မျှော်လင့်သလို မဖြစ်တာကို ခွေးဖြစ်တယ်လို့ပြောတာဟာ နည်းနည်းတော့ ပါဝါကို အလွဲသုံးစားလုပ်ရာရောက်ပါတယ်။ ခွေးဖြစ်တယ်ပဲထားဦး ...ကိုယ့်သားကို အယ်ဇေးရှင်းဖြစ်စေချင်တာလား၊ ရော့ထ်ဝိုင်လာဖြစ်စေချင်တာလား၊ စိန့်ဘားနတ်ထ်လား၊ ရှီဇူးလား ဘယ်လိုခွေးဖြစ်မှာလဲသေချာအောင်ပြောလိုက်သင့်တယ်။ အခုတော့ ဘာခွေးဖြစ်မှန်းမသိ သားသမီးတွေမှာသနားဖို့တယ်ကောင်းပါလား။ မိဘမေတ္တာဟာ ဆူပူမှုကို အားပေးသလားလို့တွေးမိပါတယ်။

တစ်ချို့မိဘတွေကြတော့ကိုယ့်တုန်းက မရတာတွေကို သားသမီးအလှည့်မှာရစေချင်တယ်။ သား ... အဖေ့အလှည့်တုန်းက မင်းအမေဆူတာနဲ့ Mac Book Pro မ၀ယ်လိုက်ရဘူး။ သား မူကြိုမှာသုံးဖို့ Mac Book Pro ဆိုပြီးဝယ်ပေးလိုက်ကြတယ်။ အဲဒါဟာ မိဘမေတ္တာလား ကိုယ့်အတ္တကိုယ် အစာပြန်ကျွေးတာလားမသဲကွဲပါဘူး။

မိဘဖြစ်ဖို့ ရက်တိုသင်တန်းမရှိဘူး။ မိဘတွေက ကောင်းမယ်ထင်တာတွေလုပ်ရင်းလွဲလွဲသွားတဲ့ သနားစရာလူရွှင်တော်တွေလည်းဖြစ်တယ်လို့ နသန်နီယလ်ဟောသွန်းလား၊ သူတို့အိမ်ကိုနွားနို့ပို့တဲ့သူလား ပြောသွားဖူးတယ်။ မိဘအလုပ်ကမလွယ်ဘူး ဆိုတာလောက်ကိုသဘောပေါက်ရင် သားသမီးတွေရဲ့စိတ်ပိုင်းဆိုင်ရာအခက်အခဲကို အာဂန္တုဖျားလို သဘောထားပြီး ဆေးမြီးတိုတွေနဲ့ကုတာနည်းလာနိုင်တယ်။ မကြိုက်တာမစားနဲ့ ကြိုက်တာပဲစားဆိုရင် ကျွန်တော်တို့တွေထဲက အများစုဟာ သကြားလုံးနဲ့ချောကလက်ကိုပဲ မနက်စာ၊နေ့လည်စာ၊ညစာ အဖြစ်စားခဲ့ကြမှာပဲ။ အစားအသောက်ကျွေးရတာလည်းမလွယ်ဘူး။ အကောင်သေးသေးလေးတွေရဲ့ခေါင်းထဲမှာ ဘာတွေ ပေါက်ပေါက်ရှာရှာတွေးပြီး၊ ဘာတွေ ကြံကြံဖန်ဖန် တောင်းဆိုမလဲဆိုတာကိုလည်း ကြိုမသိနိုင်ဘူး။

မိဘတွေထဲက ၈၀ရာခိုင်နှုန်းကျော်ဟာ ကလေးတွေရမှပဲ ကိုယ့်မှာ မိဘရှိမှန်းသတိရတော့တယ်လို့ နစ်ရှေးလား နစ်ရှေးတို့လမ်းထဲမှာ ဆိုက်ကားနင်းတဲ့သူလား ...တစ်ယောက်ယောက်ပြောခဲ့ဖူးလိမ့်မယ်။ လူတွေက အတော်လေးရယ်ဖို့ကောင်းတယ်။ မိဘကျေးဇူးကိုမဆပ်ဘဲ သားသမီးကျေးဇူးကိုဆပ်နေတာဆိုတဲ့တရားကိုလည်း နာဖူးတယ်။ သားသမီးရတာကိုကလှလှပပ ၀ဋ်လည်တာလည်းဖြစ်နိုင်တယ်။ ကာလ၀ိပါက်နောက်ပိုးတက်ပြီး ရှေ့ပိုးက ပြန်မဆင်းတာမျိုးလည်းဖြစ်ကောင်းဖြစ်မယ်။

တစ်ချို့တွေကလည်း ကလေးမွေးတာကိုပဲ စားသောက်ဆိုင်မှာ အစာမှာသလို Preference ကြီးနဲ့။ ယောကျာ်းလေးပဲလိုချင်တယ်။ မိန်းကလေးမွေးရင် သူတို့အဖေကိုပဲပိုချစ်နေရင် မွေးထားရကျိုးမနပ်ဘူး ...စသဖြင့်။ တကယ်တော့ ကလေးမွေးတယ်ဆိုတာ စစ်တပ်ထဲမှာ အ၀တ်အစားတွေ ပစ္စည်းတွေထုတ်ပေးသလိုပဲ။ ပေးတာပဲယူရတယ်။ မကျေနပ်လို့ပြန်လဲလို့မရဘူး။ ငုပ်ဗီဇတွေ၊ဘောလောပေါ်ဗီဇတွေ ဆိုတာကရှိသေးတယ်။ ကိုယ့်လို ကိုးလိုးကန့်လန့်တွေဖြစ်လာနိုင်တယ်။ ဘာမှ မသေချာဘူး။ ဆရာဝန်နှစ်ယောက်ရဲ့သား စာမေးပွဲမှာတဖုံးဖုံးကျနေတာဟာ ဥာဏ်ရည်ဟာ မိဘကနေ သားသမီးဆီ တိုက်ရိုက်ကြီးရောက်သွားမယ်လို့ အာမမခံဘူးဆိုတာကို ပြနေပါတယ်။ မိဘတွေက တော်လေလေ သားသမီးမှာဖိအားများလေလေပါပဲ။ ပတ်ဝန်းကျင်ကလူတွေက သာမန်လူတွေထက်ပိုမျှော်လင့်ထားတယ်။ အမှားကို သိပ်ခွင့်မပြုတော့ဘူး။ သားသမီးဖြစ်ရတာလွယ်တယ်မှတ်လို့။

မိဘမေတ္တာဆိုတာ တစ်ချို့က ဘတ်စ်ကားတွေမှာ ရေးထားတယ်ဆိုတာလောက်ပဲသိပါတယ်။ မွေးရင်းဖွားရင်း ဆုံးပါးသွားနိုင်တယ်။ သချိ င်္ုင်းကို မျက်စိစွေတဲ့သူ မျက်စောင်းထိုးထားသလို တော်တော်ကြီး မျက်စောင်းထိုးထားခဲ့ရတယ်ဆိုတာတွေကို ကျွန်တော်တို့ စာစီစာကုံးမှာ အများကြီးရေးဖူးပါတယ်။ ကျွန်တော့်ကို အမေမွေးတုန်းက ဘေးနားက ဗိုက်ခွဲမွေးသူတွေက ဟောတစ်ယောက်ဟောတစ်ယောက် အကင်းမဟုတ်ဘဲ တဖြုတ်ဖြုတ်ကြွေပါတယ်။ အရင်တုန်းက ဆေးပညာဟာ အခုဆေးပညာလိုပဲ အာမခံချက်မရှိပါဘူး။ အခုလည်း ဆေးပညာက အာမခံတာမဟုတ်ဘဲ ဆေးပညာ+Cash ကသာ အာမခံတာဖြစ်ပါတယ်။ မယုံရင် ပိုက်ဆံမပါဘဲ ဆေးရုံကြီးမှာ ဗိုက်ခွဲမွေးကြည့်စေချင်ပါတယ်။ သူငယ်ချင်းရဲ့ အသိ ဗိုက်ခွဲမွေးဖို့ ပိုက်ဆံပြန်ယူနေတာကို ထိုင်စောင့်နေပေးတဲ့ ဆရာဝန်ရှိမှန်း သိခဲ့ပါတယ်။ စိတ်ရှည်တာအံ့ရောလို့တောင်ပြောချင်စရာပဲ။ မတော်တဆ တိမ်းပါးသွားရင် ဘယ်လိုခေါင်းစဉ်တပ်မလဲဆိုတာကိုလည်း စိတ်ဝင်စားမိပါတယ်။ ပိုက်ဆံရမှခွဲမယ်ဆိုတာက ငွေမြင်ရင် လင်လုပ်ပါမည်ဆိုတဲ့ ရေသည်ပြဇာတ်ထဲက ရေသည်မိန်းမပြောတဲ့စကားလို ကြည်နူးစရာမရှိဘူး။ ဆရာဝန်တွေဟာ Hippocratic oath ကို အုတ်၊သဲကျောက်ဆိုင်မှာ ရောင်းလိုက်ပါပြီ။ တစ်ခါတည်းမဆိုပဲ မနက်တိုင်း မောနင်း Prayer လိုဆိုရင် မိဘမေတ္တာပြသခွင့်ရတဲ့ မိဘတွေရှိလာနိုင်ပါတယ်။

အကောင်းအတိုင်းမွေးလာရင်ကို မိဘတွေကို ကျေးဇူးတင်။ အဲဒီစကားကိုပြောတာ ဒေါက်တာနော်မန်ဗက်သွန်းဆိုတဲ့သူအကြောင်းမဖတ်ဖူးတဲ့ သုဝဏ္ဏ က ဆရာဝန်တစ်ယောက်ဖြစ်ပါတယ်။ ကလေးတစ်ယောက်မှာ Down syndrome (DS), ဖြစ်နိုင်ခြေ၊ ကိုယ်လက် အင်္ဂါမပြည့်မစုံဖြစ်နိုင်ခြေဘယ်လောက်များလဲသိနေတဲ့သူတစ်ယောက်ရဲ့စကားမို့အတော်လေး တွေးဖြစ်တယ်။ ကံကောင်းလို အားလုံးပါလာတာ။..... ဗိုက်ထဲကရှောရှောရှူရှူ (ခွဲတာနဲ့ထွက်လာတဲ့အတွက်) ထွက်လာတဲ့အတွက် သားသမီးကိုလည်း မိဘတွေက ကျေးဇူးတင်ပုံရပါတယ်။ အပြန်အလှန် အကျိုးရှိတာ။ ဗိုက်ထဲမှာ ကိုးလလောက်နေပေးလိုက်တာကိုက နည်းတဲ့ ကျေးဇူးမဟုတ်ဘူး။ ဟိုတယ်က အခန်းတွေလို ကျယ်ကျယ်ပြန့်ပြန့်လည်းမဟုတ်၊ ဟိုတစ်ခေါက် အဲဒါကိုပြောတော့ ကျောင်းလှူတဲ့သူတွေက ၀မ်းဗိုက်ထဲမှာကို ဟိုတယ်နှစ်ခန်းစာလောက် အကျယ်ကြီးနေရမယ်ဆိုတာကို အသိဘုန်းကြီးကပြောပါတယ်။ အဲဒီတော့ ဗိုက်ထဲမှာ နေရတာကျဉ်းတယ်လို့ခံစားမိတဲ့သူတွေ ကျောင်းလှူပါ။ ကျောင်းတကာကြီးတွေရဲ့အမေဗိုက်ကတော့ ဟိုတယ်နှစ်ခန်းစာပိုပူနေပါလိမ့်မယ်။ ( စိတ်မကောင်းပါဘူးအမေ ....။ :P)

ထူးအိမ်သင်ရဲ့သီချင်းရှိပါတယ်။ အမေ့ရဲ့ဒုက္ခအိုးလေး။ ကြီးလာတော့ ဒုက္ခအိုးကြီးဖြစ်လာနိုင်ပါတယ်။ သားသမီးမွေးရတာကိုက တွက်ခြေမကိုက်ပါဘူး တွက်ခြေကိုက်ချင်ရင်လည်း သားသမီးမမွေးဘဲ အသားစားကြက်မွေးဖို့အကြံပေးချင်ပါတယ်။ လေးဆယ့်ငါးရက်နဲ့ အကျိုးအမြတ်ရပါတယ်။ သားသမီးကတော့ ၂၈ နှစ်လောက်ကြာတော့ မိဘကျေးဇူးအကြောင်းမဟုတ်တာကနေ စစဉ်းစားပါလိမ့်မယ်။ မိဘမေတ္တာဆိုတာ မျက်စိမမြင်တဲ့သူရဲ့ အလင်းရောင်ကို ရှိရင်းစွဲတန်ဖိုးထက် ပိုမြှင့်ပြီးမျှော်လင့်တာမျိုးလည်းဖြစ်နိုင်ပါတယ်။

တစ်ချို့လူတွေကလည်း သားသမီးကို အတော်လေးမျှော်လင့်တယ်။ သားထောက်သမီးခံမရှိရင် ခက်မယ်လို့ပြောကြတယ်။ ထောက်ထားတဲ့သားသမီးဆိုရင်တော့တော်သေးတာပေါ့။ ကိုယ်လဲလဲရော ရှောင်ပေးလိုက်တဲ့သားသမီးနဲ့တွေ့ရင် ပိုနာနေမယ်။ ကိုယ့်ဘာသာ ဖြည်းဖြည်းချင်းလဲတာကတောင် သက်သာဦးမယ်။ သားသမီးရှိမယ်ထင်ပြီးလဲလိုက်မှ ဆန္ဒန်ဆင်မင်း အစွယ်ပြုတ်ကျသံလို ဗုန်းဗုန်း မြေသို့ကျတွေဘာတွေဖြစ်မယ်။ မိဘတွေက သားသမီးရလာမယ်ဆိုတာ သိပေမယ့် သားသမီးတွေကတော့ မိဘရလာမယ်ဆိုတာ သိပ်သိတာမဟုတ်ဘူး။ အဲဒါကြောင့်လည်း တစ်ချို့ဇာတ်လမ်းတွေမှာ မိဘတွေက သေချင်ယောင်ဆောင်ကြ၊ နှလုံးရောဂါကို ပုံကြီးချဲ့ကြ။ သားသမီးသည် မိဘအုပ်ချုပ်ခွင့်ရ ကိုယ်ပိုင်နယ်မြေဖြစ်သည်တွေဘာတွေဖြစ်ကုန်ရော။ သားသမီးတွေက မိဘကျေးဇူးကို သိတတ်တယ်ဆိုရင်လည်း သူ့သဘောနဲ့သူသိတာက ကောင်းပါတယ်။

ကိုယ့်ဘာသာကိုယ်တောင် မိဘမေတ္တာအကြောင်းစဉ်းစားရတာ လုံလုံလောက်လောက် ရှုပ်ထွေးနေပြီးသားကို မနေနိုင်မထိုင်နိုင် Xanthos နဲ့ပြောမိတယ်။ သူကလည်း သူ့ပြဿနာကိုတင်ပြတယ်။ တကယ်လို့ သောတပန်မိဘနှစ်ပါးမှာ အနာဂါမ် သားကြီးမွေးတယ်ဆိုပါတော့ .. သူတို့သားကြီးကို သူတို့က ရိုက်မိတယ်ဆိုပါတော့ ... နည်းတဲ့အကုသိုလ်မဟုတ်ဘူးနော် ..... လို့ပြောပြီး တဟားဟားရယ်နေပါတယ်။( တကယ်တော့ ဒီလိုမမွေးပါဘူး။ သူက အခက်အခဲဖြစ်စေတဲ့အနေထားကိုပဲတွေးကြည့်တာပါ။)

သံသရာအမြင်အရ သူစိမ်းတွေတောင် တစ်ချိန်ကတော့ အမျိုးအရင်းတွေဖြစ်မယ်။ (ကျွန်တော်တို့မုန်းပါတယ်ဆိုတဲ့လူကြီးကလည်း အရင်က ကျွန်တော်တို့ရဲ ဆွေနီးမျိုးစပ်ကြီးဆိုတာကို လက်သင့်ခံဖို့တောင် အတော်အားယူရတယ်။ )အကုသိုလ်များလွန်းလို့ အတူတူ ကျွတ်တန်းမ၀င်သေးဘဲ ကျန်ခဲ့တဲ့သူအချင်းချင်း မာနကြီးနေကြတာလည်းရယ်စရာကောင်းပါတယ်။ ကံသာ အမိ ကံသာအဖ ဆိုရင်လည်း ကံကိုလည်း ကျေးဇူးဆပ်ဖို့လိုကောင်းလိုနေပါလိမ့်မယ်။ လူုအဖြစ်ရဲ့ ရွေးချယ်ခွင့်နည်းပါးမှုတွေထဲမှာ မိဘကိုရွေးချယ်ခွင့်မရတာလည်းပါကောင်းပါမယ်။ သား၊သမီးကို ရွေးချယ်ခွင့်မရတာလည်းပါကောင်းပါနိုင်ပါတယ်။ မိဘမေတ္တာကို မြင်းမိုရ်တောင်နဲ့ယှဉ်ရင် မြင်းမိုရ်တောင်ဟာ နွားချိုပေါက်စလောက်ပဲရှိမယ်၊ မိဘမေတ္တာကို သမုဒ္ဒရာနဲ့ယှဉ်ရင် မဟာသမုဒ္ဒရာတောင် ယုန်ခြေတစ်ထောက်စာလောက်ပဲဖြစ်သွားမယ်ဆိုတဲ့ အတိဿယတွေကို ကျွန်တော်တို့ မကြာမကြာ စာထဲထည့်ရေးပါတယ်။ သားသမီးမရှိတဲ့ အပျိုကြီး ဆရာ၊ဆရာမကြီးတွေတောင် ဒါမှ မိဘမေတ္တာကွ ဆိုပြီး အမှတ်အများကြီးပေးရအောင်ရေးကြပါတယ်။ ... တကယ်တော့ ကျွန်တော်တို့ဟာ For Granted ရတဲ့မေတ္တာတရားတွေကို နားလည်ဖို့ အတော်ကြီး ကွာဝေးနေပါသေးတယ်။ မိဘကလည်း သားသမီးမေတ္တာကို နားလည်ဖို့ကြိုးစားဖို့လိုသလို၊ သားသမီးကလည်း မိဘမေတ္တာကိုနားလည်ဖို့လိုပါတယ်။ တစ်လမ်းမောင်းမေတ္တာဆိုရင် ကွှန်တော်တို့ရဲ့ အပြုံးတွေဟာ အလင်းပြန်နိုင်ကြမှာမဟုတ်ပါဘူး။ ..........

ဒီနေ့အတွက် မေးခွန်းက လွယ်လွယ်လေးပါ။
မိဘမေတ္တာကို သင်နားလည်သလောက် ကိုယ့်ဘာသာကိုယ်ရှင်းပြကြည့်ပါ ဆိုတဲ့မေးခွန်းလေးပါပဲ။

Good Luck Buddies!!!

ခင်မင်စွာဖြင့်
Zephyr

Notes:

အင်မတန်ချစ်ခင်သော မိခင်ကြီးနှစ်ယောက် ရောက်ရာအရပ်များမှ ပြုံးပျော်စေရန်၊
သူငယ်ချင်းများ ရုံးမှနေပြီး မျက်နှာအကြောပြောလျှော့နိုင်စေရန်၊
မိဘမေတ္တာကို ကိုယ်တိုင်ကိုယ်ကျ ပြန်လည်သုံးသပ်နိုင်ရန်၊ အစရှိတဲ့ရည်ရွယ်ချက်များနဲ့ရေးပါတယ်။





Peace B with U.

Thursday, September 9, 2010

အတုလုပ်ထားသော စိတ်ကူးစိတ်သန်းများအကြောင်း။

အတုလုပ်ထားသော စိတ်ကူးစိတ်သန်းများအကြောင်း။

မြို့လေးမှာ နှလုံးသားဟောက်ပက်နဲ့ အရုပ်လေးတစ်ရုပ် မိုးသည်းထဲမှာရပ်နေတယ်။ အချိန်ကာလတွန်းစားတိုက်ဖြိုသွားတဲ့ အရုပ်လေးတစ်ရုပ်မို့ထင်တယ်။ တည်တည်ငြိမ်ငြိမ်ယိုယွင်းပျက်စီးသွားတယ်။ ဘယ်သူမှသတိမထားမိခင်မှာပဲ လုံလုံလောက်လောက် ဆုံးရှုံးယိုင်နဲ့ခဲ့တယ်။ မြို့လေးမှာ ရပ်နေခဲ့တဲ့နှစ်အရေအတွက်ကိုမြို့သားတွေမေ့သွားကြပြီ ......။ နှလုံးသားဟောက်ပက်နဲ့ အရုပ်လေးတစ်ရုပ် ....မိုးသည်းထဲမှာရပ်နေခဲ့တာလား ....ရပ်နေရတာလား၊ ရပ်နေဦးမှာလား ဘယ်သူမှမတွေးကြည့်တော့ဘူး .........။

အရုပ်လေးမှာ မိတ်ဆွေမရှိဘူး။ ရန်သူမရှိဘူး။ အထိမ်းအမှတ်သဘောလည်းမရှိဘူး။ ဘာကြောင့်ထုလုပ်လိုက်ပါတယ်ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုရဲ့ ထွက်ကုန်လည်းမဟုတ်ဘူး။ သာမန် အရုပ်လေးတစ်ရုပ် ... ကံပစ်ချထားလိုက်တဲ့ ကျရာနေရာက အရုပ်လေးတစ်ရုပ်ပဲဖြစ်တယ်။ အရုပ်လေးမှာ တွယ်ကပ်ပေါက်နေတဲ့ ရေညှိပင်အချို့ရှိတယ်။ အက်ကြောင်းရာတစ်ချို့ရှိတယ်။ နှလုံးသားနေရာမှာ ဟောင်းလောင်းပေါက်တစ်ချို့ရှိတယ်။ ငှက်ကလေးတွေက မိုးခိုဖို့ အဲဒီဟောင်းလောင်းပေါက်ကို အသုံးပြုတယ်။ အရုပ်လေးမှာ အိမ်မက်မရှိဘူး။ မနက်ဖြန်မရှိဘူး။ အတိတ်မရှိဘူး။ မြို့လယ်ခေါင်မှာ ငေါင်စင်းစင်းရပ်နေရခြင်းပဲရှိတယ်။

လူတစ်ချို့ဟာ အရုပ်လေးဘေးကဖြတ်လျှောက်တယ်။ မြို့ခံလူက အရုပ်လေးကို မြင်နေကြ သတင်းစာစာမျက်နှာလို ကျော်ဖတ်သွားတယ်။ အလည်လာသူတွေက အရုပ်လေးနဲ့ဓာတ်ပုံရိုက်တယ်။ ရှေးဟောင်းသုတေသီတွေက မှတ်တမ်းတွေနဲ့တိုက်ဆိုင်ကြည့်တယ်။ အတင်းပြောတတ်သူတွေက အရုပ်ကလေးကို ၀ါကျတစ်ခုတည်ဆောက်ပစ်တယ်။ ပို့စ်မော်ဒန်သမားတစ်ချို့ဟာ အရုပ်ကလေးနဲ့ ဒီကွန်စထရပ်ရှင်း ဆက်စပ်မှုနဲ့ ဆက်စပ်မှုမဲ့မှုသီအိုရီအကြောင်း အငြင်းပွားတယ်။ ဘာဆိုဘာမှ ခံစားချက်မရှိတဲ့ မျက်လုံးအသေတွေနဲ့ အရုပ်ကလေးဟာ မိုးရေချိန်များတဲ့ ရာသီဥတုထဲမှာ၊ သံသရာခရီးသွားမြို့လေးရဲ့ ရင်ဘတ်ထဲမှာ အမှတ်အသားတစ်ခုကို ညွှန်ပြနေတဲ့ နာရီလက်တံတစ်ခုလို ခိုင်ခိုင်မတ်မတ် ရပ်တန့်ကြေကွဲနေတယ်။

ရုတ်တရတ် လေထုထဲမှာ အောက်ဆီဂျင်ယုတ်လျော့သွားသလို ..... မြို့ကလေးမှာ တိတ်ဆိတ်သွားတယ်။ အသံဆူညံမှုမဲ့နေတဲ့အခါ တိတ်ဆိတ်မှုဟာပဲ ဆူညံလာတယ်။ အရုပ်ကလေးရှေ့မှာအချိန်မရွေးပြိုကျနိုင်လို့ အန္တရာယ်ရှိသည်ဆိုတဲ့ ဆိုင်းဘုတ်တစ်ခုလာရောက်ချိတ်ဆွဲသွားတယ်။ မြို့သားတွေဟာ အရုပ်ကလေးနဲ့ခပ်ဝေးဝေးကွေ့ပတ်သွားကြနေတယ်။ အရုပ်ကလေးနားမှာပွင့်ဝေနေတဲ့ပန်းပွင့်တွေရဲ့ သွေးခုန်သံတွေဟာ တစ်ချက်တစ်ချက် ပိုမိုဆူညံလာတယ်။ ပန်းပွင့်တွေရဲ့ သက်ပြင်းချသံတွေကတော့ပိုမိုတိတ်ဆိတ်လာတယ်။

စောင့်ကြည့်လေ့လာသူတွေက အရုပ်ကလေးပြိုကျသွားတော့မယ်လို့ပြောတယ်။ တက်ကြွလှုပ်ရှားသူတွေက မနက်ဖြန်မှာပဲ အရုပ်ကလေးကို တူးဖြိုလိုက်ဖို့ကောင်းတယ်လို့အကြုံပြုတယ်။ အရုပ်ကလေးတစ်ရုပ်လဲပြိုသွားတာဟာ သဘာဝတရားထဲမှာ သစ်ကိုင်းလေးတစ်ကိုင်းကျိုးတာထက်မပိုဘူးလို့ မြို့ရဲ့ အုပ်ချုပ်သူတွေက ဖြေရှင်းချက်ပေးတယ်။

မြို့ကလေးမှာ အရုပ်လေးကြောင့်မြို့သားတွေ သောကပိုများလာကြတယ်။
မြို့ကလေးမှာ အရုပ်လေးတစ်ရုပ် မိုးသည်းထဲမှာ ရပ်နေခွင့်ရှိရဲ့လားဆိုတာက အစ ပြန်သုံးသပ်ကြတယ်။

ခရမ်းရောင်ညနေခင်းမှာ ဦးထုပ်အနီဆောင်းထားတဲ့ မျက်လှည့်ဆရာတစ်ယောက် မြို့ကလေးကို မိုးပျံပူဖောင်းတစ်ခုလို ပေါ့ပေါ့လေးရောက်လာတယ်။ မြို့သားတွေကို အထူးအဆန်းတွေထုတ်ပြတယ်။ မျက်လှည့်ပညာနဲ့၊ပြီးတော့ ပြုံးရယ်ချိုသာမှုနဲ့ .... မြို့သားတွေရဲ့ ထိုင်းမှိုင်းမှုကို သူ့ရဲ့ အတတ်ပညာနဲ့ ဆေးချပစ်လိုက်သလို .....။ မြို့ကလေးဟာ တစ်ဖန်လန်းဆန်းလာတယ်။ ဇီဇ၀ါရနံ့တွေသင်းတဲ့ မြေလမ်းကလေးမှာ မျက်လှည့်ဆရာဟာ အိမ်ပေါက်စေ့ဖြေဖျော်အသုံးတော်ခံနေဖြစ်တယ်။

နောက်နေ့ရက်တစ်ချို့ဖြတ်သန်းပြီးတဲ့နောက်မှာ မြို့ကလေးကို မှော်ဆရာတစ်ယောက်ရောက်လာတယ်။
သူ့အထာနဲ့ တည်ငြိမ်တိတ်ဆိတ်နေတဲ့မှော်ဆရာ ... အကြည့်စိမ်းစိမ်းစူးစူးနဲ့ မျက်လှည့်ဆရာကိုတစ်ချက်စိုက်ကြည့်ရင်း .... မင်းလည်း ရောက်နေတာကိုးလို့ ခပ်ဖွဖွလေးရွတ်လိုက်တယ် .....။ မြို့ကလေးမှာ အန္တရာယ်အငွေ့အသက်တွေ ပြန်လွှမ်းလာတယ်။ မှော်ဆရာရဲ့ အကြည့်တွေက အရုပ်လေးရဲ့မျက်လုံးမှာ ရပ်နားတယ်။ နာရီပေါင်းများစွာ အရုပ်ကလေးကို ကြည့်တယ်။ ခေါင်းတဆတ်ဆတ်ငြိတ်တယ်။ မြို့သားတွေရဲ့ရင်ထဲမှာ အလိုလို ပူလောင်မှုတွေဖြစ်လာတယ်။ ပုံမှန်ထက် ဒေါသပိုကြီးလာတယ်။မှော်ဆရာရောက်လာတဲ့မြို့ကလေးမှာ ညဘက်ပွင့်တဲ့ပန်းရနံ့တွေမှာ သွေးညှီနံ့စူးစူးရလာတတ်တယ်။ မြို့သားတွေ အိမ်တံခါးကို အစောကြီးပိတ်ကျင့်ရလာတယ်။ လရောင်ဟာ မှော်ဆရာကို ကွေ့ဝိုက်ပြီးဖြာကျတယ်။ မှော်ဆရာဖြတ်သွားတဲ့ အိမ်တွေမှာ နေတဲ့သူတွေဟာ အသက်ရှုခက်ခဲတဲ့မွန်းကြပ်မှုကိုပဲ တခဲနက်ခံစားကြရတယ်။

မှော်ဆရာရောက်လာပြီးတတိယနေ့မှာ မြို့ကလေးထဲ အရူးတစ်ယောက်ရောက်လာတယ်။ ... သူ့ကိုယ်သူ ယုံကြည်မှုပြည့်လွန်းတဲ့အရူးတစ်ယောက်လို့ပြောရမယ်။ သူ့အရိပ်ကို သူနင်းပြီး သူ့ခြေထောက်အပေါ်မှာပဲ သူရပ်တယ်။ သူက မှော်ဆရာကိုတစ်လှည့် မျက်လှည့်ဆရာကို တစ်လှည့်ကြည့်ပြီး ကျယ်ကျယ်လောင်လောင်ပြောတယ်။ မင်းတို့လည်းရောက်လာပြီကိုး ............။ မြို့သားတွေက ဒီလူသုံးယောက်ကို မသိမသာတစ်မျိုး သိသိသာသာတမျိုးအကဲခတ်တယ်။ .... မြို့ကလေးရဲ့ ကံကြမ္မာနဲ့လောင်းကြေးထပ်ထားတဲ့ အကြည့်တွေနဲ့ တစ်ယောက်ကိုတစ်ယောက်တိုင်ပင်လာကြတယ်။ တစ်ယောက်နဲ့တစ်ယောက်ဟာ အရင်ကထက် ညီညွတ်လာကြတယ်။ မြို့ကလေးမှာ တကယ်လိုအပ်နေတာတစ်ခုခုအတွက် ဘာလုပ်ရမလဲ။ မြို့ကလေးမှာ အရင်လို ပြန်နေလို့ထိုင်လို့ကောင်းဖို့အတွက် တစ်ခုခုလိုမလား။ ဘာလုပ်ကြရင်ကောင်းမလဲ။ ...............

ဆောင်းရာသီထဲပြန်လည်တိုးဝင်တဲ့ စက်တင်ဘာ ........................။ အရုပ်လေးရှေ့မှာ ရပ်နေတဲ့သူသုံးယောက် .........။ ..........................................................................................................................။

နောက်တစ်နေ့မနက်ခင်းတစ်ခုမှာ မြို့သားတွေဟာ .............. အရေးမပါတဲ့ အရုပ်လေးတစ်ရုပ်ကို ခိုးဝှက်သွားတဲ့ လူသုံးယောက်အကြောင်းကိုပဲ စိတ်ဝင်တစားဖြစ်နေတော့တယ်။ ............................။

မြို့ကလေးမှာ ပန်းပွင့်တွေသေဆုံးသွားတာကို တော့ မြို့သားတွေထဲက ဘယ်သူကမှ သတိမပြုမိခဲ့ပါဘူး။
မြို့ကလေးမှာ ပန်းပွင့်တွေမရှိတော့တာနဲ့ အရုပ်ကလေးတစ်ရုပ်မရှိတော့တာအတွက် တကယ် နာကျင်ကြေကွဲရသူဆိုလို့လည်း သင်တစ်ယောက်တည်းပဲရှိပါတယ်။ ......................။ ။



Peace B with U.

Monday, September 6, 2010

Zephyr's Notes


သံ60၈၇ခြင်း



အခုတလော ဘာရယ်မဟုတ်ဘဲ သံဝေဂတွေချည်း သပိတ်ဝင်အိတ်ဝင်ရနေတယ်။ ပါရမီသာပါရင် အခုအချိန်လောက်ဆိုရင် တောထွက်မိသွားလောက်ပြီ။ အခုတော့ပါရမီနည်းတော့ ဟန်ဒါဆန်ဝေ့ဖ်လောက်အထိပဲ လမ်းထွက်လျှောက်ပြီး ပြန်လာနေမိတယ်။



အခုတလော ရပ်ကွက်ထဲမှာကြားရတာက သွားလေသူကြီးများခမျာ မြို့မေတ္တာခံယူတဲ့သားများသာဖြစ်နေကြောင်း၊ ဂီတပါရမီရင့်သန်ကြောင်း၊ တစ်မိပေါက်တစ်ယောက်ထွန်းဖြစ်ကြောင်း၊ ထိုတစ်မိကို အလားတူနှစ်ယောက်မမွေးပေးလိုက်သောကြောင့် မမြင်ဖူးပေသည့်တိုင် ကျေးဇူးအထူးတင်ရှိကြကြောင်း။ မှတ်မိနေသော စာသားလေးအနည်းငယ်အခါအခွင့်သင့်တုန်းရွတ်ဆိုခွင့်ပြုပါရန် .......

I am very fond of sunsets. Let's go this moment and look at a sunset.
But we shall have to wait....
Wait for what?
Wait until it's time for the sun to set ...............Eupery ရဲ့ The Little Prince ထဲက ဇာတ်ကွက်လေးပါ။ နေ၀င်ချိန်အထိတော့ စောင့်ကြည့်ရဦးမှာ .....။ နေ၀င်သွားတာကို စောင့်မှ နေ၀င်ချိန်ကိုမြင်ရတတ်သလို ... အပြောင်းအလဲဆိုတာကလည်း စောင့်ကြည့်ရင်မြင်ရတတ်ပါတယ်။

Self-repect and honor cannot be protected by others ဆိုတဲ့ ဂန်ဒီကြီးရဲ့ စကားကိုလည်း ကြားယောင်မိပါတယ်။ လူတစ်ယောက်မှာ ဂုဏ်သိက္ခာမရှိတော့ရင် ဘာတွေကျန်သေးလဲလို့စဉ်းစားကြည့်ပါတယ်။ တခြားအရာတွေကျန်နေသေးပြီး ကိုယ့်ကိုယ်ကိုလေးစားစရာလေးမှ မကျန်တော့ရင်လည်း အတော်လေး အခံရခက်နိုင်ပါတယ်။

ကလေးတွေကိုအထင်မသေးနဲ့

ဒီဘိုးနိုးကြီးကစာအုပ်တစ်အုပ်ရေးပါတယ်။ Think!! before it's too late. ဆိုတဲ့စာအုပ်ပါ။ လူဆိုတာ တွေးတတ်တဲ့သတ္တ၀ါဖြစ်ပါတယ်။ မြန်မာပြည်က ကလေးတစ်ယောက်ရဲ့အတွေးအခေါ်ကောင်းတာကို သဘောကျမိပါတယ်။ ၄ နှစ်သားလောက်ပဲရှိတဲ့ကလေးတစ်ယောက်ကိုမိဘတွေက ဘုရားတွေလိုက်ပို့ရင်း တွေ့သမျှ ရုပ်ပွားတော်ဦးချခိုင်းတော့ ပထမတော့ကလေးက ဦးချပါတယ်။နောက်တော့သူလည်း ပျင်းလာပုံရပါတယ်။ မြေကြီးပေါ်လဲချပြီး ၃၆၀ ဒီဂရီ ဦးချပစ်လိုက်ပါတယ်။ သူအားလုံးရှိခိုးပြီးသွားပြီလို့ပြောပါတယ်။ အဲဒီလိုကလေးတွေ ဥာဏ်ကောင်းသလို လူကြီးတွေလည်း ဥာဏ်ကောင်းဖို့လိုပါတယ်။ မဟုတ်ရင် တူကြီးလျှင်ပေ၊ လူကြီးလျှင်တေ ဆိုတာမျိုး၊ ယောင်ကြီးလျှင်ငိုက်၊ လူကြီးလျှင်မိုက်ဆိုတာမျိုးတွေဖြစ်နိုင်ပါတယ်။

တော်မှန်းသိစေချင်ရင်မတူအောင်လုပ်ရတယ်။

ံHerbert Simon ဆိုတာ Phychologist တစ်ယောက်ဖြစ်ပါတယ်။ သူ့ကြောင့် saisfice ဆိုတဲ့စကားလုံးတစ်လုံးတိုးလာပါတယ်။ satisfy နဲ့ suffice ကိုပေါင်းလိုက်တာပါ။ တစ်ခြားသူတွေရေးရင်စာလုံးပေါင်းမှားတာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် Simon ကိုကြတော့ထွင်တယ်လို့သတ်မှတ်လိုက်ပါတယ်။ Shakespearစာတွေ ဆိုရင် နားလည်ဖို့သူ့အတွက်သီးခြားထုတ်ရတဲ့အဘိဓာန်အတွဲလိုက်ထုတ်ရပါတယ်။ မတူညီမှုဟာ Distinct ဖြစ်စေပါတယ်။ ဒါပေမယ့်တစ်ခုနားလည်ထားရမှာက ဆင်သွားရင်လမ်းဖြစ်တယ်ဆိုတဲ့နေရာမှာ ဆင်ပါတဲ့ ကြက်ဆင်တွေအတွက် စကားပုံမဟုတ်ဘူးဆိုတာကိုလည်းသိသင့်ပါတယ်။

စာဖတ်နာသူတွေ

စာများများဖတ်ထားတာဟာ ပရုဖ်ရီဒါတစ်ယောက်ဖြစ်ကောင်းဖြစ်မယ်။ ပညာတတ်တစ်ယောက်ဖြစ်လာမယ်လို့တော့ အာမမခံနိုင်ပါဘူး။ လူကောင်းတစ်ယောက်ဖြစ်လာမယ်လို့လည်း အာမမခံနိုင်ပါဘူး။ စာကြောင်တယ်ဆိုတဲ့စကားလည်းရှိပါတယ်။ တကယ်ရိုးသားတဲ့စိတ်နဲ့စာကိုဖတ်နိုင်ဖို့နဲ့ ကောင်းတာတွေကို ကိုယ်ပိုင်လုပ်နိုင်ဖို့ဟာ စာပေရဲ့ရည်ရွယ်ချက်လည်းဖြစ်ချင်ဖြစ်နိုင်ပါတယ်။ မဖြစ်ချင်လည်းမဖြစ်ပါဘူး။ သတင်းစာကို နှစ်ခြောက်ဆယ်ဖတ်လာတဲ့သူတစ်ယောက်ဟာ နာရေးနဲ့ကြော်ငြာအကြောင်းအတော်လေးသိတာကလွဲရင် ဘာမှ ထွန်းထွန်းပေါက်ပေါက်ဖြစ်လာမှာမဟုတ်ပါဘူး။ စိတ်ထားလည်းမကောင်းတဲ့အပြင် စာထဲမှာပါတာတွေမှတ်မိတဲ့သူတွေကတော့ လက်ပေါက်ကပ်တဲ့ အငြင်းသမားတစ်ယောက်ထက်ပိုပြီးဖြစ်လာစရာမရှိပါဘူး။ စာဖတ်နာတယ်ဆိုတာဟာလည်း စာကိုနားလည်တယ်လို့အာမခံချက်မပေးနိုင်ပါဘူး။ ၂၀၁၀ မှာ သင်ဖတ်ဖူးသမျှဟာ ၆၀ တန် portable hardisk ထဲက အချက်အလက်တွေနဲ့ယှဉ်ရင်တောင် အတော်လေးနည်းနိုင်ပါတယ်။ Knowledge is cheap now. စာများများမဖတ်ပေမယ့်ကိုယ်ပိုင်အမြင်ရှိတာဟာ ချောင်းဆိုးခါနီးတောင် အကိုးအကားနဲ့ဆိုးရတဲ့ စာဖတ်နာသူတွေထက်တော့ သက်သောင့်သက်သာရှိပါတယ်။

မသိတာတွေကို မတွေးနဲ့။

အဲဒီလိုပြောရင် ဖီလော်တက်ခဲ့ကြတဲ့ သူငယ်ချင်းတွေက သော်ကားတယ်လာပြောနေကြမယ်။ ဟိုတစ်လောကဖတ်လိုက်တာတစ်ခုက Don't think if you can google တဲ့။ Google မှာရှာလို့ရရင်မတွေးနဲ့တဲ့။ အဲဒါက တကယ်တော့စေတနာနဲ့ပြောတာပါ။ ကိုယ့်ထက်ကောင်းတဲ့ ခေါင်းတွေရှိနေရင် သိပ်အပင်ပန်းမခံပါနဲ့။ ရှေ့ဘ၀က ကိုယ်မဟုတ်တဲ့သူက အကုသိုလ်လုပ်လို့ သူမဟုတ်တဲ့ကိုယ်က ခံနေရတာ မတရားဘူးတွေ ဘာတွေ အော်မနေပါနဲ့ ....။ သက်သောင့်သက်သာနေပါ။ ခေါင်းနဲ့တန်သလောက်တွေးပါ။

မြန်မာတွေပညာရေးအခြေခံမကောင်းပါ။

အဲဒီလိုပြောရတာလည်းကိုယ်ပေါင်ကိုယ်လှန်ထောင်းရာရောက်ပါတယ်။ ကမ္ဘာရွာကြီးဆိုတဲ့စကားတောင် အခုအချိန်မှာ Cliche ဖြစ်နေပါပြီ။ ကမ္ဘာကို မြေပုံမပေါ်ခင်က အနေအထားပြန်ရောက်နေတာ အတော်လေးကြာပါပြီ။ မြေပုံတွေပေါ်လာတော့မှ နိုင်ငံတွေသတ်မှတ်ပြီး မျဉ်းလေးတွေကို ကြည့်ပြီး ကိုယ့်နှိုင်ငံ၊ သူ့နိုင်ငံတွေဖြစ်ကုန်တာဆိုတော့ မြေပုံတွေမပေါ်ခင်ကဆိုရင် ကမ္ဘာကြီးဟာ နေထိုင်စရာတစ်ခုတည်းသော နေရာကျယ်ကြီးပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဟာဟန်ပြဗန်းပြ ပညာရေးနဲ့ တကယ်တော်တဲ့ကျောင်းသားတစ်ယောက်ကိုမွေးမထုတ်ပေးနိုင်ဘူးဆိုတာကို သိဖို့အချိန်အတော်နှောင်းနေပါပြီ။ နိုင်ငံတစ်နိုင်ငံရဲ့ ပညာတတ်အညွှန်းကိန်းဟာ ဘွဲ့ရဆိုက်ကားသမားဦးရေနဲ့တိုက်ရိုက်အချိုးမကျသလို စပယ်ယာလိုက်နေတဲ့ အဝေးသင်ကျောင်းသားအရေအတွက်နဲ့လည်း အချိုးမညီပါဘူး။ သိပ္ပံပညာရှင် ဘယ်နှစ်ယောက်ဖြစ်ဖြစ်မြောက်မြောက် သင်ကြားပေးနိုင်ခဲ့သလဲ။ လူများလုပ်ထားတဲ့ tHESIS ထဲကမကူးတဲ့ mASTER ဘယ်နှစ်ယောက်မွေးထုတ်ပြီးပြီလဲဆိုတာကနေ စပြီး ... ကျူရှင်တက်နေရတဲ့မူကြိုကျောင်းသားကြီးပြဿနာအထိ ရှုပ်ထွေးနေပါတယ်။ အဲဒီလောက်သင်နေတာတောင်မတတ်တာဟာ ပညာရေးကိုက သင်လို့မတတ်တဲ့ပညာရေးဖြစ်နေလို့လည်းဖြစ်နိုင်ပါသေးတယ်။ မလိုအပ်ဘဲ မြန်မာစာကို နှစ်ပေါင်းများစွာသင်နေရတဲ့ပြဿနာကိုလည်း နားမလည်ပါဘူး။ အင်္ဂလိပ်တွေကို ဆယ့်သုံးနှစ် အင်္ဂလိပ်စာသင်ပေးတဲ့ကျောင်းတွေမှာ တက်ခိုင်းကြည့်ရင် သူတို့လည်း အင်္ဂလိပ်စကားတောင်ကောင်းကောင်းပြောတတ်ပါတော့မလားတွေးမိပါတယ်။ ဘာသာစကားကို စာလိုသင်ရင် ဘာသာစကားလည်းမတတ်၊ စာလည်းမတတ်များဖြစ်ကုန်သလားဆိုတာလည်းတွေးကြည့်ဖို့ကောင်းပါတယ်။ ပညာရေးဟာ ကလေးတွေကို သဘာဝကို စိတ်ဝင်စားစေရပါမယ်။ ဘာလို့ဖြစ်တာလဲဆိုတာကို စူးစမ်းစေရပါမယ်။ ဒါကြောင့်ဆိုတာကိုပဲ အဖြေတွေပေးနေတဲ့အခါ ကျွန်တော်တို့ဟာ လမ်းဘေးမှာ တွေ့နေတဲ့ ဈေးသည် ၁၂၀ ကိုမေ့ပြီး စာအုပ်ထဲက ခေါင်းရွက်ဗျက်ထိုး ဈေးသည်ငါးမျိုးမှာပဲ ဂိတ်ဆုံးသွားပါတယ်။ သင်္ချာကို အဆင်မြင့်သင်္ချာဆိုတာတွေကိုပဲ ငါးနှစ်လောက် သင်ခဲ့ပေမယ့် အဲဒီသင်္ချာကို ဘယ်နေရာမှာ သုံးမှန်း နောက်ထပ် ငါးနှစ်အကြာမှသိပါတယ်။ ကျောင်းပညာရေးဟာ ဘယ်လောက်ပဲ ဘက်စုံအော်နေအော်နေ ဘက်စုံထူးချွန်မှုကို အားမပေးပါဘူး။ ဘာလို့ကျွန်တော်တို့ဟာ စိတ်ဝင်စားတဲ့ဘာသာရပ်ကိုပဲ သင်ယူလို့မရနိုင်တာလဲ။ ဘာလို့ကျွန်တော်တို့ဟာ အရည်အချင်းပြည့်မီတဲ့စိတ်ရှည်တဲ့ဆရာတွေနဲ့ သင်ယူခွင့်မရတာလဲ။ ဘာလို့ကျွန်တော်တို့ရဲ့ စာကြည့်တိုက်တွေဟာ ပျော်စရာနေရာမဖြစ်တာလဲ။ ဘာလို့ကျွန်တော်တို့ကျောင်းသားတွေဟာ ကိုယ်ခန္ဓာအလးချိန်ရဲ့နှစ်ဆရှိတဲ့စာအုပ်တွေနဲ့ကျောင်းကိုသွားနေရတာလဲ။ ကျွန်တော်တို့တွေဟာ တခြားနိုင်ငံက သာမန်လူတွေထက် ဥာဏ်ပိုကောင်းရဲ့သားနဲ့ ဘာလို့ မလိုအပ်ဘဲ ကျောင်းတွေမှာ အချိန်ပိုဖြုန်းကြရတာလဲ။ ဘာလို့ကျွန်တော်တို့တွေဟာ မလိုအပ်တဲ့ဘာသာတွေကို အချိန်တွေအများကြီးပိုပေးပြီး ခဲရာခဲဆစ်ကျက်ခဲ့ကြရတာလဲ။ ကွှန်တော်တို့တွေဟာ ညံ့မှာကြောက်လို့ ပိုညံ့သွားတယ်လို့ထင်တယ်။ ကျွန်တော်တို့ဟာ ကလေးတွေကို လုံလုံလောက်လောက်ညံ့ခွင့်ပေးသင့်တယ်။ ကျောင်းမှာ ထိုင်းသွားတဲ့ဥာဏ်ရည်ကို အိမ်မှာ ဖွံ့ဖြိုးအောင်ကြိုးစားသင့်တယ်။ ကလေးတစ်ယောက်ကို မွေးကတည်းက အန်ဆိုက်ကလိုပီးဒီးယားကို အလွတ်ကျက်ခိုင်းရင် သူ့အသက် ၃၅ နှစ်လောက်ဆို အတော်လေး ချက်ချက်ချာချာဖြစ်နိုင်လာပါတယ်။ အန်ဆိုင်ကလိုပီးဒီးယားအပြင် ပိဋကတ် သုံးပုံကိုပဲ အချိန်ပိုင်းကျက်ခိုင်းထားလိုက်ရင် ကျွန်တော်တို့ကလေးတွေ အတော့်ကို ပြည့်စုံသွားမှာလို့ထင်တဲ့သူတွေလည်းထင်ပါတယ်။ အဲဒီ အချက်အလက်အသားပေး ပညာရေးကို စိတ်ပျက်ပါတယ်။ ကျွန်တော်တို့ဟာ သုညကို ဘယ်ကရသလဲဆိုတာကို သင်ပေးတဲ့ပညာရေးမျိုးလိုပါတယ်။ ဒစ်ဂျစ်တယ်နာရီရှိရင် အနာလော့က် နာရီကြည့်တတ်ဖို့မလိုဘူးဆိုတာကိုလည်းလက်ခံပေးတဲ့ပညာရေးမျိုးလိုပါတယ်။ ကလေးတေစ်ယောက် စာသင်ခန်းထဲမှာ ပျော်ပျော်ရွှင်ရွှင် သင်လို့မတတ်ရင် ပျော်ရွှင်စွာသင်နိုင်တဲ့ ကစားကွင်းမှာစာသင်ကြည့်ဖို့လိုပါတယ်။ မပျော်ရင် စာသင်လို့မရဘူးဆိုတာကို ယုံကြည်တဲ့ဆရာတွေကိုယ်တိုင် ကမ္ဘာမှာ ကြောက်စရာအကောင်းဆုံးအဖျက်လက်နက်ဟာ အသုံးမကျတဲ့ဆရာတွေဆိုတာကိုသိဖို့လိုပါတယ်။ အခြေခံမှာမှားယွင်းခဲ့တဲ့ပညာရေးဟာ အဆင့်မြင့်တဲ့အခါ ပိုပြီးမှားယွင်းလာပါတယ်။ မြန်မာပြည်မှာ MIT က course သင်တယ်ဆိုပါစို့ ... မြန်မာပြည်ရဲ့ အင်ဂျင်နီယာဟာ MIT ရဲ့ အင်ဂျင်နီယာဖြစ်မလာသေးပါဘူး။ Course ထက် အရေးကြီးတာတွေရှိနေပါသေးတယ်။ ပညာရေးဟာ ကလေးကစားသလို ရွံ့နဲ့အရုပ်လုပ်သလို ဆော့စရာမဟုတ်ပါဘူး။ Selected Few တွေမရှိဘဲ Bottom Zeros တွေကို phD ပေးနေရတဲ့ပညာရေးရဲ့အလားအလာကိုလည်း ရင်လေးပါတယ်။ သင်နေတဲ့သူတွေကိုယ်တိုင် ကိုယ့်ဘာသာတတ်ပြီလားမေးဖို့လိုပါတယ်။ ကိုယ်တိုင်မသိတဲ့သူဟာ တပည့်တွေကို ဘာတွေသင်မယ်လို့စိတ်ကူးထားသလဲဆိုတာကိုက စိတ်ဝင်စားစရာကောင်းပါတယ်။ ဒါတွေပြောရင် ဒေါတွေပါကုန်ပါမယ်။ အခြေခံမကောင်းရင် ဘာပဲလုပ်လုပ် အတော်ကြီးခက်ခက်ခဲခဲလုပ်ရပါတယ်။ လေ့လာတဲ့နည်းစနစ်မှန်ရင် ဘာပဲသင်သင် အလွယ်တကူတတ်နိုင်ပါတယ်။ အခြေခံမကောင်းတာကို မကောင်းမှန်းမသိတာက အတော်လေးကြောက်စရာကောင်းပါတယ်။ မေးခွန်းထုတ်တတ်ဖို့ဦးစားပေးတဲ့၊ လူတစ်ယောက်ချင်းစီရဲ့ အမြင်ကို အလေးထားတဲ့ပညာရေးစနစ်ရှိလာရင် တစ်ယောက်ချင်းစီရဲ့ထူးချွန်ပြောင်မြောက်တဲ့ အတွေးအခေါ်ကိုလည်း ဖော်ထုတ်နိုင်လာတဲ့ပညာရေးဖြစ်လာပါမယ်။ အခြခံကိုက ကျူရှုင်တက်ရတဲ့မူကြိုဆိုရင်တော့ .....ကျွန်တော်တို့ မျှော်လင့်သင့်တာ ဈေးသက်သာတဲ့ ပုဂ္ဂလိကပညာရေးပဲဖြစ်နေနိုင်ပါတယ်။ ............။

Bottom Billion အတွက်ဒုတိယနည်းလမ်း

ဒါကိုတင်ပြတာကတော့ ကမ္ဘာက ပညာရှိတစ်ယောက်မဟုတ်ပါဘူး။ ပေါက်ကရတွေအမျိုးစုံပြောလေ့ရှိတဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်ပါတယ်။ ဂျိုလီဟာ ဆင်းရဲတဲ့နိုင်ငံက ကလေးသုံးယောက်မွေးစားတဲ့အတွက် ကမ္ဘာမှာ ဂျိုလီလိုလူ 0.35 billion ဖော်ထုတ်ဖို့ပဲလိုတယ်လို့သူက သုံးသပ်ပါတယ်။ သူအယူအဆကိုတော့ သူ့ဘာသာသူ အတော်လေးခိုင်မာပုံရပါတယ်။ နောက်တစ်ခုက အသင်းဖွဲ့တာကိုတင်ပြပါတယ်။ ဆင်းရဲသားတစ်သိန်းပါတဲ့အသင်းဆိုပြီး အသင်းလေးတွေဖွဲ့ထားပြီး ဘောလုံးကလပ်ပိုင်တာထက် ဆင်းရဲသားတစ်သင်းပိုင်တာက ပိုဂုဏ်ရှိတယ်ဆိုတဲ့အယူအဆကိုဖော်ထုတ်သင့်တယ်လို့ဆိုပါတယ်။ အန်တာတီးကားမှာ ရေခဲတွေပျော်တယ်ဆိုတုန်းကလည်း သူက မြန်မာပြည်က ရေခဲစက်တွေကရေခဲတွေအန်တာတီးကားကိုပြန်မျှောဖို့ဘာလို့မကြိုးစားတာလဲ
ဆိုတဲ့ပြောင်မြောက်တဲ့ အယူအဆကိုဖော်ထုတ်ဖူးပါတယ်။ အခုလည်း သူ့ရဲ့ အယူအဆအတွက် အထောက်အထားရှာနေပါတယ်။ Good Luck Buddy :)။ Here is my contribution for your research :

“I’m drawn to kids that are already born. I think some people are meant to do certain things, and I believe I’m meant to find my children in the world somewhere and not necessarily have them genetically.” (Jolie)

ရေလိုက်ငါးလိုက်

ရေလိုက်ငါးလိုက်ဆိုတဲ့စကားလုံးကို အိုင်ထဲကငါးတွေနားမလည်ကြဘူး။ တခါဖတ်ဖူးတာ လိပ်တွေဟာ ဘာလို့လမ်းမမှားကြသလဲဆိုတာကိုသတိရတယ်။ သူတို့တွေက ကမ္ဘာရဲ့ လျှပ်စစ်သံလိုက်သဘောတရားကိုနားလည်ကြတယ်လို့ပါပါတယ်။ မွေးရာပါ ရူပဗေဒကျွမ်းကျင်သူလိပ်တွေလို့ဆိုနိုင်ပါတယ်။ ငါးတွေမှာလည်း ရေစီးကြောင်း၊ အထူးသဖြင့်ရေနွေးစီးကြောင်းနဲ့အတူလိုက်သွားတဲ့ငါးတွေအကြောင်းဖတ်ကြည့်ပါတယ်။ သူတို့ဘ၀ကြီးဟာအဲဒီရေစီးကြောင်းနဲ့အတူပါသွားတယ်။ ကြီးပြင်းတယ်။ အရွယ်ရောက်တယ်။ အိမ်ထောင်ကြတယ်။ တချို့ငါးတွေက ငါးပျိုကြီးတွေလုပ်တယ်။ သူတို့အတွက်တော့ အဲဒီရေစီးကြောင်းဟာ သံသရာပါပဲ .......။ တွေးကြည့်ဖို့ကောင်းတာက ကျွန်တော်တို့လည်း လူ့ဘ၀ရေစီးကြောင်းထဲမှာ ရေလိုက်ငါးလိုက်လုပ်နေတဲ့ငါးတွေနဲ့များတူနေပြီလားဆိုတာကိုပါ။ ပိုဆိုးတာက အဲဒီရေစီးကြောင်းက ဘယ်ကိုသွားနေတာလည်းမသေချာသေးတာပါပဲ။ ပြောင်းပြန်ပြန်ကူးမယ်ဆိုမှ ရေမကူးတတ်တော့တာ အတော်လေးကြာပြီဆိုတာကိုသတိရတယ်။ ကိုယ်ဖော့လိုက်လာတဲ့သက္ကရာဇ်တစ်ချို့အတွက် နည်းနည်းတော့ပြန်ပေးဆပ်ရဦးမှာပေါ့ ......။ ဘ၀ဆိုတာ စိတ်နဲ့တန်သလိုဖြစ်တာပဲမဟုတ်လား။

Zephyr.

NOTES:
ရှေ့တစ်ပတ်နှစ်ပတ်လောက်ဆိုရင် Blogနှစ်နှစ်ပြည့်ပါမယ်။ ကိုယ်ရေးထားတဲ့ပို့စ်တွေပြန်ဖတ်ပြီး သုံးသပ်ဖြစ်ပါတယ်။ မနှစ်က စိတ်ချမ်းသာသလို ဒီနှစ်လည်းစိတ်ချမ်းသာပါတယ်။ ဘ၀မှာ သိပ်အများကြီးမလိုပါဘူး .... စိတ်ချမ်းသာလက်ချမ်းသာနဲ့ ကိုယ်ဝါသနာပါတာကိုယ်လုပ်နေဖို့ပဲလိုတယ်လို့ထင်ပါတယ်။ Concerntration အများကြီးလိုအပ်တဲ့စာတွေကို မရေးဘဲပေါ့ပေါ့ပါးပါးတွေပဲရေးတာကလည်း ရုံးကနေဖတ်ရလွယ်ဖို့ပါ။ :P။



Peace B with U.