အိန္ဒိယက ကမ္ဘာကို လက်ဆောင်တစ်ခုပေးခဲ့တယ်တဲ့။ အဲဒါဘာလဲဆိုရင် တိရစ္ဆာန်တွေ စကားပြောတဲ့ ပုံဝတ္ထုတွေတဲ့။ အဲဒီမှာ နာမည်ကြီးနှစ်အုပ်ရှိတယ်။ ဆရာပါက အဲဒါတွေကို ဘာသာပြန်တာပဲ။ နောက်ဆုံးတော့ ငါတို့ကိုစာဖတ်လို့ရအောင် ဝီစကီက ကျေးဇူးပြုလိုက်တာပဲ။ ဆရာပါသာ ဝီစကီမကြိုက်ရင် ရှင်ပါရဂူက လူထွက်မှာမဟုတ်ဘူး။ အဲဒါဆို စိတ္တရလေခါတို့ဘာတို့လည်းဖတ်လိုက်ရမှာမဟုတ်ဘူး။ ဒီနေ့တော့ ဝီစကီကို ကျေးဇူးတင်တယ်။ ငါးရာ့ငါးဆယ်နိပါတ်တော်မှာလည်း မန်းကီးကလည်း vocabulary အင်မတန်ကြွယ်တာ။ အမှန်က တော်ရုံမျောက်မဟုတ်ဘူး။ လူကို သယ်နိုင်တာ အော်ရင်အူတန်ပဲဖြစ်ရမယ်။ အဲဒီဘုရားလောင်းမျောက်က ခေါင်းကိုကျောက်ခဲနဲ့ထုတဲ့ ဒေဝဒတ္တလောင်းကို သင်ဟာ အကူအညီပေးတဲ့ ငါလို သူတော်ကောင်းမျောက်ကို ခဲနဲ့ထုတယ်။ ဆက်တော့ ချီမခေါ်နိုင်တော့ဘူး။ ငါ့အသက်ကိုလည်းစောင့်ရှောက်ရဦးမယ်။ ငါအပေါ်လမ်းကနေပဲ နွယ်ခိုစီးပြီးလမ်းပြမယ်။ သင်အောက်လမ်းကနေ ဆစ်(ဂ)နယ်လ်ကြည့်ပြီးလိုက်ချေဆိုတာ အင်မတန်အဆင့်မြင့်တဲ့တော်ကီ။ မျောက်ဟာ ဒီလောက်တော်ကီကောင်းဖို့မလွယ်ဘူး။ ဒါပေမယ့် Rise of the Planet Apes ကြည့်တော့၊ ဒီမျောက်တွေဟာ တော်တော်လေး အဆင့်မြင့်တာတွေ့တယ်။ KORN ရဲ့ Evolution က မျောက်ဝံကိုကြည့်တော့ ငါတွေသွားတယ်။ ငါးရာငါးဆယ်နိပါတ်တော်ကို နောက်တစ်ခါပြန်ဖတ်ကြည့်ရဦးမယ်။
============================================================
အဲဒီ status ကိုမနေ့က facebookမှာ ရေးခဲ့တယ်။ အဲဒါလေးကို ပြန်အကျယ်ချဲ့ချင်တယ်။ အိန္ဒိယကစာအုပ်လက်ဆောင်ဆိုတာ သက္ကတကနေလာတဲ့ ရှေးပုံပြင်တွေ။ အဲဒါ ကမ္ဘာအနှံ့မှာ ရိုးရာပုံပြင်လိုလိုကျန်ခဲ့တယ်။ အိန္ဒိယက အဲဒီပုံပြင်လေးတွေမတင်ပို့ခဲ့ရင် အခုခေတ်မှာ ကာတွန်းကား တော်တော်လေးနည်းသွားမယ်။ ကွန်ဖူးပန်ဒါက စကားမပြောရင် ကျွန်တော်တို့နားလည်မှာမဟုတ်တော့ဘူး။ မစ်ကီမောက်စ်ကို ကျွန်တော်တို့ ဒီလောက် ချစ်မှာမဟုတ်ဘူး။ သမင်လေး ဘမ်ဘီကို အခုလောက်အထိ စွဲလန်းနှစ်ခြိုက်မှာမဟုတ်ဘူး။ အကြောင်းခံတရားနောက်ကို လိုက်ပြီး စူးစမ်းရတာဟာ အင်မတန်အံ့အားသင့်စေတယ်။ အခုဖြစ်တည်မှုတွေဟာ ရှေးအခြေခံတရားတွေပေါ်မှာ ထပ်ဆင့်ဖြစ်ပေါ်နေတာပဲ။ အဲဒီ သင်္ခါရတရားတစ်ခုဟာ အင်မတန်လေးနက်တယ်။ ကျနော်တို့ ကမ္ဘာကြီးဟာ အမြဲတမ်း မူလကိုပြန်သွားချင်တယ်။ အခြေခံ တိရစ္ဆာန်စိတ်ဟာ စစ်ကို အမြဲ ဦးတည်နေတယ်။ အခြေခံလောဘဟာ ပိုင်ဆိုင်မှုတစ်ခုအတွက် အသည်းအသန်ကြိုးစားနေတယ်။ ကြိုးစားနေတာကို ရပ်တန့်လိုက်ရင်ကို လောကနဲ့အံမဝင်သူဖြစ်သွားနိုင်တယ်။ ပြေးနေတဲ့လူအုပ်ကြီးဟာ လမ်းဖြည်းဖြည်းလျှောက်နေတဲ့သူတွေ့ရင် မျက်ခုံးပင့်ကြတာပါပဲ။ လမ်းဖြည်းဖြည်းလျှောက်ရုံမကဘဲ လောဘနဲ့ပုပ်သိုးနေတဲ့ အသိုင်းအဝိုင်းမှာ ပျော်ပျော်လေးပြုံးနေရင် ပုံမှန်မဟုတ်ဘူးဆိုပြီးဆန့်ကျင်ဖယ်ထုတ်လိုက်တာပဲ။ လူများများ ပုံစံတူတစ်ခုခုကို စွဲလန်းနေရင် ဆန့်ကျင်ဘက်လုပ်သလိုဖြစ်သွားတာနဲ့ အနည်းဆုံး ဆဲခံထိပြီး၊ အခန့်မသင့်ရင် သေဒဏ်ဖြစ်သွားတယ်။ ဆိုကရေးတီးဟာ အဲဒီလိုသေသွားတာပဲ။ ဂျီးဇက်စ်ဟာ အဲဒီလို သေသွားတာပဲ။ ရေစီးကြောင်းကို ပြောင်းပြန်ကူးတဲ့ငါးတွေဟာ အင်မတန် သန်မာတဲ့ကြွက်သားတွေရှိတယ်။ သူတို့ဟာ အတွေးအခေါ်အားဖြင့် လိုက်လျောမယ့်သူတွေမဟုတ်ဘူး။
ဆိုကရေးတီးတို့ခေတ်က အင်မတန် မျှတတဲ့လူ့အဖွဲ့အစည်းခေတ်။ ဒါပေမယ့် ဆိုကရေးတီးရဲ့ သင်ကြားမှုဟာ သူတို့အုပ်စုနဲ့မတူတာကို ကြောက်စရာလို့မြင်ကြတယ်။ လောကကြီးမှာ ဘာသာရေးဖြစ်စေ၊ လူမှုရေးဖြစ်စေ၊ လူအုပ်ကြီးတစ်အုပ်စုဟာ လူများစုဖြစ်လာရင် ကျန်တဲ့ လူနည်းစုလေးကို ခြိမ်းခြောက်လာတယ်။ အတူမသွားနိုင်ရင် ရှင်းပစ်လိုက်ချင်လာတယ်။ ဘာသာရေးတစ်ခုဟာ လွှမ်းမိုးဖို့ကြိုးစားရင်း မူလရည်ရွယ်ချက်နဲ့ဝေးကွာကုန်တယ်။ ဆိုကရေးတီးကို ဘယ်သူမှမသတ်ချင်ဘူး။ သူ့ကို စာဆက်မသင်ပါနဲ့လို့ပြောတယ်။ ဆိုကရေးတီးက သင်ကြားခြင်းဟာ ငါ့ဘဝလို့ပြန်ပြောတယ်။ ငှက်တွေကို မပျံရဘူးပြောသလိုဖြစ်နေပြီလို့ပြောတယ်။ ဒါဆိုလည်း ဒီနိုင်ငံကနေထွက်ပြီး၊ တစ်ခြားမှာသင်။ သင့်လို တော်တဲ့သူအတွက် ဘယ်နိုင်ငံမဆို တပည့်မရှားပါဘူးလို့ပြောတယ်။ အဲဒီတော့ ဆိုကရေးတီးက ငါဟာ ဒီနိုင်ငံက သေမှာကြောက်လို့ ထွက်ရတယ်ဆိုတာမျိုး မလုပ်နိုင်ဘူး။ သတ်ချင်ရင်လည်းသတ်ကြပါ။ ဒီမှာပဲနေမယ်။ ဒီမှာပဲစာသင်မယ်။ အဲဒီလိုပြန်ပြောတာ။ သေမှာမကြောက်တဲ့သူကို လောကကြီးက အင်မတန်ကြောက်တယ်။ အင်မတန်လေးစားတယ်။ သာမန်လူတွေ များနေလို့လောကကြီး ဘာမှ ထူးခြားကောင်းမွန်မလာဘူး။ လူကြီးလူကောင်းစိတ်ထားနဲ့ လူတစ်ယောက် ကိုယ့်အသက်ကို မနှမြောဘဲ အေးအေးလူလူ အသေခံတော့ လောကကြီးတုန်လှုပ်သွားတယ်။ သူသေသွားတာ နှစ်ထောင်နဲ့ချီကြာပြီ။ အခုအထိ ကျွန်တော်တို့ရဲ့ စိတ်နှလုံးကို ဒီဘဲကြီး ကိုင်လှုပ်ထားတုန်းပဲ။ အဲဒီ စာရိတ္တသတ္တိမျိုးရချင်စိတ် အမြဲဖြစ်နေတုန်းပဲ။
ဆိုကရေးတီးကိုကြောက်တာက မတူညီမှုကိုကြောက်တာပဲ။ လောဘနဲ့ရှာမီးတဲ့သူက လောဘနဲ့မရှာမီးသူကို မကြိုက်ဘူး။ သူ့ရဲ့အပြုအမူက ကိုယ့်ရဲ့ ရှာမီးမှုကို အဆိုးဖြစ်သွားစေတယ်လို့ထင်တယ်။ ကိုယ့်ဟာကိုယ်မနေတတ်တဲ့သူဟာ ဘယ်ဘာသာတရားကို ကိုးကွယ်ကိုးကွယ်၊ ကိုယ်နဲ့မတူရင် မုန်းမှာပဲ။ ကိုယ့်ကိုယ်ကို သူတော်ကောင်းထင်တဲ့သူဟာ သူတော်ကောင်းအစစ်မဟုတ်သေးဘူး။ သူတော်ကောင်းအစစ်မှာ မနာလို မုန်းတီးစိတ်မရှိဘူး။ အနိမ့်ဆုံးအရိယာဖြစ်တဲ့ သောတာပန်မှာ ဣဿာ ၊ မစ္ဆရိယမရှိဘူး။ အဲဒီတရားနှစ်ပါးဟာ အင်မတန်အောက်တန်းကျတာကိုး။ မတူညီမှုကို လွန်လွန်ကဲကဲမုန်းတဲ့ အသိုင်းအဝိုင်းမှာဆိုရင် မတူတဲ့လူတစ်ယောက်ဖြစ်လာတာ အင်မတန် အသက်အန္တရာယ်ရှိတာပေါ့။
ဆော့ခရေတ္တိ(ဆိုကရေးတီး) ဟာ သေခြင်းကိုမကြောက်ဘူး။ သူ့ရဲ့ရှင်သန်မှုကို သူကျေနပ်ပြီးသား။ အချိန်မရွေးသေနိုင်တယ်။ ရှင်သန်ခြင်းမှာ မကြုံဖူးသေးတဲ့ ပညာ၊အသိကို သေခြင်းမှာ ရှာနိုင်ဖို့တောင် တက်ကြွနေသေးတယ်တဲ့။ သေဖို့ကိုတောင် ဝမ်းသာအဲလဲဖြစ်နေတာ။
ဂျီးဇက်စ်အလှည့်တုန်းကတော့ ပီလာတူးစ်ဟာ လွှတ်ချင်တယ်။ ဒါပေမယ့် လူအုပ်ကြီးက သတ်ချင်တယ်။ အာဏာပိုင်ဟာ တစ်ချိန်မှာ လူအုပ်ရဲ့အင်အားကို မလွန်ဆန်နိုင်ဘူး။ လူတွေမကြိုက်တာမပြောနဲ့။ သူတို့သတ်လိမ့်မယ်လို့ပြောတယ်။ သေခြင်းရဲ့အခြားမဲ့မှာ စိတ်ချရတဲ့ လားရာကတိရှိသူတွေဟာ သေမှာကိုမတုန်လှုပ်ဘူး။ သေမှာကြောက်လို့ ပြောပြီးသား ပြန်ပြင်မယ်ဆိုတဲ့သူတွေလည်းဟုတ်ပုံမရဘူး။ စကော့တလန်က တော်လှန်ရေးသမားကြီး ဝီလျံဝေါလေ့စ်ပြောသလို အခုသေမှာကြောက်လို့ပြေးရင် ခဏတော့ရှင်မယ်။ ပြီးတော့လည်း သေရဦးမှာပဲ။ နောင်တတောင်ရချင်ရဦးမယ်။ ငါတို့အသက်ကို ယူလို့ရရင်ရလိမ့်မယ်။ ငါတို့ရဲ့ လွတ်လပ်ရေးကိုတော့ယူလို့မရဘူးဆိုတာသိစေမယ်ဆိုတဲ့ ရဲရဲတောက်စကားကြီးက အင်မတန်လေးနက်တဲ့ အဘိဓမ္မာပဲ။ လူကောင်းသူကောင်းဟာ သေမှာကြောက်စရာမလိုဘူး။ သေမှာကြောက်နေရင် ဘယာကတိဘက်ကိုရောက်သွားတယ်။ မင်းသူ့ကိုမသတ်ရင် မင်းကိုငါသတ်မယ်ဆိုတဲ့အနေအထားရောက်ရင် အပြစ်မဲ့သူကိုတောင် သတ်ရဲသူတွေဖြစ်လာနိုင်တယ်။ အဲဒါလေးကို လေးလေးနက်နက်ဆင်ခြင်ကြည့်စေချင်တယ်။ ကြောက်တဲ့စိတ်တစ်ခုရှိရင် လူဟာ လွတ်လပ်တဲ့စိတ်ရှိသူမဟုတ်တော့ဘူး။ ကြောက်လို့လုပ်တဲ့ ကုသိုလ်ဟာ အင်မတန် အားနည်းတယ်။ လွတ်မြောက်မှု ဝိမုတ္တိနဲ့ မတန်ဘူး။ မကြောက်တဲ့လူမှာ ဂုဏ်ကျက်သရေတစ်မျိုးရှိတယ်။ လူ့အသိုင်းအဝိုင်းကို နှစ်ပေါင်းများစွာ အကျိုးပြုတယ်။
အောင်မြင်မှုဆိုတာကို ဘယ်လိုတိုင်းတာသလဲဆိုတာ လူ့တစ်ယောက်ချင်းစီရဲ့ အတွေးအခေါ်ပေါ်မူတည်တယ်။ အဲဒီလို အတွေးအခေါ်တူသူတွေဟာ စုဖွဲ့မိကြတယ်။ လူ့သဘာဝက အင်အားကြီးချင်တယ်။ စိတ်ရဲ့ သိမ်ငယ်မှုကို တစ်ခုခုနဲ့ မေ့ထားလိုက်ချင်တယ်။ ပစ္စည်းဥစ္စာနဲ့၊ မိတ်ဆွေအသိုင်းအဝိုင်းနဲ့၊ လောကီပျော်ရွှင်မှုတစ်ခုခုနဲ့ ကိုယ့်ရဲ့ လစ်ဟာမှုကိုဖြည့်တယ်။ အမှန်တော့ လူဟာ မပြည့်စုံတဲ့ ကွက်လပ်လေးတစ်ခုစီနဲ့ ရှင်သန်နေကြတာပဲ။ အဲဒီကွက်လပ်ကို တစ်ချို့က ဘာသာရေးနဲ့ဖြည့်တယ်။ တစ်ချို့က မူးယစ်ဆေးနဲ့ဖြည့်တယ်။ တစ်ချို့ကဥစ္စာပစ္စည်းနဲ့ဖြည့်တယ်။ ဘယ်သူတွေဘယ်လိုဖြည့်ခဲ့သလဲဆိုတာထက် ကိုယ့်ကွက်လပ်ကို ကိုယ်ဖြည့်ထားတာ တကယ်ပြည့်ရဲ့လားဆိုတာပြန်ကြည့်သင့်တယ်။ အဲဒီကွက်လပ်နည်းလေလေ၊ လောကမှာ နေပျော်လေလေပဲ။ တစ်ချို့လူတွေ ဖြည့်တဲ့ အဖြည့်တရားဟာ ကွက်လပ်ကို ယာယီပြည့်သလိုဖြစ်စေပြီး၊ရေရှည်မှာ ကွက်လပ်ကို ပိုကျယ်ပြန့်သွားစေတယ်။ ဘာနဲ့တူသလဲဆိုရင် ချိုင့်ခွက်လေးတစ်ခုကို ဖို့တဲ့နေရာမှာ ဒိုင်းနမိုက်နဲ့ဖို့သလိုဖြစ်နေတယ်။ အခုပြည့်နေသလိုပဲ။ တစ်ချိန် ဒိုင်းနမိုက်ထပေါက်တော့ ချိုင့်ခွက်လေးက ချိုင့်ခွက်ကြီးပြန်ဖြစ်သွားတယ်။ ပိုဆိုးသွားတယ်။ ပျော်ချင်လို့လုပ်တဲ့အရာတွေဟာ တစ်ချိန်မှာ ပိုမပျော်စေသလိုဖြစ်သွားတတ်တယ်။ အဲဒီလိုတွက်ခြေမကွက်တဲ့ ပျော်ရွှင်မှုဟာ အထီးကျန်မှုကနေ လွတ်အောင်မလုပ်ပေးနိုင်ဘူး။
လူ့သမိုင်းဟာ ဘယ်တုန်းကမှ တိုးတက်မလာခဲ့ဘူး။ လူကောင်းတွေကို သတ်တဲ့ခေတ်ကနေ လူကောင်းတွေကို ရွာပြင်ထုတ်တဲ့ ခေတ်ကို ရောက်သွားရုံလောက်ပဲ။ နည်းပညာအားဖြင့်တိုးတက်တယ်။ အတွေးအခေါ်အားဖြင့် ဆော့ကရေတ္တိခေတ်ကထက် ပိုပြီးတိုးတက်မလာသေးဘူး။ ယဇ်ပူဇော်မှုတွေကို သားကောင်တွေအစား ယတြာတွေ အစားထိုးလိုက်တာကလွဲရင် လူရိုင်းယဉ်ကျေးမှုဟာ ရှိနေတုန်းပဲ။ ကမ္ဘာဦးရဲ့ အကြောက်တရားဟာ သိမ်ငယ်တဲ့လူရဲ့ရင်မှာ အမြဲ ရှင်သန်နေတာပဲ။ မအောင်မြင်မှာကြောက်တယ်။ လူတွေ ဖဲကြဉ်မှာကြောက်တယ်။ ကိုယ့်ကိုယ်ကို လူ့အသိုင်းအဝန်းထဲက တစ်ယောက်နဲ့မှ မတူတော့မှာကြောက်တယ်။ အဲဒီအခါမှာ ယုံကြည်တဲ့အယူအဆကိုလည်း ထုတ်မပြောတော့ဘူး။ ကိုယ့်ရဲ့ကိုယ်ပိုင်နည်းလမ်းနဲ့ ရှင်သန်ဖို့ကြောက်သွားတယ်။ ဒီလမ်းက အန္တရာယ်များတယ်။
ပုံပြင်လေးတွေကအစ လူတစ်ယောက်ရဲ့ ဘဝကိုပြောင်းလဲသွားစေနိုင်တယ်။ သိပ်ပင်ပန်းတဲ့ရှင်သန်မှုကြားကနေ ခဏလောက်နားပြီး၊ ကိုယ့်ရဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်တွေ မှန်ရဲ့လား ပြန်တွေးကြည့်ကြပါ။ အချိန်ပေးပါ။ ကိုယ့်ကိုယ်ကို အချိန်ပေးပါ။ လူဟာ အလုပ်လုပ်တဲ့စက်မဟုတ်ဘူး။ အလုပ်တွေ နာရီပေါင်းများစွာလုပ်ရတာဟာ လူ့သဘာဝမဟုတ်ဘူး။ လောကမှာ လူဟာ အစားအသောက်အတွက် တော်တော်ခက်ခက်ခဲခဲရှာရတဲ့သနားစရာအကောင်းဆုံး သတ္တဝါဖြစ်နေပြီ။
ပဉ္စတန္တရနဲ့ ဟိတောပဒေသ နှစ်အုပ်မှာ တိရိစ္ဆာန်လေးတွေက စကားပြောတယ်။ သူတို့မှာ ခံစားချက်ရှိတယ်။ မဟုတ်မှန်းလည်းသိပါတယ်။ ဒါပေမယ့် မရှိခြင်းတရားတွေနဲ့ တည်ဆောက်ထားတဲ့ လောကမှာ အဓိပ္ဗာယ်ရှိသလား၊မရှိဘူးလားဆိုတဲ့ နယ်နိမိတ်မျဉ်းထက် ရင်ထဲက ကွက်လပ်လေးတစ်ခုကို ဘယ်အရာက ဘယ်လောက်ဖြည့်ပေးမလဲဆိုတာက ပိုအရေးကြီးတယ်။ ပရမတ်နယ်ပယ်မှာတော့ အတ္တမရှိတဲ့အတွက်၊ အတ္တရဲ့ပိုင်ဆိုင်မှုမရှိ။ ငါမရှိတဲ့အတွက် ငါ့ရင်မရှိ၊ ငါ့ရင်မရှိတဲ့အတွက် ငါ့ရင်ထဲက ကွက်လပ်မရှိ။ မရှိတဲ့အတွက်ဖြည့်ဖို့မလို။ မပိုင်ဆိုင်တဲ့ ကားတစ်စီး ဘီးပေါက်နေရင် ဘယ်လိုလုပ်မလဲတွေးစရာမလိုတော့သလိုမျိုးပေါ့။ လောကမှာ တစ်ခြားအရာတွေကို နားလည်ဖို့ထက် စိတ်ရဲ့သဘာဝကို နားလည်ဖို့က ပိုအရေးကြီးမယ်ထင်ပါတယ်။ လူကို အနားပေးသလို စိတ်ကိုလည်း အနားပေးကြပါ။ ငယ်တုန်းက ပုံဆွဲတာလေးတွေ ကြီးလာရင်မရပ်လိုက်နဲ့။ စုတ်တံတစ်ချောင်း ဆေးတစ်ဗူး ဝယ်ပြီးဆွဲနေလိုက်။ ကိုယ်မသိပေမယ့်၊ ကိုယ့်စိတ်က သူလုပ်နေတာ သူသိတယ်။ ကဗျာတစ်ပုဒ်ရေးချင်ရင် ရေးလိုက်။ လောကကြီးမှာ စိတ်ချမ်းသာတဲ့သူက ဘယ်သူ့မှ ဒုက္ခမပေးဘူး။
တစ်သီးပုဂ္ဂလဖြစ်တည်မှုကို မမေ့စေချင်ဘူး။ သား၊သမီးပဲဖြစ်ဖြစ်၊ မိဘပဲဖြစ်ဖြစ်၊ တစ်ယောက်နဲ့တစ်ယောက်မတူဘူး။ ညီအစ်ကိုတွေလည်း တစ်ယောက်တစ်မျိုးပဲ။ သူ့ဘဝနဲ့သူ၊ သူ့ရွေးချယ်မှုကို လေးစားရမယ်။ သူ့ခံယူချက်နဲ့သူလုပ်နေတာပဲ။ ကိုယ်နဲ့အဆင်မပြေတာရှိရင်လည်းရှိမယ်။ ဒါကိုမကြိုက်ရင်လည်း ကိုယ့်စိတ် ကိုယ်ဒုက္ခပေးတာ။ တစ်ချို့ကြိုးတွေကို လျော့ထားတာကောင်းတယ်။ ဂစ်တာတစ်လက် အသံကောင်းဖို့ ကြိုးတွေအားလုံးတင်းနေလို့မဖြစ်ဘူး။ သူ့အတိုင်းအတာနဲ့သူရှိရမယ်။ ကိုယ်ကြိုက်တဲ့ စံနှုန်းကို ကိုယ့်ဟာကိုယ် ကျင့်သုံးဖို့အဓိကပဲ။ ဘယ်သူ့ကိုမှ ဒီလိုလေးနေပါ၊ ဟိုလိုလေးလုပ်လိုက်ပါလားမပြောနဲ့။ အဲဒါလူသားရဲ့အလုပ်မဟုတ်ဘူး။ လူတွေမှာ အင်မတန်အဆင့်မြင့်တဲ့ စိတ်ရှိတယ်။ စကားလုံးတွေနဲ့ပြောမှ နားလည်တာမဟုတ်ဘူး။ နားမထောင်ဘူးဆိုတာ နားမလည်ဘူးလို့ အဓိပ္ဗာယ်ဖွင့်လို့မရဘူး။ ကျွန်တော့်သူငယ်ချင်းအရက်သမားတွေ အရက်အကြောင်းကိုယ့်ထက် အဆတစ်ရာလောက်သိတာပေါ့။ သူ့ဟာသူရွေးချယ်တာပဲ။ အရက်သောက်လို့ တိုသွားတဲ့အသက်ဟာ၊ အရက်မသောက်ရင် ရှည်လာမယ်လို့ပြောလို့ရတာမဟုတ်ဘူး။ ကွမ်းမစားတဲ့ဆရာတစ်ယောက် အခုကျောက်ကပ်မကောင်းဘူး။ အကြောင်းဆိုတာ တစ်ခုတည်းရှိတာမှမဟုတ်တာ။ အဲဒီတော့ ကိုယ်မကြိုက်ရင် ကိုယ်မလုပ်နဲ့။ ကြိုက်တဲ့သူ သူ့ဟာသူရွေးချယ်တာ သူ့ရဲ့လွတ်လပ်ခွင့်ပဲ။
ပြီးခဲ့တဲ့လက မရီးတစ်ယောက်က သံလွင်ဆီတစ်ပုလင်းမှာတယ်။ သံလွင်ဆီနဲ့ နနွင်းလုံးသောက်ရင် ကင်ဆာပျောက်တယ်တဲ့။ အဲဒါကျွန်တော်ကပြောတယ်။ မြန်မာပြည်မှာ လျက်ဆားဆိုတာ ရှိတယ်။ အဲဒါသောက်ရင် ကိုးဆယ့်ခြောက်ပါးပျောက်နေတာ ဘာလို့သံလွင်ဆီနဲ့ဆနွင်း ရောလုံးနေဦးမလဲဆိုတော့ ရယ်ကြတယ်။ လျက်ဆားကိုမယုံရင် သံလွင်ဆီနဲ့ရောလုံးထားတဲ့ ဆနွင်းကိုရောဘာလို့ယုံမလဲ။ ဘုရားဟောထဲမှာပါတဲ့ ဆီးဖြူသီးနဲ့နွားကျင်ငယ်ရေဆိုရင် လျက်ဆားထက်တောင်မှ သက်သာတယ်။ ကြေငြာတတ်ရင် ဘုရားဆေးဆိုပြီးတောင် ထုတ်ရောင်းလို့ရလောက်တယ်။ ဒါပေမယ့် ကျွန်တော် သံလွင်ဆီဝယ်သွားပေးပါတယ်။ Virgin Olive Oil 14 ဒေါ်လာတန်ဝယ်သွားပေးတယ်။ သူ့ယုံကြည်ချက်ကို နားလည်မှုပေးတာ လူကြီးလူကောင်းဆန်တာပဲလို့ ကျွန်တော်ထင်တယ်။ အနည်းဆုံး သံလွင်ဆီဟာ အစောချေစနစ်အတွက် အကျိုးရှိနိုင်တယ်။
လူတွေ ပျော်နေပါစေဗျာ။
သူတို့ပျော်နေတာကိုကြည့်ပြီး ပျော်နိုင်တဲ့သူဖြစ်ဖို့ကြိုးစားပေါ့။
လောကကြီးကိုမပြင်နဲ့။ ကိုယ့်စိတ်ကိုပဲပြင်ဖို့ကြိုးစားတော့။
With Regards,
Z
Tuesday, September 30, 2014
Monday, September 29, 2014
ဥသြငှက်ပေါင်း သောင်းနှစ်ထောင်။
ဥသြငှက်ပေါင်း သောင်းနှစ်ထောင်။
လူ့သက်တမ်းသည် x ဖြစ်လျှင် ထို x သည် belongs to Death ဖြစ်သည်။ သေခြင်းတရား၏ အစုတွင် သက်တမ်းသည် အဖွဲ့ဝင်ဖြစ်ရသည်။ x ၏ limit သည် ယခုခေတ်တွင်တော့နှစ်အားဖြင့်<=168 ဖြစ်သည်။ ထို့ကြောင့် ရှင်သန်နေထိုင်မှုကို မျဉ်းတစ်ကြောင်းဆွဲကြည့်လျှင် ထိုမျဉ်းအတွင်း ရှင်ကွဲနှင့်သေကွဲသည် အစက်အပြောက်လေးများအဖြင့် ထာဝရပါဝင်နေလိမ့်မည်။ အလွန်အင်မတန်အကောင်းမြင်တတ်လျှင်တော့ သင်တစ်ယောက်တည်း ထိုသို့ဖြစ်နေခြင်းမဟုတ်လို့ ခံစားနားလည်ကောင်းနားလည်မိနေနိုင်သည်။ သို့သော် တစ်သီးပုဂ္ဂလ ဒဏ်ရာကိုယ်စီသည် စုပေါင်း ခံစား၍ သက်သာသွားသည်မျိုးတော့မဟုတ်ပါ။ သမဝါယမစနစ်မှ ဆန်တစ်အိတ်ကို အိမ်ထောင်စု ငါးရာခွဲဝေပေးလျှင် တစ်အိမ်ထောင် ဆန်အနည်းငယ်ရသွားသည့်ဥပမာသည် ချစ်ခင်သူများနှင့် ကွေကွင်းရသူများနှင့် မည်သို့မျှ မသက်ဆိုင်လှပါ။ အိုဘတ်အိုဝင်ကို ခင်မင်သည့်တိုင်အောင် ပြဿနာများသည်လွယ်လွယ်နှင့်အေးမသွား။
သေသောသူကြာလျှင်မေ့ဆိုသည်မှာ၊ မှတ်မိနေသောသူကိုယ်တိုင် သေသွားခြင်းကြောင့်ဖြစ်ပါသည်။ တစ်ခါတစ်ရံ စကားပုံများကို အဆုံးအထိတွေးစေချင်ပါသည်။ လူ့သက်တမ်း၏တိုတောင်းမှုသည် ချစ်ခင်သောသူတစ်ဦးတစ်ယောက်သေဆုံးသွားသည်ကို မေ့လောက်အောင်ရှည်ကြာသော ကာလမဟုတ်ပါ။ ဒါကို သင်လည်းသိပါလိမ့်မည်။
နေရောင်ခြည်နှင့်တူသော မေတ္တာတရားတို့သည် လောကတွင် ဧကန်ရှိခဲ့ကြပါသည်။ ဧကန်သည် အမှန်ဖြစ်သည့်အတွက် ဧကန်အမှန်ရှိခဲ့ကြပါသည်ဟု ခမ်းခမ်းနားနားသုံးစွဲချင်ပါသည်။ နေရောင်ခြည်၏တန်ဖိုးသည် နေရောင်မဲ့သော နေ့များတွင် ပိုမိုသိသာထင်ရှားလာပါသည်။ မလိမ္မာသည့်တိုင်အောင် သိပ်လည်း မိုက်မဲပုံမရခဲ့သည့်အတွက် အတန်အသင့်ဖြေသာသည်ကလွဲလျှင် မိခင်သေဆုံးသွားခြင်းသည် ပေါ့သေးသေးဒဏ်ရာမဟုတ်ခဲ့ပါ။
ကျွန်တော်တို့သိသိမသိသိ ကျွန်တော်တို့နေထိုင်သော ကမ္ဘာကြီးတွင် မမြင်ရသော အင်နာဂျီများရှိနေပါသည်။ ထိုစွမ်းအင်များသည် ကွန်ယက်ဖွဲ့နေကြသည်။ မေတ္တာတရားဖြင့်ဖြစ်စေ၊ ကရုဏာတရားဖြင့်ဖြစ်စေ၊ အကျနာမည့်နေရာများတွင် ထိုစွမ်းအင်များသည် ခွန်အားဖြစ်စေခဲ့သည်။ အကျသက်သာစေခဲ့သည်။ အောင်မြင်သည့်အခါ မပလွှားရန်၊ ရှုံးနိမ့်သည့်အခါ လိုအပ်သည်ထက် ပိုမခံစားရန် ထိုစွမ်းအင်များက များစွာကူညီခဲ့သည်။ စွမ်းအင်များသည် အချင်းချင်းစုစည်းနေထိုင်ကြသည်။ စုစည်းလွှမ်းခြုံကြသည်။ ချစ်ခင်ရသောလူများ၊ ချစ်ခင်ရသော အိမ်ကခွေးကလေးများ၊ ငါးကလေးများ၊ ပန်းပွင့်လေးတစ်ပွင့်မှအစ အရာအားလုံး စွမ်းအင်စုထဲတွင် အပိုင်းအစတစ်ခု၊ ချည်မျှင်လေးတစ်ခုလိုပါဝင်ကြသည်။ ထိုစွမ်းအင်များသည် ဂယောက်ဂယက်ဖြစ်နေသော သင်၏စိတ်တို့ကို တည်ငြိမ်အောင်ထိန်းသိမ်းထားကြသည်။ အစွန်းရောက်မသွားစေရန် ဘေးမှ ကာရံဖေးမထားသည်။ ထိုမမြင်ရသောစွမ်းအားများကို သင်နားလည်လာချိန်သည် ထိုစွမ်းအားများလစ်ဟာသွားသည့်အခါတွင်သာဖြစ်သည်။ ကျွန်တော့်အတွက်တော့ အိမ်က ခွေးကလေး သေဆုံးသွားချိန်တွင် စွမ်းအင်ယုတ်လျော့သွားမှုကို သိသိသာသာခံစားခဲ့ရသည်။ depression သည်ထောက်ပံ့ညီညွတ်မှုစွမ်းအင် ရုတ်ချည်းပျောက်ဆုံးသွားချိန်တွင် ခေါင်းထောင်ထလာသော သိသာထင်ရှားသည့် လက္ခဏာတစ်ရပ်ပင်ဖြစ်သည်။ ကျွန်တော်ပျော်ချိန်တွင် အတူပျော်ခဲ့၊ ကျွန်တော်မှိုင်ချိန်တွင် အတူမှိုင်ခဲ့သော ခွေးကလေးသည် ကျွန်တော့်ဘဝ၏ အစိတ်အပိုင်းတစ်ခုဖြစ်မှန်းသေချာနားလည်ခဲ့ရသည်။ ကျွန်တော်ပြန်လာချိန်အထိ စောင့်ဆိုင်းရင်း၊ ကျွန်တော့်လက်ပေါ်တွင် သေဆုံးသွားသော ခွေးကလေးတစ်ကောင်သည် ကျွန်တော့်ဘဝကို မည်မျှအဓိပ္ပာယ်ရှိစေခဲ့ကြောင်း သူသေဆုံးသွားမှ ပြန်ဆင်ခြင်ကြည့်မိခဲ့သည်။ သူ့ဘဝတစ်သက်တာလုံးသည်သည် ကျွန်တော့်အနီးတွင်သာဖြစ်တည်ခဲ့သည်။ နွေရာသီနေ့လည်ခင်း ကျွန်တော်စာဖတ်နေလျှင် ခြေရင်းတွင် ဝပ်အိပ်နေသော ခွေးကလေးတစ်ကောင်၏ တန်ဖိုးသည် သူမရှိချိန်တွင်မှ ပိုသိသာထင်ရှားလာခဲ့သည်။
ထိုစွမ်းအင်များတွင် အစားထိုး၍ရသော စွမ်းအင်ငယ်လေးများတော့ရှိသည်။ ဥပမာ အနီရောင်အမောက်နှင့် အိုရင်ဒါရွှေငါးတစ်ကောင်သေသွားလျှင် နောက်တစ်ကောင်အစားထိုးလိုက်၍ရသည်။ သူနှင့် ကျွန်တော့်အကြားဆက်သွယ်ထားသော စွမ်းအင်မှာအင်မတန်ပါးလျသောကြောင့်ဖြစ်သည်။ သို့သော် အဖြူရောင် အော်စကာတစ်ကောင်ဖြစ်စေ၊ ဖလားဝါးဟော်န်းတစ်ကောင်ဖြစ်စေ သေဆုံးသွားလျှင်တော့ လွယ်လွယ်နှင့် အစားထိုး၍မရပါ။ သူတို့၏အသိဉာဏ်နှင့် ဆက်သွယ်မှုသည် ပိုခိုင်မာသောကြောင့်ဖြစ်မည်။
အမေဆုံးသွားသည့်အခါ စွမ်းအင်တစ်ချို့ယုတ်လျော့သွားရုံမျှမကဘဲ စွမ်းအင်စနစ်တစ်ခုလုံး ပျက်သုဉ်းသွားသည့်ခံစားမှုကို ကျွန်တော်နားလည်ခဲ့ရပါသည်။ ထိုခံစားချက်သည် အင်မတန်ပြင်းထန်သော လောကဒဏ်၏ အရှိုက်အတိအကျပစ်သွင်းလိုက်သော သံမဏိလက်သီးချက်ဟု ကျွန်တော်ထင်ပါသည်။ အဖွားဆုံးသွားသောအခါ ထိုနေရာသို့ပင် နောက်ထပ်လက်သီးတစ်လုံး ထပ်ဝင်လာသည်နှင့်တူသည်။ သို့သော် ခံနိုင်ရည်တော့ ပိုရှိသွားခဲ့ပြီဖြစ်သည်။
ကြယ်များတွင် ထူးဆန်းသောစနစ်တစ်ခုရှိပါသည်။ ဖြစ်ထွန်းခြင်းနှင့်အတူ ကိုယ့်ကိုယ်ကို ဖောက်ခွဲဖျက်စီးနိုင်သော စနစ်ဖြစ်ပါသည်။ လူ့စိတ်တွင်လည်း ထိုစနစ်ပါဝင်ပါသည်။ သည်းမခံနိုင်သည့်အခါ လူသည် ကိုယ့်စိတ်ကိုယ် ဖောက်ခွဲ၍လွတ်လမ်းရှာကြပါသည်။ ရူးသွပ်ခြင်းသည် ဥပါယာသ အစွန်အဖျားလေးတွင်ရှိသော လွတ်လမ်းတစ်ခုဖြစ်ပါသည်။ မိမိကိုယ်ကိုယ်သတ်သေခြင်းသည်လည်း လူသား၏ self-destruction button တစ်ခုဖြစ်ပါသည်။ နေထိုင်ခြင်းကို ရွေးချယ်လိုက်လျှင် ဒဏ်ရာများကို ခံနိုင်ရည်ရှိရှိ၊မရှိရှိ သည်းခံရတော့မည်ဖြစ်ပါသည်။ ထို့အတွက် ဒဏ်ရာများကို အသေးစိတ်အထိခွဲနိုင်သော စိတ္တာနုပဿနာကို ကျွန်တော်ရွေးချယ်ခဲ့ပါသည်။ နှစ်အတန်ငယ်ကျွန်တော် ဒဏ်ရာများကို အရိပ်တကြည့်ကြည့်လုပ်နေခဲ့ပါသည်။ အစိုင်အခဲအကြီးကြီးမှ အမှုန်အမွှားများဖြစ်သွားသည်အထိ တစ်စစီထိုင်ခွဲနေမိသည်။ radioactive material များ၏ ရှည်ကြာသော half-life ကို မိဘများဆုံးသွားခြင်းကြောင့်ဖြစ်သော စိတ်ဒဏ်ရာက အမီလိုက်နိုင်ပါသည်။ အစိုင်အခဲကြီးများသည် အစိုင်အခဲငယ်များဖြစ်သွားရန် ကြာမြင့်ခဲ့ပါသည်။
အမတ်တစ်ယောက်သည် ပြည်နယ်တစ်ခုကို ကိုယ်စားပြုလျှင် သား၊သမီးတစ်ယောက်သည် မိဘနှစ်ပါးကို ကိုယ်စားပြုသည်ဟု ကျွန်တော်ယူဆပါသည်။ အထီးကျန်မှုနှင့်အတူပါလာတတ်သော Mood Swings များသည် ကျွန်တော်တို့ကို အသေမသတ်နိုင်ပါ။ ကိုယ့်ကိုအသေမသတ်နိုင်သောအရာများသည် ကိုယ့်ကို ကြံ့ခိုင်စေသောအရာများဖြစ်စေသည်ဟုပြောခဲ့သော နစ်ရှေး၏စကားသည် ထိုနေရာတွင် မှန်ကန်ဖွယ်ရှိပါသည်။ ရှင်သန်နေထိုင်စဉ် မိဘများ၏ ဆန္ဒကောင်းများကို အကောင်အထည်ဖော်ခြင်းသည် အဓိပ္ပာယ်ရှိသည်ဟု ကျွန်တော်မှတ်ယူပါသည်။ ဒဏ်ရာများမပျောက်ကွယ်သွားသည့်တိုင်အောင် ဒဏ်ရာများနှင့် အဆင်ပြေပြေနေထိုင်တတ်လာလျှင် ဘဝသည် အတော်ကြီးနေသားကျသည်ဟုထင်မိသည်။
“Pain is inevitable. Suffering is optional.” ဟရုကိမူရာခမိကပြောသည်။ ဘုရားဟောရှိသည့် ကိုယ်ပင်နာသော်လည်း စိတ်မနာအောင်နေဟူသော အဆုံးအမ၏ ဂျပန်ဗားရှင်းဖြစ်မည်ထင်သည်။ ဒဏ်ရာများနှင့်အတူနေနိုင်လာလျှင် ထိုဒဏ်ရာများအတွက် စိတ်သောကရောက်နေစရာမလိုအပ်တော့ခြင်းသည် ထိုဒဿန၏ အောင်မြင်မှုတစ်ရပ်ဖြစ်မည်ထင်သည်။ မိဘဆုံးခြင်းထက် ပိုသော လစ်ဟာမှုသည် လောကတွင်မရှိသလောက်ပင်ဖြစ်သည်။ ထို့အတွက် စိတ်၏သဘာဝအရ အကျယ်ချဲ့လိမ့်မည်။ ထိုအကျယ်ချဲ့မှုနောက်ကိုမလိုက်ဘဲ အသင့်အတင့်နှလုံးသွင်းထားလျှင် သက်သာလိမ့်မည်။ လောကတွင် တန်ဖိုးရှိသော အရာများစွာ လုပ်စရာရှိသေးသည်။ မည်မျှ ဝမ်းနည်းသည်ဖြစ်စေ အုတ်ဂူရှေ့တွင် မိနစ်သုံးဆယ်ထက်ပိုပြီး ထိုင်နေရန်အချိန်မရှိပါ။ ကမ္ဘာကြီးသည် လူသားတစ်ယောက်ကို လူသားတာဝန်များပေးထားပါသေးသည်။
မသိခြင်းသည် ဒဏ်ရာများကို ပိုမိုနက်ရှိုင်းစေသည်ဟုထင်ပါသည်။ သေတတ်သောသဘောရှိသည့် သတ္တဝါမှန်သမျှကို မသေသောသဘောရှိသည်ဟု မှတ်ထင်နေသော စိတ်ကြောင့်၊ မိမိတို့ချစ်ခင်သူ ကွယ်လွန်သွားလျှင် စိတ်၏ ပြင်းထန်သော အင်နားရှားဖြစ်ရသည်။ မရဏာနုဿတိ တွင် မေ့လျော့ခြင်းသည် သေကွဲများ၏ ခံစားရမှုကို ပိုမိုနက်ရှိုင်းပြင်းထန်စေပုံရသည်။ ရှေ့လူ၏သေဆုံးခြင်းကိုသာ အာရုံစိုက်၏ မိမိ၏သေချိန်နည်းကပ်လာမှုကို ဂရုမပြုသူသည် မိုက်မဲသူဖြစ်လိမ့်မည်ထင်သည်။ မိုက်မဲသူတို့သည် အဝိဇ္ဖာတရားဖြင့်နေထိုင်ခြင်းကြောင့် သင်္ခါရတရားတို့ သဘောသဘာဝကို ပြောင်းပြန်မြင်လေသည်။
ငယ်စဉ်ကဆိုခဲ့ဖူးသော ဆာလံကျမ်းမှ အလွန်လှသော အဖွဲ့လေးကို အမေနှင့် အဖွား၏ ယပ်တောင်တွင် ရေးထွင်းထားသည်ကိုတွေ့ရသည်။ သေခြင်း၏အရိပ်လွှမ်းမိုးသော ချိုင့်ထဲသို့ လျှောက်သွားရသော်လည်း ဘေးအန္တရာယ်ကိုမကြောက်ပါ။
Even though I walk
through the darkest valley
I will fear no evil,
လူတိုင်းတွင် သူယုံကြည်ရာနှင့်သူ သွားကြလာကြရမည်ထင်ပါသည်။ ရှင်သူသည် သေသူများကို ဆက်လက်ကိုယ်စားပြုနေသေးသ၍ သေသူသည် တကယ်သေသူမဟုတ်တော့ပါ။ မိမိ၏စိတ်တွင် မိဘများ၏အဆုံးအမတည်နေသေးလျှင် မိမိအတွက်တော့ သူတို့သည် မသေကြသေးပါ။ စိတ်ထဲတွင် ရှင်သန်နေမြဲ၊ မိမိကို ချစ်ခင်နေမြဲဖြစ်ပါသည်။ Robert Frost ၏ miles to go before I sleep ဆိုသည့် ကဗျာစာသားလေးအတိုင်း မသေခင် လုပ်ရမည့်ကိစ္စများကို အကောင်းဆုံးလုပ်ဆောင်သွားခြင်းသည်သာ သေသူများကို အကောင်းဆုံးတုံ့ပြန်ကျေးဇူးဆပ်ခြင်းမည်လိမ့်မည်ထင်ပါသည်။ R.I.P Mother. R.I.P Grandma.
With Peace,
Zephyr