Animal Farm နဲ့ပဲစလိုက်ရအောင်။
Now, commrades, what is the nature of this life of ours? Let us face it, our lives are miserable, laborious and short. We are born, we are given just so much food as will keep the breath in our bodies, and those of us who are capable of it are forced to work to the last atom of our strength; and the very instant that our usefulness has come to an end we are slaughtered with hideous cruelty. No animal in England knows the meaning of happiness or leisure after he is a year old. No inimal in England is free. The life of an animal is misery and slavery: that is the plain truth.
ရဲဘော်တို့ ငါတို့ဘဝရဲ့ သဘာဝဓမ္မဟာ ဘာများပါလိမ့်။ ငါတို့(ရဲရဲတွေးပြီး) ရင်ဆိုင်ကြည့်လိုက်ကြရအောင်။ ငါတို့ဘဝတွေဟာ ဆိုးရွားစိတ်ပျက်စရာကြီးပဲ။ အလုပ်သိပ်ပင်ပန်းလွန်းပြီး သိပ်တိုတောင်းလွန်းတယ်။ ငါတို့တွေဟာ မွေးဖွားလာခဲ့ကြတယ်။ ခန္ဓာအိမ်ထဲကနေ အသက်မထွက်ရုံတမယ်လေး ရှင်သန်ဖို့ လိုအပ်တဲ့ မဝရေစာလေး ကျွေးတာ စားရတယ်။ ငါတို့တွေထဲမှာ အလုပ်လုပ်နိုင်တဲ့ကောင်က နောက်ဆုံး အင်အားလေး တစ်စက်လောက်ကျန်တဲ့အထိကို အတင်းအကြပ်အလုပ်ခိုင်းခံရတယ်။ ငါတို့ အသုံးမကျတော့တဲ့အခါမှာတော့ ငါတို့ဟာ မချိမဆန့် ရက်ရက်စက်စက် ကြမ်းကြမ်းကြုတ်ကြုတ် အသတ်ဖြတ်ခံကြရတယ်။ တစ်နှစ်သားအရွယ်ရောက်ရင် အင်္ဂလန်မှာရှိတဲ့ ဘယ်တိရစ္ဆာန်မှ ပျော်ရွှင်မှုနဲ့ အားလပ်ခြင်းရဲ့ အနှစ်သာရအဓိပ္ပာယ်ကို နားမလည်ကြတော့ဘူး။ အင်္ဂလန်မှာ ဘယ်တိရစ္ဆာန်မှ မလွတ်လပ်ဘူး။ တိရစ္ဆာန်ဘဝဟာ စိတ်ပျက်စရာကောင်းလောက်အောင်ဆိုးရွားပြီး ကျွန်ဆန်လွန်းတယ်။ ဒါဟာ သိပ်ရှင်းတဲ့ အမှန်တရားပဲ။
George Orwell ပေးချင်တဲ့ message ကို ၁၉၄၅ ကနေ ၂၀၁၃အထိ ကြာသွားတော့ ကျွန်တော်တို့ နားလည်ပုံဟာတစ်မျိုးဖြစ်နေနိုင်တယ်။ မူရင်းရသကို မခံစားနိုင်တော့တာမျိုးနဲ့တူပါရဲ့။ သို့သော်လည်း ကျွန်တော်တို့ခေတ်မှာလည်း အခက်အခဲဆိုတာတော့ရှိသေးတာပဲ။ ခေတ်အဆက်ဆက်က ဆင်တူတာတွေ အများကြီးရှိပါတယ်။ လူတန်းစားပြဿနာ၊ ငွေကြေးကိစ္စ၊ ပညာအရည်အချင်းကွာဟမှုစသဖြင့်တွေ။ အဖိနှိပ်ခံနဲ့ အုပ်ချုပ်သူဟာ အမြဲရှိကိုရှိတယ်။ ငြိမ်းချမ်းရေးအတွက် စစ်ပွဲနဲ့ အသက်ဆုံးရှုံးမှုဆိုတာ အစဉ်အဆက်ဖလှယ်ခဲ့ရတာမျိုးတွေပဲ။ သမိုင်းဟာ ချော်ထွက်မသွားဘူး။ အာဏာရှင်ဟာ အာဏာရှင်လို ပြုမူနေတုန်းပဲ။ လူ့သမိုင်းအတွက် လုံလောက်တဲ့သူပုန်မွေးထုတ်မပေးနိုင်တာကိုက အာဏာရှင်စနစ်ကြာရှည်တည်တံ့ဖို့ဖြစ်လာတာပါပဲ။ ကာကွယ်ရေးအင်အားစုဆိုတဲ့နေရာကနေ အုပ်ချုပ်ရေးအင်အားစုဖြစ်ချင်လာတာ အာဏာရဲ့သဘောသဘာဝပဲ။ လူများစုကို ထိန်းချုပ်နိုင်လာရင် လူဟာ သူ့ရဲ့ စွမ်းအားကို စမ်းသပ်ဖို့၊မြှင့်တင်ဖို့ သင့်တာတွေရော၊ မသင့်တာတွေပါ စလုပ်လာတာပါပဲ။
မြန်မာပြည်မှာ စာမတတ်ပေမတတ် စစ်အုပ်ချုပ်ရေးကဝိများရဲ့ မဟာ အမြော်အမြင်နဲ့၊ မဟာကရုဏာတော်ပေါင်းစပ်ပြီး ဖော်ထုတ်လမ်းညွှန်ပေးလိုက်တဲ့ ပညာရေးဆိုလည်း မြောင်းထဲက ပြန်မတက်နိုင်တော့ဘူး။ ရုံးတွေမှာလည်း ဘွဲ့ရကဝင်ရင် သူကောင်းပြုခံရဖို့ မသေချာတော့ဘူး။ မိုးကျရွှေကိုယ်က ရွှေဘီပိုးရှိလာရင် နတ်ပြည်ကနေ ရုံးတွေရဲ့ အမြင့်ဆုံးခုံပေါ် ခွေးကျမကျ၊ ကြောင်ကျလေးကျကျလာတာ အံ့မခန်းတွေ့နေရတာပဲ။ အခုလို (အဟမ်း အဟမ်း) ဒီမိုကရေစီခေတ်ဆိုတာကြီးရောက်လာသော်လည်း မိုးကျရွှေကိုယ်တော်ဘီပိုးတွေကို ရုံးတွေက ဖယ်ရှားတာမတွေ့သေးဘူး။
FBI ခေတ်ကောင်းစဉ်က နိုင်ငံရေးမှာ တရားဝင် ခလောက်ဆန်ခွင့်ရခဲ့တာကို ကြည့်ရင် အဖွဲ့အစည်းတွေ အင်အားကောင်းနေရင် လွယ်လွယ်နဲ့ထိန်းချုပ်လို့မရဘူးဆိုတာသိနိုင်တယ်။ သိုင်းလောကဥပမာလို၊ ကျန်လုဂိုဏ်းသားများဟာ ချို့တဲ့စုတ်ပြတ်ပုံပေါ်သော်လည်း သိုင်းလောကမှာတော့ လူအများဆုံးအဖွဲ့အစည်းမဟုတ်လား။ ဂိုဏ်းချုပ်တွေကလည်း ခွေးရိုက်တုတ်သိုင်းကို အစဉ်အဆက် လေ့ကျင့်ရည်ပြည်ဝတော့ ဂိုဏ်းချုပ်တစ်ယောက် ဇလုံထဲလက်ဆေးလိုက်တာနဲ့ နောက်တစ်ယောက်က ခွေးရိုက်တုတ်ကိုင်ပြီးသားဖြစ်ဖြစ်နေတာမျိုး။ ခွေးရိုက်တုတ်ကိုင်ပြီး သိုင်းလောကအကျိုးဆောင်သလား၊
ဘုန်းကြီးဗုံးခွဲသတ်သလားဆိုတာတော့မသိနိုင်ဘူး။ ကျန်လုဂိုဏ်းရဲ့ ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်တယ်။
တပည့်တွေကတော့ ဆရာခိုင်းလိုက်ရင် ပိုပိုသာသာလေးလုပ်ပေးကြတယ်ထင်ပါရဲ့။ ဂျီးဇက် (အမှန်တော့ ယေရှုဆိုတာကမှ အသံထွက်မှန်နဲ့ပိုနီးစပ်တယ်။ သာမန်အင်္ဂလိပ်များဟာ ဘကြီးယု(ယုဒသန်)လောက်တော့ လက်တင်အခြေခံရှိပုံမရဘူး။ ယာဝေကိုတောင် ဂျဟောဝါဖြစ်အောင်ထွက်တာကိုကြည့်ရင် တော်တော်လွဲသွားကြတယ်ထင်မိတယ်။) အရိုက်အနှက်ခံရတဲ့ ဇာတ်လမ်းကို ပြန်ထောက်ရှုရင် ပီလာတူးမင်းက တပည့်တွေကို နည်းနည်းလောက် အနှိပ်စက်ပြပြီး ပြန်လွှတ်ဖို့ကြံပေမယ့်၊ ဆရာ့စေတနာကို မမြင်တဲ့ တပည့်က သူ့တပည့်တွေကို ဒီငနဲကို ကောင်းကောင်းဆုံးမလိုက်စမ်းလို့ ပြောလိုက်တယ်ထင်ပါရဲ့။ သေမတတ်ဖြစ်သွားတာပဲ။ ပြောချင်တဲ့ဥပမာကတော့ အထက်လူ၊အောက်လူရှိပြီး၊ အထက်လူကအောက်လူနားလည်အောင် မပြောတတ်ရင် အောက်လူရဲ့စေတနာပိုမှုကို ကံဆိုးသူများ ပိုခံရတတ်တယ်ဆိုတာပါပဲ။ သွေးဆူလွယ်၊ သွေးအေးလွယ်တဲ့နိုင်ငံမှာဆိုတော့ ဘုန်းကြီးမီးလောင်ဇာတ်ကားပြီးသွားရင် ကချင်စစ်ပွဲဆက်ကြည့်နေလိုက်တာပဲ။ မလေးရှားတို့၊ အင်ဒိုနီးရှားတို့မှာ ဗလီဆရာကို မီးရှို့လိုက်ရင်တော့ အစိုးရမလွယ်လောက်ဘူးထင်မိတယ်။
ဘိုသံပီသတဲ့ ကိုမြအေးသမီးလေးကိုကြည့်၊ ဒီမိုကရေစီခေါင်းဆောင်ပေါက်စလေး၊ ကြီးကြီးစုထက်တောင် ဘိုလိုပီသေး၊ မြန်မာ့အနာဂတ်အတွက် စိတ်အေးရပြီဆိုပြီးချီးကျူးခဲ့ကြပေမယ့် အခုကြတော့ ယောက်မကိုတစ်ကလုတ် လုပ်ပြီး အဖေကိုထောင်ချပေးတဲ့ ယူနီဖောင်းကိုတောင် မချစ်ဘူး၊ နိုင်ငံဖြတ်ကူး ဘင်္ဂါလီကိုအချစ်ပိုတယ်ဖြစ်ကုန်ပြီ။ ဒါမျိုးကို ပေါရာဏမှာတော့ ဖားခုန်ဖားဆင်း လို့ပြောလို့ရတယ်။ မညီမညွတ်ဖြစ်တယ်ပေါ့။ ရှေ့တုန်းကတော့ အဖေ့ကိုလွှတ်ပေးပြောတယ်။ လွှတ်ပြီးတော့ ကျန်တဲ့ အဖေတွေကို နိုင်ငံပေးပါဖြစ်လာတာပဲ။ ကိုမြအေး သူ့သမီးအကြောင်းစာအုပ်ထုတ်ရင်တော့ ဝယ်ဖတ်ဦးမယ်စိတ်ကူးတယ်။
အာရှမှာ ကိုလိုနီဖြစ်ဖူးတဲ့ နိုင်ငံများဟာ အနောက်တိုင်းသားတွေကို အလိုလိုကို လေးစားကြည်ညိုနေတော့တာပဲ။ ကိုယ့်မြန်မာလူမျိုး ဗျစ်တသျှလိုမပြောတတ်ရင်တောင် လေးစားစရာမဖြစ်ဘူးဖြစ်ကုန်တော့တာပဲ။ ဒါကိုနားလည်လို့ ပေါက်ဖော်ကြီးများဟာ ဘယ်တော့မှ ဘိုလိုမတော့ခ်ဘူး။ စကားပြန်နဲ့ပဲပြောကြတယ်။ ဒါဟာ ပိုသင့်တော်တာပဲ။ ပေါက်ဖော်ကြီးများဟာလည်း လွန်ခဲ့တဲ့ နှစ်တစ်ရာကလို ဘိန်းစွဲပြီး သာယာနေဖို့လောက်ကို မကျေနပ်နိုင်တော့ဘူး။ အန်ကယ်ဆမ်ရဲ့ စားတော်အုပ်ကို မျက်စောင်းထိုးနေပြီ၊ စူပါပါဝါတွေ အတွင်းအားပြိုင်ရင် တစ်ယောက်က ဒုက္ခိတဖြစ်ပြီး၊ တစ်ယောက်ကသေတာပဲ။ နှစ်တစ်ထောင်အတွင်းအားတိုးဆေးမြစ်တွေကို ဆေးဆိုင်တွေမပို့ဘဲဖင်ခုထိုင်ထားတော့ ငွေကြပ်တုန်း ဆေးမြစ်ရောင်းထားတဲ့ သိုင်းဥသျှောင်ကြီးက ဒုက္ခရောက်ရတယ်။ သေချာတာတော့ ၂၀၁၃ဟာ ဖင်ခုထိုင်ထားတဲ့ ဆေးမြစ်များရဲ့နှစ်ပါပဲ။
ဖေ့စ်ဘွတ်ခ်မသုံးရတဲ့တရုတ်ပြည်၊ ငိုစရာရှိရင် တစ်ပြိုင်နက်ငိုကြတဲ့ မြောက်ကိုးရီးယား၊ ၁၀ရှိရင် ၄ ကျပ်ဖိုးလက်နက်ဝယ်မယ့်စင်ကာပူ၊ ငလျင်ဇုံထဲ စိတ်ချလက်ချနေကြတဲ့ နေမင်းသားတော်တွေရဲ့ ဂျပန်ပြည်၊ မုန်တိုင်းတွေ အလည်အပတ်လာလွန်းတဲ့ဖိလစ်ပိုင်၊ ပိုက်ဆံပွတွေကို ပြန်ချုံ့တော့မယ့် အင်ဒိုနီးရှား၊ အလားအလာကောင်းသောင်းခြောက်ထောင်နဲ့ခုနစ်ခုကို ရင်မှာပိုက်ပြီး ဖောင်ဒေးရှင်းမချဘဲ မိုးထိတိုက်ဆောက်ဖို့စိုင်းပြင်းနေတဲ့မြန်မာပြည်၊ ဒီနှစ်လယ်အတွင်း အာရှကို လမ်းလျှောက်ထွက်လာနိုင်တဲ့ စီးပွားရေးနှေးကွေးမှု အဘိုးအို၊ အာရှအတွက် ပျော်စရာသိပ်ကောင်းတဲ့ နှစ်တစ်နှစ်ဖြစ်မယ်ထင်ပါတယ်။
၂၀၁၃ တောက်တိုမယ်ရလို့ ဒီပို့စ်ကို နာမည်ပေးရင် သင့်မယ်နဲ့တူပါရဲ့ဗျာ။ ။
Regards,
The Gardener
Saturday, March 2, 2013
Friday, March 1, 2013
သောကြာရက်လွန်ဗေဒ
သောကြာရက်လွန်ဗေဒ
တိတ်ဆိတ်ခြင်းထဲတိုးဝင်နေလိုက်ရင် ပြန်ထွက်လို့မရတော့ဘူး။ လောကမှာ နောက်လှည့်လို့မရတဲ့ မြှုံးဆန်လမ်းသွယ်လေးတွေများလွန်းတယ်။ လမ်းသွယ်လေးတစ်ခုစီတိုင်းမှာ သင်္ကေတလေးတစ်ခုစီရှိတယ်။ ဖတ်ကြည့်လို့မရနိုင်ဘူး။ စိတ်နဲ့နားလည်ပြီးသိလိုက်ရုံနဲ့ လမ်းအကြောင်းသဘောပေါက်သွားတာမျိုး။
သူကတော့ အမှောင်ကို ရောင်စုံခြယ်နေမိတယ်။ အစိမ်းရောင်အမှောင်၊ ခရမ်းပြာအမှောင်၊ မင်ရေကြဲနေတဲ့အမှောင်၊ ပိန်းပိတ်ထူထပ်သွေ့ခြောက်လွန်းတဲ့အမှောင်၊ ဆိုးသွမ်းပိတ်ဆို့မွန်းကြပ်အမှောင် စသဖြင့်ပေါ့။ အဲဒီဆေးရုံကို သူတို့တက်ကြတာဟာ ရူးနေလို့မဟုတ်ဘူး။ အိမ်မပြန်ချင်တာနဲ့ ရူးချင်ယောင်ဆောင်နေကြတာတဲ့။ ဖတ်လက်စ စာအုပ်ထဲက အမှောင်က ပြောတယ်။ ချစ်သူက တစ်ခြားအမျိုးသမီးကြီးကို ချစ်ပြီး ဂရိက ကျွန်းမှာ အပန်းဖြေနေတယ်။ ကျွန်တော်လိုက်သွားရဦးမယ်။ လေယာဉ်ပျံလက်မှတ်အသွားအပြန်ကို Miu ဆိုတဲ့ မိန်းမကြီးကပေးမယ်တဲ့။ သူတို့သုံးယောက်ရဲ့ ဇာတ်ရှုပ်ကို ကျွန်တော် သကြားလုံးခွဲရင်း ဖတ်နေတာ တစ်ပတ်လောက်ရှိပြီ။ မိန်းမနှစ်ယောက်ချစ်ကြတာကို ယောကျာ်းတစ်ယောက်က ဖတ်ကြည့်ဖို့လိုသလားလို့ ကိုဟီရိနဲ့ မသြတ္တပ္ပကမေးရင် ကျွန်တော့်မှာ ဖြေစရာမရှိဘူး။ အချိန်တွေပိုနေလို့ပါဗျာလို့ပဲ ခပ်လေးလေးဖြေလိုက်ရမှာပဲ။ မိန်းမနေမကောင်းတဲ့အခါ နွားနို့ကျိုတိုက်ဖို့ကလွဲရင် ဘာအလုပ်မှမရှိဘူး။ ရုံးအလုပ်လည်းပြောပလောက်အောင်မများဘူး။ ခြောက်လလောက်ကြာရင် ရုံးတစ်ရုံးမှာ သိစရာကုန်သွားတာပဲထင်တယ်။
ငှက်တွေက မပျံတတ်ခင် မုန်တိုင်းကရောက်လာတယ်။ ရေလျှံနေတဲ့ကွင်းပြင်ထဲ၊ လေပြင်းတိုက်နေတဲ့ ကွင်းပြင်ထဲ၊ မပျံတတ်တဲ့ ငှက်တွေ ခိုရာမဲ့နေတာတွေ့တယ်။ ကျွန်တော့်အိမ်မက်ထဲမှာပေါ့။ သေခြင်းတရားဟာ တစ်ချို့ဒုက္ခတွေထက်တော့ ပေါ့ပါးသေးတာပဲထင်မိတယ်။ သိပ်ပျင်းလာရင် လူတွေဟာ သတ်သေကြတယ်ထင်တယ်။ နောက်ထပ် အသစ်တစ်ခုမရနိုင်တော့မှန်း သေချာသွားတဲ့နေ့ရောက်တဲ့အခါ ဒီလိုပဲ ထွက်စို့ခေါ်ပြီးထွက်သွားကြတာပဲ။ တိမ်တွေပြာတဲ့နေ့တွေ၊ တိမ်တွေဝါတဲ့နေ့တွေ၊ နေမသာတဲ့နေ့တွေ၊ မိုးရွာတဲ့နေ့တွေ၊ ငှက်တွေဘယ်ရောက်ကုန်သလဲ။ ဘရာဇီးက Blu ဆိုတဲ့ငှက်ကလေးကို ဖမ်းသွားခဲ့တဲ့သူတွေလို လေယာဉ်တစ်စီးနဲ့ ဘယ်ကနေပေါက်ချလာမှန်းမသိ ဗြုန်းခနဲရောက်လာပြီး၊ တွေ့သမျှ ငှက်တွေ အကုန်ဖမ်းသွားကြတာမျိုးလား။ ရေတွေကြီးပြီး၊ လေပြင်းတွေတိုက်နေတယ်။ မပျံတတ်တဲ့ငှက်တွေ အော်နေတာ အော်ပရာတစ်ခုလား၊ ချုံ့ထားတဲ့ ငရဲငယ်တစ်မျိုးလား။ ဂျွန်ဒန်းဗားရဲ့ အန်းနီရဲ့သီချင်းလာနေတယ်။ ကျွန်တော့်ခေါင်းထဲမှာပဲပေါ့။ ပြဿနာတွေရော၊အဖြေတွေရော၊ အခြေအနေရော၊ရှုပ်ထွေးမှုတွေရော Annie ရော။
သေသူတွေကို သတိရဖို့၊ ရှင်သူတွေကို မေ့ပစ်ဖို့ စက္ကန့်တံလေး ကြိုးစားနေသလိုမျိုး၊ တစ်ပတ်ပြီးတစ်ပတ်၊ မေ့သွားနိုင်မယ့် နှစ်ကာလတွေ ရောက်သွားတဲ့အထိ၊ လှိမ့်ဆင်းလိုက်၊ ပြေးတက်လိုက်ပါပဲ။
စိတ်ကူးပေါက်တဲ့နေ့ ရေကူး၊ စိတ်ကူးပေါက်တဲ့နေ့ အပြေးဖိနပ်စီး၊ စိတ်ကူးပေါက်တဲ့နေ့ ကဗျာရေး၊ စိတ်ကူးပေါက်တဲ့နေ့ စိတ်ကူးပေါက်ဖို့ကြိုးစား။ ဘဝဟာတိုတိုလေး၊ ဇာတ်လမ်းတွေက ရှည်လွန်း။
ဂျက်ဇ်ပီယာနိုသမား Ray Bryant ကတော့ မနက်မနက် ပီယာနိုလေးနဲ့ Good Morning Heartache သီချင်းကိုတီးနေတတ်တယ်။ တစ်ချက်တစ်ချက် Billie Holiday ရဲ့ အသံကိုကြားသလိုလိုဖြစ်နေတယ်။ ထင်ယောင်မှားမှုတွေနဲ့တည်ဆောက်ထားတဲ့ အခန်းကျဉ်းနဲ့ ကျွန်တော့်ဦးနှောက်ရဲ့ ဆယ်ရီဘရမ်နဲ့တူနေပြီလား။ မတွေးတတ်ဘူး။ အမှောင်တွေကို နည်းနည်းအရောင်မြှင့်ထားလိုက်ပါ။ နွေးသွားတာပေါ့လို့ တစ်ယောက်ယောက်ကပြောနေသလိုဖြစ်နေတယ်။
ကလေးလေးတစ်ယောက်က သူ တိမ်တွေကို ဖန်ပုလင်းထဲထည့်ထားလို့ရမလားလို့မေးတယ်။ သေချာကြည့်တော့ ကျွန်တော်ငယ်တုန်းကပုံဖြစ်နေတယ်။ ပုလင်းထဲမှာ ငါးတွေတောင်မပျော်ဘူး။ တိမ်တွေပျော်ပါ့မလားဆိုတော့ အဲဒီကလေးလေး ငိုပြီးပြန်သွားတယ်။ အမှန်ဆို တိမ်တွေအတွက် လုံလောက်အောင်ကျယ်ဝန်းတဲ့ ပုလင်းတစ်လုံးလောက် ကျွန်တော်ရှာပေးလိုက်ဖို့ကောင်းတယ်။ ကျွန်တော့်ရဲ့ချွတ်ယွင်းချက်လား၊ ဖန်ချက်ဝန်ကြီးရဲ့ပေါ့ဆမှုလားမသိဘူး။ တိမ်တွေကံကောင်းသွားတာလည်းဖြစ်နိုင်သေးတယ်။
ကြိမ်လုံးတစ်လုံး၊ မှင်နီတစ်ချောင်းနဲ့ ကျောင်းရောက်လာတဲ့ဆရာမဆီက ဘာတွေများမျှော်လင့်နိုင်မလဲ၊ လေ့ကျင့်ခန်းစာအုပ်မှာ အနီရောင်၊ လက်ဝါးမှာ အရှိုးရာ၊ အလွန်ဆုံး ဒီလောက်ပါပဲ။
သမ္မာကျမ်းစာ (holy ကို သမ္မာလို့ ဘာသာပြန်တာ ဘကြီးယုပဲရှိသေးတယ်။) ထဲမှာပါတဲ့ ရှံဆုန်လို ဒေလိယကို ယုံလွန်းတော့ နောက်ဆုံး ဘဝပျက်၊မျက်စိကန်း၊ သေဖို့ဖြစ်လာတာပဲ။ ဆံပင်တွေဆီက ခွန်အားပျောက်ပြီး ကျွန်ဘဝရောက်တာပဲ။ မြေခွေးအမြီးမှာ မီးလောင်နေတဲ့ အဝတ်စ၊ တစ်ကြိမ်က သယ်မထွက်လာတဲ့ မြို့တံခါး၊ ဖျစ်ညှစ်သတ်ခဲ့တဲ့ ခြင်္သေ့၊ အခုတော့ အိမ်မက်များလို။ ရှံဆုန်တစ်ယောက် မျက်စိကန်းနေပြီး ဒယိမ်းဒယိုင်ဖြစ်နေတဲ့အခန်းကို ဘာရယ်မဟုတ်သတိရနေမိတယ်။ ရှံဆုန်အတွက်တော့ ဒေလိယဟာ အသက်နဲ့ရင်းလိုက်ရတဲ့ ကဗျာတစ်ပုဒ်ပေါ့။ ချိုပါတယ်။
မနက်ဖြန်ရဲ့အရောင်ဟာ မီးခိုးရောင်ပဲ။ ဖြူသွားမလား၊ မည်းနက်သွားမလား၊ စောင့်ကြည့်နေရင်း မိုးချုပ်သွားလိမ့်မယ်။ ။
Regards,
Zephyr

Thursday, February 28, 2013
အပြုံး
အပြုံး
http://www.youtube.com/watch?v=UN8oLGBNXpE
Nat King Cole ရဲ့ အပြုံးကိုနားထောင်ရင်း စိတ်ကိုရွက်လွှင့်နေမိတယ်။
Smile though your heart is aching
Smile even though it's breaking
When there are clouds in the sky, you'll get by
If you smile through your fear and sorrow
Smile and maybe tomorrow
You'll see the sun come shining through for you
အသည်းနာနေရင်တောင် ပြုံးလိုက်ပါ
အသည်းကွဲနေရင်လည်းပြုံးလိုက်
ကောင်းကင်မှာတိမ်တွေနဲ့ရှုပ်ထွေးအုံ့မှိုင်းနေလဲ၊ အရှိအတိုင်းလက်ခံပြီးဖြတ်သန်းလိုက်၊
ကြောက်ရွံ့စိုးရိမ်စရာတွေ၊ ဝမ်းနည်းစရာတွေကြုံနေတုန်း ပြုံးလိုက်နိုင်ရင်
ပြုံးနေရင်း
မနက်ဖြန်လောက်မှာ
လင်းပတဲ့နေမင်း မင်းအတွက် ရောင်ခြည်ဖြာလာတာကို
တွေ့ရလိမ့်မယ်။
Light up your face with gladness
Hide every trace of sadness
Although a tear may be ever so near
That's the time you must keep on trying
Smile, what's the use of crying?
You'll find that life is still worthwhile
If you just smile
ပျော်ရွှင်ကြည်နူးမှုနဲ့ မျက်နှာကို ကြည်လင် လင်းပအောင်ထားလိုက်
ဝမ်းနည်းစရာအရိပ်အမြွက်တွေကိုဖွက်ထားလိုက်
ငိုချင်လွန်းလို့ တားမရဆီးမရ တိုးထွက်လာတော့မယ် မျက်ရည်စတွေနဲ့ သိပ်နီးကပ်နေတဲ့ စိတ်အခြေအနေမှာ
အဲဒီအချိန်လေးမှာ မင်းဆက်ပြုံးဖို့ကြိုးစားလိုက်စမ်းပါ၊
ပြုံးလိုက်ပါ၊ ငိုနေတာ ဘာအသုံးကျမှာလဲ၊
မင်း ပြုံးလိုက်ရုံနဲ့၊
ဘဝဟာ နေပျော်သေးတယ်ဆိုတာကို နားလည်သွားမှာပဲ။

ဘဝဟာ နေပျော်သေးတယ်ဆိုတာကို နားလည်သွားမှာပဲ။ ။
ငိုချင်စရာကောင်းတဲ့ အပြုံးအကြောင်းသီချင်း။ ကိုနတ်တို့ကတော့ အဆိုပိုင်တယ်။ နားထောင်နေရင်း jazz ဂီတရဲ့ အရိပ်အောက်မှာ စိမ့်ဝင်ပျော်ကျသွားလိမ့်မယ်။ လွမ်းစရာ၊ကြေကွဲစရာ တီးလုံးလေးကို ထပ်ကျော့ပြီး စိတ်ထဲမှာပဲ့တင်ထပ်စေတာကလည်း ဒီသီချင်းရဲ့ အလှတရားတစ်ခု။ Jazz ဂီတရဲ့ စစ်မှန်တဲ့ပေါင်းစပ်မှု၊ နူးညံ့မှု၊ ကြေကွဲမှု အစစ အရာရာ ပါတဲ့သီချင်းလေးတစ်ပုဒ်ပါပဲ။ ကျွန်တော့်ရဲ့ ဖေဖော်ဝါရီကို ပြည့်စုံစေခဲ့တဲ့ သီချင်းလေးပါပဲ။

Sunday, February 24, 2013
စင်ကာပူရဲ
စင်ကာပူရဲ
ပလာတာလေးစား၊ လခလေးရ၊ သက်သာခို၊ အပျင်းတစ်၊ ပညာအချင်းအချင်း တန်းမမီတဲ့သူတွေများ ရဲတပ်ဖွဲ့ထဲဝင်ကြလေသလား စဉ်းစားနေမိတယ်။ တီဗီဇာတ်လမ်းထဲမှာကလွဲရင် ဘာမှာမှ သုံးစားလို့ရပုံမပေါ်ဘူး။
စင်ကာပူနိုင်ငံသူတစ်ယောက် အနီလိုင်းမှာ ရထားစီးတယ်။ ပြည်ကြီး တရုတ်တစ်ယောက် (စလုံးအခေါ် PRC)ထိုင်နေတဲ့ရှေ့မှာ ရပ်ပြီးစီးလာတယ်။သူကလည်း မျက်မှန်သမားဆိုတော့ ရှေ့မှာထိုင်နေတာ အရူးလားအကောင်းလားသိပုံမရဘူး။ အနီလိုင်းကနေ အဝါလိုင်းပြောင်းစီးတော့ တရုတ်က ဘေးကလိုက်တယ်။ ရှေ့နားကသွားပြီး နောက်လှည့်ကြည့်လှည့်ကြည့်လုပ်တယ်။ အဝါလိုင်းတစ်လျှောက်လည်း လိုက်ကပ်နေတယ်။ ရှေ့မှာလာရပ်ပြီး နောက်သလိုပြောင်သလိုလုပ်တယ်။ အဝါလိုင်းကနေ အစိမ်းလိုင်းကိုပြောင်းစီးတော့လည်း ပြည်ကြီးတရုတ်က လိုက်လာတယ်။ အဲဒီတော့ သည်းမခံနိုင်တော့ဘူး။ MRT ဝန်ထမ်းတွေကိုတိုင်ပြီး ရဲခေါ်လိုက်တယ်။ ရဲလေးယောက်ရောက်လာတယ်။ ဘာဖြစ်လဲဆိုတာကို စာအုပ်စုတ်သေးသေးလေးနဲ့မှတ်ချက်ယူတယ်။ ဘာမှ ကိုယ်ထိလက်ရောက်မလုပ်ရင် ကျေအေးလိုက်ပါလို့ဆိုလိုချင်ဟန်တူတယ်။ အဲဒီအချိန်မှာ ပြည်ကြီးကတရုတ်က ရူးသလိုလိုဖြစ်သွားတယ်။ ပျော့ခွေသွားပြီး၊ လဲကျတယ်။ ပြန်ထူတော့လည်း ချွေးတွေသံတွေနဲ့။ သူဘာမှမသိဘူးပြောတယ်။ သူ့မှာ S pass ရှိတယ်လို့ဆိုတယ်။ စလုံးမကိုလှမ်းဆဲတယ်။ ရဲတွေမေးတော့လည်း သူဘာမှမသိဘူး။ ဘာမှမလုပ်ဘူးပြောတယ်။ အဲဒီနားမှာပဲ ပတ်နေတယ်။ နောက်ဆုံး ရဲစခန်းကိုသွားကြတယ်။ စလုံးမကိုတော့ တိုင်ချက်ဖွင့်ဖို့အချက်အလက်ယူထားလိုက်တယ်။ ပြည်ကြီးတရုတ်ကတော့ ကျနော်ဘာမှမသိဘူးဆိုတာနဲ့ကျန်ခဲ့တယ်။
ဖြစ်ရပ်ကို သုံးသပ်ကြည့်ရင် နည်းနည်းချောင်နေတဲ့ကောင်တွေရှိတယ်ဆိုတာကို သတိပြုဖို့ပါပဲ။ မိန်းကလေးများအနေနဲ့ လာပြီး ကြောင်တောင်တောင်လာလုပ်ရင် တွေ့တဲ့နေရာမှာတင် လည်းပစ်ညှစ်ပစ်ပါ။ ရဲကိုတော့ အားမကိုးပါနဲ့။ စင်ကာပူရဲ အသုံးမကျချက်က ၉ အထက်မှာရှိတယ်။ ဒီလိုညံ့ဖျင်းတဲ့ အစိုးရအဖွဲ့မျိုးများများရှိနေရင် နိုင်ငံ့ဘဏ္ဍာပြုန်းတီးတာပဲလို့ထင်မိတယ်။
Regards,
Z
(ခေတ္တ မှုခင်းသတင်းထောက်)